၂၀၁၀ ပြည့်နှစ်၌ ဆန္ဒပြသူများကို နှိမ်နင်းမှုနှင့် ပတ်သက်၍ ထိုင်းခေါင်းဆောင်ဟောင်းနှစ်ဦး စွပ်စွဲပြစ်တင်မှုအဆို ရင်ဆိုင်ရဖွယ်ရှိ

၂၀၁၀ ပြည့်နှစ်၌ ဆန္ဒပြသူများကို နှိမ်နင်းမှုနှင့် ပတ်သက်၍ ထိုင်းခေါင်းဆောင်ဟောင်းနှစ်ဦး စွပ်စွဲပြစ်တင်မှုအဆို ရင်ဆိုင်ရဖွယ်ရှိ
Published 25 February 2015

၂၀၁၀ ပြည့်နှစ်တွင် အစိုးရဆန့်ကျင် ဆန္ဒပြသူ ၉၀ ကျော် သေဆုံးစေခဲ့သော စစ်ဘက်က ဖြိုခွဲမှု၌ ၎င်းတို့၏ ပါဝင်မှုနှင့် ပတ်သက်၍ ထိုင်းခေါင်းဆောင်ဟောင်း နှစ်ဦးကို စွပ်စွဲပြစ်တင်မှုအဆို ပြုလုပ်သင့်ကြောင်း သြဇာကြီး ခြစားမှုတိုက်ဖျက်ရေး အဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။  ထိုင်းရှေးရိုး ဝါဒီများကို ထောက်ခံသော ဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ်ဝိဇ္ဇာဇီဝနှင့် သူ၏ ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူသက်သောင်ဆူဘန်တို့သည် လူရာပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာ ရစေခဲ့သော ယင်းဖြိုခွဲမှုကို ကြီးကြပ်မှုအတွက် အာဏာအလွဲသုံးစား ပြုမှုစွဲချက်များဖြင့် ရင်ဆိုင်ရသင့်ကြောင်း အမျိုးသားအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထိုင်းစစ်အစိုးရက ခန့်အပ်ထားသူများ လွှမ်းမိုးထားသည့် ပါလီမန်က ၎င်းတို့နှစ်ဦးတွင် အပြစ်ရှိကြောင်း တွေ့ရှိပါက သူတို့နှစ်ဦးသည် နိုင်ငံရေးနယ်ပယ်မှ ငါးနှစ် ပိတ်ပင်ခံရနိုင်ကြောင်း သိရသည်။အဘ်ဟီးဆစ်အစိုးရကို လနှင့်ချီ လမ်းပေါ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် ဧပြီနှင့် မေတွင် စစ်ဘက်က အင်အားသုံး ဖြိုခွင်းမှုကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသည့် ရှပ်နီအများအပြား သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံသည်လည်း စစ်ဘက်ကျောထောက်နောက်ခံပြု ဘုရင်မိသားစု ထောက်ခံသူများနှင့် ဘန်ကောက်မြို့မှ လူလတ်တန်းစားများက တစ်ဖက်၊ သက်ဆင်နှင့် သူ၏ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လက်တို့ကို ထောက်ခံသော ကျေးလက်နှင့် အလုပ်သမားလူတန်းစားတို့က တစ်ဖက် နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲခဲ့ကြသည်။ဆူသက်သည် ပြီးခဲ့သောနှစ်တွင် ယင်လက်အစိုးရကို ဖြုတ်ချနိုင်ရန် လမ်းပေါ်ထွက် ဆန္ဒပြမှုအား အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နှိမ်နင်းမှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးစလုံးက အမှားအယွင်း မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည်။ သို့သော် လက်နက်မဲ့ ရှပ်နီများနှင့် ဘေးမှကြည့်နေသူ အများအပြားသည် စစ်သားများ ပစ်ခတ်လိုက်သော ကျည်ဆန်များ ထိမှန်ခဲ့ကြောင်း၊ ဆေးဘက်ဝန်ထမ်းများနှင့် ပြည်ပဂျာနယ်လစ် နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အတိုက်အခံများ၊ ပညာရှင်များနှင့် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ ယခုစွဲချက်များသည် စွပ်စွဲပြစ်တင်သည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်ပြီး ပြစ်မှုဆိုင်ရာ စွဲချက် မဟုတ်ပေ။ အဘ်ဟီးဆစ်နှင့် ဆူသက်တို့သည် ယင်းစွပ်စွဲချက်များကို တုံ့ပြန်ဖြေရှင်းရန် ၁၅ ရက် အချိန်ရမည်ဖြစ်ကြောင်း သိရသည်။Ref:AFP

Most Read

Most Recent