ပျောက်ဆုံး ဆယ်ကျော်သက် မိန်းကလေးသုံးဦး ဆီးရီးယားသို့ ရောက်ရှိဖွယ်ရှိဟု ဗြိတိန်ပြောကြား

ပျောက်ဆုံး ဆယ်ကျော်သက် မိန်းကလေးသုံးဦး ဆီးရီးယားသို့ ရောက်ရှိဖွယ်ရှိဟု ဗြိတိန်ပြောကြား
Published 25 February 2015

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS) နှင့် သွားရောက်ပူးပေါင်းမည်ကို စိုးရိမ်ရသော လန်ဒန်မှ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက် မိန်းကလေးသုံးဦးသည် တူရကီကို ဖြတ်ကျော်၍ ဆီးရီးယားသို့ ဝင်ရောက်ခဲ့သည်ဟု ယူဆရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။အသက် ၁၆ နှစ်ရှိ ကာဒီဇာစူတာနာနှင့် အသက် ၁၅ နှစ်စီရှိသော ရှာမီမာဘီဂမ်နှင့် အမီရာအဘာစီ သူငယ်ချင်းသုံးဦးသည် လန်ဒန်ရှိ ဟိသရိုးလေဆိပ်မှနေ၍ တူရကီနိုင်ငံ အစ္စတန်ဘူလ်သို့ ဖေဖော်ဝါရီ ၂၄ ရက်နှောင်းပိုင်းတွင် ရောက်ရှိခဲ့သည်ဟု သိရသည်။ ၎င်းတို့အိမ်သို့ ပြန်လာရန်အတွက် သူတို့၏ မိသားစုများကလည်း လူသိရှင်ကြား တောင်းဆိုမှု ပြုလုပ်ခဲ့သည်။သူတို့သုံးဦးသည် တူရကီတွင် မရှိတော့ဘဲ ဆီးရီးယားသို့ ဝင်ရောက်သွားသည်ဟု ယူဆရသည့် အကြောင်းရင်းများရှိကြောင်း လန်ဒန်ရှိ စကော့တလန် ယာ့ဒ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တူရကီ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ယာ့ဒ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းမိန်းကလေး သုံးဦးသည် ပြီးခဲ့သော လေးရက် သို့မဟုတ် ငါးရက်ခန့်က ကီလက်နယ်စပ် ဖြတ်သန်းသည့်နေရာအနီး တူရကီမှ ဆီးရီးယားသို့ လူမှောင်ခိုကူးခြင်း ခံခဲ့ရကြောင်း ဘီဘီစီက ဆီးရီးယားနိုင်ငံထဲရှိ အမည်မဖော်သော သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။တူရကီကိုဖြတ်၍ ဆီးရီးယားသို့ သွားရောက်သော ဂျီဟတ်များအား ဟန့်တားမှုကို အပြည့်အဝ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု အနောက်နိုင်ငံ မဟာမိတ်များ၏ စွပ်စွဲခံရသည့် တူရကီက ဗြိတိန်သည် ယင်းမိန်းကလေးသုံးဦးနှင့် ပတ်သက်၍ အချက်အလက်များပေးရန် ပျက်ကွက်ခဲ့သည်ဟု အစောပိုင်းတွင် စွပ်စွဲခဲ့သည်။ စကော့တလန် ယာ့ဒ်ရဲတပ်ဖွဲ့ဖြင့် နာမည်ကျော်ကြားသော ဗြိတိန်သည် ယင်းမိန်းကလေးသုံးဦးကို လန်ဒန်မှ အစ္စတန်ဘူလ်သို့ ထွက်ခွာခွင့်ပေးခဲ့ပြီး သုံးရက်ကြာမှသာ မိမိတို့ထံ အကြောင်းကြားခဲ့သည်ဟု တူရကီ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဘူလင့်အရင်ဆီက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ဗြိတိန်နှစ်ဦးနှင့် ဂျာမန်တစ်ဦး ပါဝင်သော ယင်းမိန်းကလေးသုံးဦး ပျောက်သွားပြီး နောက်တစ်နေ့တွင် မိမိတို့က လန်ဒန်ရှိ တူရကီသံရုံးကို အကြောင်းကြားခဲ့ပြီး တူရကီ တာဝန်ရှိသူများက အကူအညီပေးခဲ့ကြောင်း စကော့တလန် ယာ့ဒ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းမိန်းကလေး သုံးဦးသည် အရှေ့လန်ဒန်ရှိ Bethnal Green Academy ၌ ပညာသင်ယူနေသူများဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကွပ်ကဲအဖွဲ့ခေါင်းဆောင် ရစ်ချက်ဝေါ်တန်က ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်သွေးကြွများနှင့် ပူးပေါင်းရန် သွားရောက်ခဲ့သော အနောက်နိုင်ငံမှ အမျိုးသမီး ၅၅ဝ ခန့်ရှိကြောင်း ခန့်မှန်းထားသည်။  
Ref:AFP 

Most Read

Most Recent