တိုယိုတာက ဟိုက်ဒရိုဂျင်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို ထုတ်ဖော်ပြသ

တိုယိုတာက ဟိုက်ဒရိုဂျင်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို ထုတ်ဖော်ပြသ
Published 25 February 2015

တိုယိုတာ ကားထုတ်လုပ်ရေးလုပ်ငန်း၏ ဥက္ကဌဖြစ်သူ အကီအိုတိုယိုဒါက ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံး ကားများကို ထုတ်လုပ်နေသည့် စက်ရုံကို ဖေဖော်ဝါရီ ၂၃ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် တိုယိုတာသည် ယခုနှစ် ဒီဇင်ဘာအကုန်တွင် Mirai အမည်ရ တံခါးပေါက်လေးခုပါသော ဆလွန်းကား အစီး ၇ဝဝ ကို ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ ဂျပန်ဘာသာတွင် အနာဂတ်ဟု အဓိပ္ပါယ်ရသည့် Mirai ကားများကို ၂ဝ၁၆ ခုနှစ်တွင် ကားစီးရေ ၂ဝဝဝ နှင့် ၂ဝ၁၇ ခုနှစ်တွင် ကားစီးရေ ၃ဝဝဝ အထိ တိုးမြှင့်ထုတ်လုပ်သွားရန်လည်း စီစဉ်ထားသည်။ ဟိုက်ဒရိုဂျင်လောင်စာသုံး Mirai ကားများသည် ရေခိုးရေငွေ့မှအပ အခြားမည်သည့် အရာကိုမျှ လေထုထဲသို့ ထုတ်လွှတ်မည် မဟုတ်ပေ။ဂျပန်နိုင်ငံ အလယ်ပိုင်း အိုင်ချီဒေသတွင်ရှိသော တိုယိုတာပိုင် မိုတိုမာချီစက်ရုံ၌ Mirai ကားများကို ထုတ်လုပ်နေပြီဖြစ်သည်။ Mirai ကားသည် မိုင်ပေါင်း ၄ဝဝ (ကီလိုမီတာ ၆၅ဝ) ကို လောင်စာထပ်ဖြည့်စရာ မလိုဘဲ တစ်ဆက်တည်း သွားနိုင်သဖြင့် ယင်းအကွာအဝေးသည် လျှပ်စစ်ကားများထက် သုံးဆ ပိုများနေသည်။ ထို့အပြင် ထိုကားများသည် အခြားဓာတ်ဆီကားများ ကဲ့သို့ပင် လောင်စာကို မိနစ်အနည်းငယ် အတွင်းမှာပင် ပြန်ဖြည့်နိုင်သည်ဟု သိရသည်။တိုယိုတာက ဂျပန်နိုင်ငံ၏ ဟိုက်ဒရိုဂျင် ကားအဖွဲ့အစည်း တည်ဆောက်ရေး သမိုင်းဝင်ခြေလှမ်းသစ်တစ်ခု လှမ်းနေပြီဟု ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။လောင်စာဆဲလ် နည်းပညာသုံး ကားများသည် ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓာတ်ပြုမှုမှ ထွက်ရှိလာသည့် စွမ်းအင်ဖြင့် မောင်းနှင်ကြသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ယင်းကားများမှ ထွက်ရှိသော အခိုးအငွေ့များသည် ရေကဲ့သို့ပင် အန္တရာယ်မရှိကြောင်း သိရသည်။ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့် ကားများထုတ်လုပ်ရာတွင် ဂျပန်ကား ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သည့် တိုယိုတာ၊ နစ်ဆန်းနှင့် ဟွန်ဒါတို့က ဦးဆောင်နေသည်။             Ref:AFP 

Most Read

Most Recent