တက္ကသိုလ် ပြဇာတ်တွင် တော်ဝင်မိသားစုအား စော်ကားမှုအတွက် ထိုင်းလူငယ်နှစ်ဦးကို ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်

တက္ကသိုလ် ပြဇာတ်တွင် တော်ဝင်မိသားစုအား စော်ကားမှုအတွက် ထိုင်းလူငယ်နှစ်ဦးကို ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်
Published 23 February 2015

ထိုင်းစစ်အစိုးရသည် အငြင်းပွားဖွယ် တော်ဝင်မိသားစု အသရေဖျက်မှု ဥပဒေကို အသုံးပြု၍ အစိုးရနှင့် သဘောထား ကွဲလွဲသူများအား နှိမ်နင်းမှု တိုးမြှင့်ပြုလုပ်နေစဉ် တက္ကသိုလ်ပြဇာတ် တစ်ခုတွင် တော်ဝင်မိသားစုကို အသရေဖျက်သည်ဟု စွပ်စွဲခံရသော ထိုင်းလူငယ်နှစ်ဦးသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခံခဲ့ရကြောင်း သိရသည်။အသက် ၂၃ နှစ်ရှိ ကျောင်းသားပါတီ ဝပ်ဆာရိုင်ယဲနှင့် အသက် ၂၆ နှစ်ရှိ တက်ကြွလှုပ်ရှားသူ ပွန်တစ်မန်ကောင်တို့သည် ပြီးခဲ့သော သြဂုတ်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် တော်ဝင်မိသားစုကို အသရေဖျက်မှု၌ အပြစ်ရှိသည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် သရော်ပြဇာတ် တစ်ပုဒ်ဖြစ်သော The Wolf Bride ကို ဖျော်ဖြေခဲ့ပြီးနောက် တစ်နှစ်နီးပါး အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးအား ကနဦးတွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သော်လည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့၍ ထောင်ဒဏ်ထက်ဝက် လျှော့ချပေးခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ရှိ ရတ်ချာဒါ ရာဇဝတ်မှု တရားရုံးမှ တရားသူကြီးတစ်ဦးက ပြောကြားခဲ့သည်။ ပြဇာတ်တွင် ၎င်းတို့နှစ်ဦး ပါဝင်ခဲ့သည့် အခန်းကဏ္ဍသည် တော်ဝင်မိသားစုကို အလွန်အမင်း ထိခိုက်စေခဲ့ပြီး ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးရန်အတွက် အကြောင်းပြချက် မရှိခဲ့ကြောင်း ယင်းတရားသူကြီးက ပြောကြားခဲ့သည်။၁၉၇၃ ခုနှစ် အောက်တိုဘာတွင် စစ်အစိုးရ၏ ရက်ရက်စက်စက် ဖြိုခွဲခံခဲ့ရသော ဒီမိုကရေစီ လိုလားသည့် ကျောင်းသားဆန္ဒပြမှု အနှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် ဘန်ကောက်ရှိ သမားဆက်တက္ကသိုလ်တွင် ယင်းပြဇာတ်ကို ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူ နှစ်ဦးသည် ယင်းပြဇာတ်နှင့် ပတ်သက်၍ စွဲချက်တစ်ခုစီ စွဲဆိုခံရခြင်းဖြစ်သည်။ ယခု စီရင်ချက်ကို သူတို့နှစ်ဦးက အယူခံဝင်မည် မဟုတ်ဟု ၎င်းတို့၏ရှေ့နေ ပါဝီနီချမ်ဆရီက ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့သည် ယင်းပြဇာတ်တွင် ပါဝင်ခဲ့သည့် အခြားခြောက်ဦးထက် မနည်းကိုလည်း လိုက်လံရှာဖွေနေကြောင်း သိရသည်။ ၎င်းတို့ ခြောက်ဦးအနက် နှစ်ဦးထက်မနည်းသည် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။ယင်းအငြင်းပွားဖွယ် တရားစွဲဆိုမှုများသည် ထိုင်းစစ်တပ်က ပြီးခဲ့သော မေတွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြင့်တက်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် တော်ဝင်မိသားစုကို ကာကွယ်ပေးသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်၍ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေကြောင်း ရှုမြင်ခံရသည်။ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ယင်းဥပဒေနှင့် ပတ်သက်၍ လူ ၄၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ကိုးဦးသည် ထောင်ဒဏ်နှစ်နှစ်မှ ၁၅ အကြား ချမှတ်ခံခဲ့ရသည်။Ref:AFP

Most Read

Most Recent