သြစတြေးလျက အကြမ်းဖက်မှု တိုက်ဖျက်ရေး အရှိန်မြှင့်ရန်အတွက် နိုင်ငံသားဖြစ်မှု ဥပဒေများကို တင်းကျပ်မည်

သြစတြေးလျက အကြမ်းဖက်မှု တိုက်ဖျက်ရေး အရှိန်မြှင့်ရန်အတွက် နိုင်ငံသားဖြစ်မှု ဥပဒေများကို တင်းကျပ်မည်
Published 23 February 2015

သြစတြေးလျနိုင်ငံထဲတွင် ပေါက်ဖွား ကြီးပြင်းလာသည့် အစွန်းရောက်ဦးရေ မြင့်တက်လာမှု၏ ခြိမ်းခြောက်မှုကို ဝန်ကြီးချုပ် တိုနီအဘော့က ဖေဖော်ဝါရီ ၂၃ ရက်တွင် သတိပေးခဲ့ပြီး အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော နိုင်ငံသားနှစ်ခု ခံယူထားသူများကို သြစတြေးလျနိုင်ငံသား အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း အပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းလမ်းသစ်များကို ကြေညာခဲ့သည်။သြစတြေးလျနိုင်ငံသား ၁၁၀ ထက် မနည်းသည် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ IS နှင့်အတူ တိုက်ခိုက်ရန် အီရတ်နှင့် ဆီးရီးယားသို့ ထွက်ခွာခဲ့၍ သြစတြေးလျ အစိုးရက အကြမ်းဖက်ခြိမ်းခြောက်မှု အဆင့်ကို စက်တင်ဘာက မြှင့်တင်ခဲ့ပြီးနောက် စီးနင်းဖမ်းဆီးမှုများစွာကို ပြုလုပ်ခဲ့သည်။ နိုင်ငံမှ ထွက်ခွာသွားသူများအနက် ၃၀ ကျော် နေရပ်ပြန်လာခဲ့ကြောင်းလည်း သိရသည်။ပြည်တွင်း၌ ခြိမ်းခြောက်မှုများမှာ ပိုမိုဆိုးရွားလာပြီး လုံခြုံရေး အေဂျင်စီများသည် လတ်တလောတွင် အကြမ်းဖက်မှု တန်ပြန်ရေးနှင့် ပတ်သက်၍ ဦးစားပေး စုံစမ်းထောက်လှမ်းမှုပေါင်း ၄၀၀ ကျော်ကို လုပ်ဆောင်နေသည်ဟု အဘော့က ပြောကြားခဲ့သည်။ “နိုင်ငံခြားမှာ သွားရောက်တိုက်ခိုက်သူဦးရေ များလာသလို အစွန်းရောက်တွေကို စာနာသူနဲ့ ထောက်ပံ့သူဦးရေလည်း မြင့်တက်လာတယ်။ ဒါ့အပြင် ငယ်မွေးခြံပေါက် အကြမ်းဖက်သမား ဖြစ်နိုင်ခြေရှိတဲ့ ဦးရေလည်း မြင့်တက်လာပါတယ်” ဟု အဘော့က ပြောကြားခဲ့သည်။ IS တို့၏ လူမှုမီဒီယာပေါ်မှ လှည့်ကွက်များကြောင့် အစွန်းရောက် တစ်ကိုယ်တော် တိုက်ခိုက်သူများ မြင့်တက်လာကြောင်းလည်း သူက ပြောကြားခဲ့သည်။ဘာသာရေး သို့မဟုတ် လူမျိုးရေး အမုန်းပွားမှုကို သွေးထိုးလှုံ့ဆော်သော အဖွဲ့များအား နှိမ်နင်းနေစဉ် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် နှစ်နိုင်ငံ ခံယူထားသူများကို သြစတြေးလျနိုင်ငံသားဖြစ်မှုမှ ရပ်ဆိုင်း သို့မဟုတ် ယာယီရပ်ဆိုင်းခြင်း ပြုလုပ်နိုင်သော လူဝင်မှုကြီးကြပ်ရေး ဥပဒေများ အပြောင်းအလဲပြုလုပ်ရန် အဘော့က ထောက်ခံခဲ့သည်။ ယင်းအပြောင်းအလဲများကို ယခုနှစ်အတွင်း ဖော်ဆောင်မည်ဖြစ်ပြီး ပြည်ပမှပြန်လာသော တိုက်ခိုက်ရေးသမားများသည် တရားစွဲဆိုခံရခြင်း သို့မဟုတ် တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် စောင့်ကြည့်ခြင်း ခံရမည်ဖြစ်သည်။ ထို့ပြင် သြစတြေးလျသို့ ဝင်ရောက်မှု သို့မဟုတ် ထွက်ခွာမှုကို ကန့်သတ်ခြင်း၊ ပြည်ပရှိ အကြံပေး လုပ်ငန်းများကို အသုံးပြုခွင့်နှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေး ခံစားခွင့်များကိုပါ ကန့်သတ်ခြင်းတို့လည်း ပါဝင်နိုင်ကြောင်း သိရသည်။Ref:AFP

Most Read

Most Recent