ဘယ်လိုနိုင်ငံရေးမျိုး လုပ်ကြမှာလဲ

ဘယ်လိုနိုင်ငံရေးမျိုး လုပ်ကြမှာလဲ
Published 23 February 2015
မောင်တင်ဦး (မြောင်းမြ)

ဘာနိုင်ငံရေးလဲ
 
ဒီမိုကရေစီနိုင်ငံ တည်ထောင်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတဲ့ဝေါဟာရ၊ နိုင်ငံရေးသမားဆိုတဲ့ စကားလုံးတွေကို အရောင်အမျိုးမျိုးဆိုးပေးပြီး ညစ်ထည်းအောင် လုပ်နေကြတယ်။ နိုင်ငံရေးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုး သိက္ခာချ၊ ရစရာမရှိအောင် ဝါဒဖြန့် ပေးနေတယ်။ နိုင်ငံရေးကိုပဲ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးရယ်လို့ ခွဲခြားပစ်ပြီး အမျိုးသားနိုင်ငံရေးကသာလျှင် မြင့်မြတ်ပြီး ပါတီနိုင်ငံရေးက နိမ့်ကျသယောင် နိုင်ငံပိုင်မီဒီယာတွေက ပုံဖော်ပေးနေကြတယ်။ လက်ရှိ တာဝန်ကြီးကြီးယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကလည်း သူတို့ဟာ ယခုလည်း အမျိုးသားနိုင်ငံရေးကို လုပ်နေတာပါလို့ အင်တာဗျူးတစ်ခု ထုတ်ဖော်ပြောလာပါတယ်။ သူတို့လုပ်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးက တိုင်းပြည်ကို ဘာတွေများ ကောင်းကျိုးတွေ ဖြစ်ထွန်းစေခဲ့သလဲ။
 
အမျိုးသားနိုင်ငံရေးကို ဦးဆောင်တာဝန်ယူလာခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်လာပါပြီ။ လွတ်လပ်ရေးရခဲ့ပြီး ပါလီမန် ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ဟန်ပြင်နေစဉ် ပြည်တွင်းစစ်နဲ့ ရင်ဆိုင်တိုးခဲ့ရပါတယ်။ နိုင်ငံတော် တည်ငြိမ်စပြုလာချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပါတယ်။ ထို ၁၉၆၂ ခုနှစ်မှ ယနေ့ ၂ဝ၁၅ ခုနှစ်ထိ စစ်တပ် (သို့မဟုတ်) စစ်တပ်ဩဇာခံ ပုဂ္ဂိုလ်များက မြန်မာနိုင်ငံကို တောက်လျှောက် အုပ်ချုပ်လာပါတယ်။ စစ်တပ်နဲ့ အပေါင်းပါအချို့က အမျိုးသားနိုင်ငံရေး လုပ်ပါတယ်ဆိုကာ ပါတီနိုင်ငံရေး (သို့မဟုတ်) နိုင်ငံရေးသမားများကို ငြင်းပယ်လာတာပါ။ ဒီလိုနဲ့ပြည်သူတွေကို နိုင်ငံရေးသားကြော အဖြတ်ခံလိုက်ရပြီး နိုင်ငံရေးမှာ မြုံကုန်ပါတယ်။ လူငယ်တွေ၊ နောက်ပေါက်ပုဂ္ဂိုလ်တွေ နိုင်ငံရေးကို နားမလည်တော့သလို နိုင်ငံရေးကို စိတ်ဝင်စားခြင်း မရှိတော့ဘူး။
 
နိုင်ငံတော်ထိပ်ပိုင်းပုဂ္ဂိုလ်တွေက အမျိုးသားနိုင်ငံရေး၊ အမျိုးသား အကျိုးစီးပွား၊ အမျိုးသားရေးတာဝန်ဆိုတဲ့စကားလုံးတွေ ဖောဖောသီသီကြီး သုံးစွဲပြီး ပါတီနိုင်ငံရေးကို ဆတ်ဆတ်နာနာလေး ပုတ်ခတ်ကာ ပြည်သူတွေကို နားလှည့်ပါးရိုက် လိုက်ပါတယ်။ စင်စစ် ၅၂ နှစ်ဆိုတာ လူအိုပိုင်းရောက်လာပါပြီ။ ၅၂ နှစ်ကြာလာသည်အထိ အမျိုးသားနိုင်ငံရေးက သူ့ကိုယ်သူ သွေးသစ်လဲ လူတွေပြောင်းကာ နုပျိုဟန်ဆောင်ပြီး အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ထာဝရဦးဆောင်ပါဝင်ဖို့ ဇွဲမလျှော့သေးပါဘူး။
 
အဲဒီလို အမျိုးသားနိုင်ငံရေးဆိုတာကို တစ်ပါတီနိုင်ငံရေးခေတ်တုန်းက သိပ် ကျယ်ကျယ်လောင်လောင် မကြားခဲ့ရဘူး။ ခုလို ပါတီစုံကျင့်သုံးတဲ့ ဒီမိုကရေစီခေတ်ကျမှ တစ်စိတ်ရှိ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးတွေနဲ့ သူတို့သာလျှင် မြန်မာနိုင်ငံကောင်းစားရေးကို ကိုယ်ကျိုး စွန့်လွှတ် လုပ်ဆောင်နေသယောင် ပုံဖော်ကြတယ်။ တကယ် ကိုယ်ကျိုးစွန့်မစွန့်ဆိုတာ ကာယကံရှင်တွေ အသိဆုံးဖြစ်သလို ပြည်သူတွေလည်း သိနေပြီးသားပါ။ သူတို့ကပြည်သူတွေသိလည်း ဂရုမစိုက်ဘူး။ဘယ်သူသိသိ ဂရုမစိုက်ဘူးဆိုတဲ့ လူစားတွေပါ။
 
နိုင်ငံရေးဟာ မညစ်ပတ်ဘူး
 
နိုင်ငံရေးဟာ ညစ်ပတ်တာ မဟုတ်ဘဲ နိုင်ငံရေးလုပ်စားသူတွေကြောင့် နိုင်ငံရေးဟာ ညစ်နွမ်းသွားတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားဖူးတယ်။ ဒီကနေ့ ဒီမိုကရေစီကို မသွားချင်သွားချင်နဲ့ သွားနေရသူတွေက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားစစ်စစ်တွေကို  ပြည်သူက အထင်လွဲအောင် အမျိုးမျိုးသိက္ခာချနေတာ။ စင်စစ် နိုင်ငံရေးဟာ ရွှေစင်ရွှေသားနဲ့ လုပ်ထားတဲ့ ရွှေခွက်စစ်စစ်ပါ။ သူ့ပင်ကိုအတိုင်း တန်ဖိုးရှိပြီးသားပါ။ ဒါကိုသိကြတဲ့လူတွေက ရွှေခွက်ကိုယူပြီး ရွှံ့ရည်တွေကို ခပ်ထည့်ကာ ရွှေရောင်ဟပ်စေပြီး မသိနားမလည်သူကို အယုံသွင်း တိုက်ကျွေးလိုက်တယ်။ သိၤဂီ ရွှေခွက်ထဲကရေမို့ ကောင်းမယ်။ အဖိုးတန်မယ်ထင်လို့ အားရပါးရ သောက်ကြည့်မှ ရွှံ့ပုပ်ရည်မှန်း သိပြီး ရွှေခွက်ကို လွှင့်ပစ်လိုက်တယ်။ အချို့က တန်ဖိုးနည်းတဲ့ အစားအစာကိုထည့်ပြီး အဖိုးတန်တဲ့ အစားအစာ ဟန်ဆောင်ကြတယ်။ သူသူငါငါ ဒီရွှေစင်ခွက်ထဲဝင်ပြီး လူတွေကို လှည့်စားဖို့ကြိုးစားကြတယ်။ ရွှေရည်လို့ ထင်မှတ်မှားမိမှ ရွှံ့ရည်ကို တွေ့လိုက်ရမှ ဒေါသထွက်ပြီး ရွှေခွက်ကို ကောက်လွှင့်ပစ်လိုက်တယ်။ ရွှေခွက်ထဲက ဟင်းလျာကလည်း မစားမိမီအထိ ရွှေရောင်ကြောင့် အရောင်ထွက်နေတာကိုကြည့်ပြီး တကယ်ယူစားကြည့်မှ အစပ်အဟပ်မတည့်တဲ့ ပုပ်အဲ့အဲ့ အစာမှန်း သိလိုက်မှ စိတ်ဆိုးပြီး ရွှေခွက်ကို လွှင့်ပစ်လိုက်တယ်။ ဒီလို နဲ့ရွှေခွက်ကို အသုံးချချင်တဲ့ လူမသမာတွေရဲ့ဒဏ်ကြောင့် ရွှေစင်ရွှေခွက်မှာ ခုတော့ပိန်လို့၊ ချိုင့်လို့။ မူလရုပ် ပျောက်နေလေရဲ့။ ထိုက်တန်ပစ္စည်းကိုသာ ထည့်ရမယ့် ရွှေခွက်ခမျာ ခုတော့တန်တာရော၊ မတန်တာရော ဝိုင်းထည့်လိုက်ကြတာ ရွှေခွက်ရဲ့ဂုဏ်ရည် ပျက်ယွင်းရပါရော။ ဒီတော့မှ ရွှေခွက်ကို ခွက်စုတ်ခွက်ပြတ်လို့ သမုတ်ကြ၊ သတ်မှတ်ကြတယ်။ အပုပ်ချကြတယ်။
 
ယခု လတ်တလောမှာပဲ တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခချုပ်တစ်ဦးက “ကျောင်းသားတွေကို နိုင်ငံရေး မလုပ်ခိုင်းတာဟာ ကျောင်းမှာ သူတို့တစ်တွေ ရန်ဖြစ်မှာစိုးလို့ပါ” တဲ့။ နိုင်ငံရေးလုပ်တာ ရန်ဖြစ်စရာလား။ ရပ်ကွက်ထဲမှာ လမ်းထဲမှာ လူတွေ တစ်နေ့တစ်နေ့ ရန်ဖြစ်နေကြတာ အများကြီး။ အဲဒီလူတွေ နိုင်ငံရေးမလုပ်ကြဘူး။ မလုပ်ရုံသာမက နိုင်ငံရေးကို နားလည်းမလည်၊ စိတ်လည်း မဝင်စားကြဘူး။ ဒါပေမဲ့ သူတို့ ရန်ဖြစ်နေတယ်။ ကိုယ်ထိလက်ရောက် ရိုက်ကြ၊ နှက်ကြ၊ ဓားဆွဲကြ၊ တုတ်ဆွဲကြ၊ ထဘီမနိုင်၊ ပဝါမနိုင်။ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးသမားတွေက ပါးစပ်နဲ့ ရန်ဖြစ်ရုံပဲရှိတယ်။ ကိုယ်ထိလက်ရောက် မပါကြဘူး။ တုတ်၊ ဓားမဆွဲကြဘူး။ အတွေးအခေါ် အယူအဆနဲ့ ရန်ဖြစ်တယ်၊ ငြင်းခုံတယ်၊ အမှန်တရားကို ရှာဖွေတတ်ကြတယ်။ ဘယ်ဟာက အမှန် (ဓမ္မ) ဘယ်ဟာ က အမှား (အဓမ္မ) ဆိုတာ ရွေးချယ်တတ်ကြတယ်။ ဆွေးနွေးငြင်းခုန်တာတွေဟာ ရန်ဖြစ် တိုက်ခိုက်တာတွေနဲ့ မတူပါဘူး။ အမှန်တရားတစ်ခုကို ရဖို့အတွက် ဆွေးနွေးငြင်းခုံကြရတယ်။
 
Professional နိုင်ငံရေးဟာ အလွန်မြင့်မြတ်တယ်။ Professional နိုင်ငံရေးစစ်စစ်ကို လုပ်တာဟာ အဓိကအားဖြင့် အများပြည်သူအတွက် သက်ဆိုင်တဲ့ အမှန်တရားကို ရှာဖွေဖြစ်တယ်။ လူနည်းစုကို ကိုယ်စားမပြုဘူး။ အမှားကို ရှာဖွေတယ်။ ဖော်ထုတ်တယ်။ ဆန့်ကျင်တယ်။ ဒါ နိုင်ငံရေးစစ်စစ် ဖြစ်တယ်။
 
ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားဟာ ပရဟိတလုပ်ငန်း ဆောင်ရွက်သူလည်း ဖြစ်တယ်။ အများအကျိုး ဆောင်သူလည်း ဖြစ်တယ်။ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတစ်ယောက်ဟာ အမှန်တရားကို ရှာဖွေသူဖြစ်သလို လူသားအများကို မေတ္တာထားသူ ဖြစ်တယ်။ ထို့အတူ အများအကျိုးဆောင်သူလည်းဖြစ်လို့ ပရဟိတသမားလည်း ဖြစ်တယ်။
 
နိုင်ငံရေးသမားစစ်စစ်ကို ဘာဖြစ်လို့ ပုတ်ခတ် အရောင်ဆိုးချင်ကြတာလဲ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့ သွေးမြေကျခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ထိုက်ထိုက်တန်တန် မပြောင်းလဲသေးဘူး။ ဘာကြောင့်လဲ။ 
ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေ ရှားပါးမှုကြောင့် ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကြီး တိုးတက်ချင်ရင် အခြေခံအကျ ဆုံးက ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားတွေကို မွေးထုတ်ပေးရမယ်။ နိုင်ငံရေးကို မမှန်မကန် အာရုံလွဲအောင်၊ သိက္ခာကျအောင် မကြံစည်ကောင်းဘူး။ အမျိုးသားနိုင်ငံရေးလို့ အသံကောင်းဟစ်နေပြီး တိုင်းပြည်ကို လက်ဝါးကြီးအုပ်ထားတာ ရာစုနှစ် တစ်ဝက်ကျော်လာပြီး စိတ်တိုင်းကျ သဘောရှိ အမိန့်တွေထုတ်။ ဥပဒေတွေ ပြဋ္ဌာန်း။ မလိုတဲ့လူကို အကျဉ်းနည်းနဲ့ ထောင်ချ၊ဒါတောင် တိုင်းပြည်က တိုးတက်မလာရုံသာမက ပိုလို့ ဆုတ်ယုတ်လာတာ အထင်အရှား။
 
စစ်ရေးနှင့် နိုင်ငံရေး
 
နိုင်ငံရေးဟာ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ အပြန်အလှန် နားလည်အောင် ကြိုးပမ်းခြင်း၊ ပြ ဿနာကိုအေးချမ်းစွာဖြေရှင်း၊ ပြည်သူလူထုကို မနစ်နာစေဘဲ ပြောင်းလဲသင့်သည်ကို ပြောင်းလဲအောင် ဆောင်ရွက်ခြင်း၊ စတာတွေဟာ အဆင့်မြင့်နိုင်ငံရေးရဲ့အခင်းအကျင်းတွေ ဖြစ်တယ်။ စစ်ရေးကို နိုင်ငံရေးကဲ့သို့ ပြဿနာတိုင်းမှာ ထုတ်သုံးလို့ မရဘူး။ သဘောထားချင်း မည်သို့မျှ မတိုက်ဆိုင်သူများ ပြည်သူ့ဆန္ဒကို အလေးဂရုမပြုသူများ၊ နိုင်ငံရေးနည်းလမ်းကို မယုံကြည်သူများ၊ စေ့စပ်ဆွေးနွေးခြင်းကို အလျှော့ပေးရခြင်းလို့ တစ်ဖက်သတ် ထင်မြင်နေသူများအတွက်သာ စစ်ရေးကို အသုံးပြုကြတာ ဖြစ်တယ်။
 
စစ်ရေးအားပြုတဲ့နိုင်ငံနဲ့ နိုင်ငံရေးအားပြုတဲ့နိုင်ငံတွေဟာ ငြိမ်းချမ်းရေးရရှိမှု ကွာခြားကြတယ်။ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ အီဂျစ်၊ အစ္စရေး၊ ဂျော်ဒန် စတဲ့ စစ်ရေးအားပြုနိုင်ငံတွေဟာ နေ့စဉ်နဲ့အမျှ စစ်ဖြစ်နေသလို စစ်ရေးခြိမ်းခြောက်မှုတွေကလည်း နာရီနဲ့အမျှ ဖြစ်ပွားနေတယ်။ နိုင်ငံရေးအားပြုတဲ့ နိုင်ငံတွေမှာ စစ်ပွဲတွေအစား အလွန်ဆုံးနိုင်ငံရေး စကားစစ်ထိုးပွဲများသာ ကြုံတွေ့ရတတ်တယ်။ နိုင်ငံရေးအားပြုတဲ့ နိုင်ငံတွေမှာ စစ်ရေးကဏ္ဍဟာ နိုင်ငံရေးနယ်ပယ်ထဲကို ပါဝင်ပတ်သက်လာခြင်း မရှိဘူး။ 
ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ဖို့ ဆိုဝေးပါသေး။ အမေရိကန်စစ်တပ် (U.S Army) ဟာ ညှိနှိုင်းလို့မရတဲ့ အစွန်းရောက် IS၊ အစွန်းရောက် အယ်လ်ကေးဒါးတို့ကိုသာ တိုက်ခိုက်ချေမှုန်းနေပေမယ့် ပြည်တွင်းပြဿနာ များကို ဖြေရှင်းရာမှာ အဆင့်မြင့်ပရော်ဖက်ရှင်နယ် နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြတယ်။ ထို့အတူ ဆွစ်ဇာလန်၊ ကနေဒါ၊ ဂျပန်စတဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ စစ်တပ်ကဏ္ဍာဟာ အစိုးရဝန်ထမ်းတစ်ရပ်အဖြစ်သာ ရပ်တည်ကြကာ ပြည်သူကို အလုပ်အကျွေးပြုကြတဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။
 
ယနေ့ လူငယ်တွေ၊ ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အမြော်အမြင် ကြီးမားသူတွေ ဘယ်နိုင်ငံရေးမျိုးကို လုပ်ကြမှာလဲ။ ပရော်ဖက်ရှင်နယ် နိူင်ငံရေး၊ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး စတဲ့ နိုင်ငံရေးကို ပုံအမျိုးမျိုးဖော်ပြီး မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးစစ်စစ် မလုပ်အောင် ဟန့်တားဖို့ ကြိုးစားနေဦးမှာလား။ ကျောင်းသားတွေ၊လူငယ်တွေ၊ ပြည်သူတွေ၊ ရေရှည်အကျိုး မျှော်ကိုးပြီး ဒီမိုကရေစီနိုင်ငံရေး အလေ့အကျင့်တွေ စတင်ပျိုးထောင်သင့်ပါပြီ။ မြန်မာနိုင်ငံဟာ ငါးနှစ်သာ တည်တံ့တဲ့ နိုင်ငံမဟုတ်ဘူး။ ၁ဝနှစ်သာ တည်တံ့တဲ့နိုင်ငံ မဟုတ်ဘူး။ ကမ္ဘာတည်သရွေ့ တည်တံ့ရမယ့် နိုင်ငံ။ ဒါကိုပြည်သူတွေကလည်း မေ့လို့မရဘူး။ စစ်တပ်ကလည်း မေ့လို့မရဘူး။ နိုင်ငံရေးသမားတွေကလည်း မေ့လို့မရဘူး။ ဒါကြောင့် ထာဝရ တည်တံ့တဲ့နိုင်ငံ၊ အဆင့်မြင့်မြင့် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ပရော်ဖက်ရှင်နယ်နိုင်ငံရေးကို လူတိုင်းလူတိုင်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိကြဖို့ လိုအပ်ပါကြောင်း။