IS ချေမှုန်းရေးအတွက် ပင်မအချက် အင်တာနက်

IS ချေမှုန်းရေးအတွက် ပင်မအချက် အင်တာနက်
Published 22 February 2015
နရီမင်း

အမေရိကန်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် အကြမ်းဖက် ဂျီဟတ်အုပ်စုများကို ရင်ဆိုင်ရန်အတွက် ကမ္ဘာ့လုံးဆိုင်ရာ လုပ်ဆောင်ချက်ကို အရှိန်မြှင့်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ကမ္ဘာကြီး အနေဖြင့် ရန်သူအသစ်နှင့် စစ်ပွဲအသစ်ကို ရင်ဆိုင်နေရသည်ဟူသည့် အမေရိကန်က သတိပေးမှုများ ထွက်ပေါ်နေသည့်အကြား ယင်းကဲ့သို့ ကြိုးပမ်းနေခြင်းဖြစ်သည်။အိမ်ဖြူတော် ထိပ်သီးဆွေးနွေးပွဲ၏ တတိယမြောက်နေ့နှင့် နောက်ဆုံးနေ့တွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ဝန်ကြီးများ စုဝေးခဲ့ကြပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက IS အဖွဲ့ကဲ့သို့သော အုပ်စုများကို ချေမှုန်းရေးအတွက် ပူးပေါင်းကာကွယ်ရန် အမေရိကန်သည် ခိုင်မာသော လက်တွဲဖက်ဖြစ်ရလိမ့်မည်ဟု ကတိပြုပြောကြားခဲ့သည်။အိုဘားမားက အကြမ်းဖက်သမားများ ခိုအောင်းရာ ရှာဖွေနိုင်သည့် အစိုးရအုပ်စိုးမှု မရှိသော နေရာများကို ကာကွယ်ရန် ယီမင်နှင့် ဆိုမာလီယာကဲ့သို့ အခြေအနေဆိုးရွားသည့် နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး “အစိုးရတွေ အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုမှာ မဆုတ်မနစ် ဆက်လက်လက်တွဲ ပါဝင်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။အိုဘားမားက IS နှင့် အယ်ကေးဒါးတို့ ကဲ့သို့သော အဖွဲ့များက လူအများကို သိမ်းသွင်းရန် ကိုင်စွဲထားသော အိုင်ဒီယိုလိုဂျီများကို ချေမှုန်းရာ၌ ကူညီရန် ဦးစားပေးစာရင်း တစ်ရပ်ကိုလည်း ချပြခဲ့သည်။IS တို့၏ ဝါဒဖြန့်ချိရေးအား ချေမှုန်းရာတွင် အဓိကကျသော စစ်မြေပြင်သည် အင်တာနက် ဖြစ်လာကြောင်းနှင့် အနောက်နိုင်ငံများ အနေဖြင့် အင်တာနက်စစ်ပွဲကို အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အစွန်းရောက် အုပ်စုများကို တန်ပြန်ရေးနှင့် ပတ်သက်သည့် ဝါရှင်တန်ဆွေးနွေးပွဲ၌ ပါဝင်သူများက ပြောကြားခဲ့သည်။IS အဖွဲ့သည် နိုင်ငံခြားသားများကို အီရတ်နှင့် ဆီးရီးယားရှိ စစ်မြေပြင်များဆီသို့ ဖြားယောင်းသွေးဆောင်ရန် ၎င်းတို့အား အထင်ကြီးသွားစေလောက်သည့် ဗီဒီယိုဖိုင်များကို အသုံးပြုလျက်ရှိရာ ၎င်းတို့အား ယှဉ်ပြိုင်နိုင်ရန်အတွက် ဈေးကွက်၌ ပူးပေါင်းဆောင်ရွက်သော ပုံစံမျိုးကို အစိုးရများ အနေဖြင့် အသုံးပြုရလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။“IS တွေမှာ အမှတ်တံဆိပ်ကပ်ဖို့နဲ့ ဈေးကွက်ဖြန့်ဖို့ ဌာနမျိုး ရှိတယ်ဆိုရင် ကျွန်တော်တို့မှာက အဲဒီလိုမျိုး ဘယ်မှာရှိလဲ” ဟု လန်ဒန်မြို့အခြေစိုက် မဟာဗျူဟာ ပြန်လှန်ဆွေးနွေးရေးဌာန (ISD) ၏ စီအီးအိုနှင့် ထူထောင်သူ ဆာရှာဟာဗလီဆက်က ပြောကြားခဲ့သည်။အဆိုပါ အကြံပေးအဖွဲ့သည် Google Ideas၊ Twitter နှင့် Facebook တို့ကို အသုံးပြုလျက် IS တပ်သားစုဆောင်းရေးသို့ ပါသွားနိုင်ဖွယ် ရှိသူများကို တိုက်ရိုက်ဆက်သွယ်ကာ ရက်စက်ကြမ်းကြုတ်သော ဂျီဟတ်လှုပ်ရှားမှုများနှင့် ပူးပေါင်း မှုမရှိစေရေးအတွက် ပြန်လည်ချေဖျက်ရန် ကြိုးစားသည့် စမ်းသပ်ချက်ပေါင်း များစွာကို ဆောင်ရွက်ခဲ့သည်။၎င်းတို့၏ လှုပ်ရှားမှုတစ်ရပ်တွင် ISD သည် အဗ္ဗဒူလာ-၁၀ နှင့် ပတ်သက်သော ဗီဒီယိုဖိုင်များစွာကို ဖြန့်ချိခဲ့သည်။ အဗ္ဗဒူလာ-၁၀ သည် စိတ်ကူးပုံဖော်ထားသည့် ဇာတ်ကောင်တစ်ကောင်မျှသာဖြစ်ပြီး ၎င်းက IS အဖွဲ့လမ်းကြောင်းသို့လိုက်မည့် ငယ်ရွယ်သော မွတ်စလင်များအား ၎င်းတို့လျှောက်လှမ်းရမည့်လမ်း မဟုတ်ကြောင်း အခိုင်အမာ ရှင်းပြထားသည်။“ကျွန်တော်တို့က ဂျီဟတ်တွေတင်တဲ့ ဟာတွေကို Hypercharge လုပ်နိုင်ပါတယ်။ အစွန်းရောက်တွေ အသုံးပြုတဲ့ ဆိုက်ဘာစပေ့တိုင်းမှာ ကျွန်တော်တို့ဆီကဟာတွေ ထိုင်ထားလိုက်ပါတယ်။ Twitter အကောင့်တွေနဲ့ အစွန်းရောက်တွေတင်တဲ့ စာမျက်နှာတွေအပေါ် ထိုင်ထားလိုက်တာကြောင့် ဆီးရီးယားက ဂျီဟတ်တွေကို အင်တာနက်မှာ ရှာတဲ့အခါတိုင်း ကျွန်တော်တို့ဟာတွေက ဘွားခနဲ ပေါ်ထွက်လာပါတယ်” ဟု ဟာဗလီဆက်က ပြောကြားခဲ့သည်။ဇန်နဝါရီ ၁၄ ရက်က အွန်လိုင်းတွင်တင်ခဲ့သည့် ဝါဒဖြန့်ချိရေး ဗီဒီယိုဖိုင်တစ်ခုမှ ရယူထားသောပုံတွင် အာရေဗျကျွန်းဆွယ် အယ်ကေးဒါး အဖွဲ့ခေါင်းဆောင် နက်ဆာဘင်အလီအယ်အန်စီကို တွေ့ရစဉ်
အဆိုပါ အမျိုးသမီးက ဆက်လက်၍ “လအနည်းငယ်အတွင်းမှာ ကျွန်မတို့ ပစ်မှတ်ထားတဲ့ ဆီးရီးယား ဂျီဟတ်တွေကို ရှာဖွေတဲ့ အုပ်စုတွေထဲက လူပေါင်း ၅၀ ကနေ ၁၀၀,၀၀၀ ဆီကို ရောက်ရှိသွားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။“ကျွန်မတို့ အောင်မြင်မှုကို အကောင်းဆုံး ညွှန်ပြနေတဲ့ အရာကတော့ အဗ္ဗဒူလာ-၁၀ ရဲ့ အဆိုပြုချက်တွေကို အရေးပေါ် ချေပဖို့အတွက် IS အဖွဲ့က စာမျက်နှာငါးခု တင်လိုက်ခြင်းနဲ့ တုံ့ပြန်မှုပါပဲ” ဟုလည်း ဟာဗလီဆက်က ပြောကြားခဲ့သည်။ISD အကြံပေးအဖွဲ့သည် Facebook ကို အသုံးပြုလျက် အကြမ်းဖက် ဂျီဟတ်အဖွဲ့ကို စိတ်ဝင်စားဟန်ပြသော သူများနှင့် တစ်ဦးချင်း စကားပြောရန် ကမ်းလှမ်းကာ ထိုလူများကို အစွန်းရောက်လမ်းကြောင်းမှ နောက်ပြန်ဆုတ်လာအောင် ပြုလုပ်သည့် စီမံချက် တစ်ရပ်ကိုလည်း စတင်ပြုလုပ်ခဲ့သည်။“အခုအထိတော့ အစွန်းရောက်အဖွဲ့တွေနဲ့ ထောက်လှမ်းရေးဌာနတွေပဲ အင်တာနက်ပေါ်မှာ အပြိုင်နွှဲနေပါသေးတယ်” ဟု ဟာဗလီဆက်က ပြောကြားခဲ့သည်။နောက်တစ်ဆင့် အနေဖြင့် အလိုအလျောက် ဖြန့်ကြက်မှု ပြုလုပ်နိုင်ပါမည်လား ဟူသည်ကို ကြည့်ရဦးမည်ဟုလည်း ဟာဗလီဆက်က ပြောကြားခဲ့သည်။ယင်းကဲ့သို့ ဖြစ်လာရန်အတွက် အွန်လိုင်းဈေးကွက် မဟာဗျူဟာများ ကောင်းစွာဖွံ့ဖြိုးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် IS တို့၏ အချက်အလက်များကို ဆန့်ကျင်ချေဖျက်ရန် လုပ်ဆောင်နေသည့် အသင်းအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများကို ဗဟုသုတများပေးရန် ကမ်းလှမ်းနိုင်သည်ဟုလည်း ဟာဗလီဆက်က ပြောကြားခဲ့သည်။တန်ပြန်စိတ်ဓာတ် စစ်ဆင်ရေးအမေရိကန် အစိုးရသည် အစွန်းရောက် အုပ်စုများ အွန်လိုင်းတွင် အင်အားချည့်နဲ့ သွားစေရန်အတွက် လုပ်ဆောင်နေနှင့်ပြီး ဖြစ်သည်။ နိုင်ငံခြားရေးဌာနမှ အဖွဲ့တစ်ဖွဲ့ ပါဝင်သည့် ဒီဂျစ်တယ်အဖွဲ့သည် အစွန်းရောက် အစ္စလာမ်ဝါဒ၊ ကာတွန်းများနှင့် ဂရပ်ဖစ် ဓာတ်ပုံများအပေါ် ထင်မြင်ချက် အပိုင်းအစများ တင်လျက်ရှိသည်။နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ယခု ၎င်းတို့ လုပ်ဆောင်နေသည့် အွန်လိုင်းစစ်ပွဲသည် ပြောက်ကျားစစ်နှင့် ဆင်တူကြောင်း လွန်ခဲ့သည့်နှစ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကနှင့် အမေရိက အပြင်ဘက်မှ ဒေသခံ လူ့အဖွဲ့အစည်းများ အနေဖြင့် ငယ်ရွယ်သော မွတ်စလင်များကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေသည့် အုပ်စုများမှ ကာကွယ်ရန် လှုံ့ဆော်သင့်ကြောင်း တောင်းဆိုခဲ့သည်။ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် ဘော်စတွန်၊ မင်နီယာပိုလစ်စိန့်ပေါနှင့် လော့အိန်ဂျလိစ်တို့၌ ပြုလုပ်နေသည့် အစွန်းရောက်ဆန့်ကျင်ရေး ပရိုဂရမ်များကို နမူနာ ထောက်ပြခဲ့သည်။ အဆိုပါ ပရိုဂရမ်များတွင် လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒချမှတ်ခြင်းနှင့် အခြားနည်းဗျူဟာများ ပါဝင်သည်။အမေရိကန် နိုင်ငံခြားရေးဌာနက ရာရှက်ဟူစိန်ကို အစွန်းရောက်မှု တန်ပြန်ရေးအတွက် အထူးဆက်သွယ်ရေး ညှိနှိုင်းသူအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သော်လည်း ထွက်ပေါ်လာမည့် ခိုင်မာသော ရလဒ်များမှာ အဘယ်နည်းဟူသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်း မရှိပေ။သို့သော် အစွန်းရောက်များ၏ အချက်အလက်များအား တုံ့ပြန်သော ဒီဂျစ်တယ် အကြောင်းအရာများ ဖွံ့ဖြိုးလာရန် ကမ္ဘာတစ်လွှားမှ ကျောင်းသားများကို ကူညီရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။အစွန်းရောက်ခြင်း လေ့လာမှုဆိုင်ရာ နိုင်ငံတကာဌာနမှ ညွှန်ကြားရေးမှူး ပီတာနယူမင်က “အခုထိ အကြမ်းဖက် အုပ်စုတွေကို တန်ပြန်ဖို့ ပါဝင်နေသူတိုင်းဟာ သိပ်ကို ကောင်းပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။သူက အင်တာနက်ပေါ်မှနေ၍ အစွန်းရောက်တို့၏ အကြောင်းအရာများကို အတူတကွ ဖယ်ရှားရန် ကိစ္စတို့နှင့် ပတ်သက်၍ များစွာ ဆွေးနွေးခဲ့ကြပြီး ယင်းသည် လိုရမည်ရ အရံအတားအဖြစ်ထားသည့် ဖြေရှင်းချက် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent