လူတစ်ယောက်ဟာ လူ့ဘဝထဲကို ဝင်ရောက်လာတဲ့ အချိန်ကစပြီး မရှိမဖြစ် လိုအပ်တဲ့ အရာသုံးခုက သူနဲ့အတူ ကပ်ပါလာလေ့ ရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံရယ်၊ အလံရယ်၊ မြေကြီးရယ်ပါပဲ။ ကိုယ်နေတဲ့ နိုင်ငံရဲ့ ဂုဏ်သတင်း ကောင်းဖို့ရယ်၊ အချုပ်အခြာ အာဏာနဲ့တူတဲ့ အလံရှိဖို့ရယ်၊ ကိုယ့်ခြေထောက်အောက်မှာ ကိုယ်ချစ်တဲ့အမိမြေ ရှိနေဖို့ရယ်ဟာ အရေးကြီးလှပါတယ်။ အဲဒီ အရာသုံးခုဟာ လူတစ်ယောက်ရဲ့ ဘဝကို ခံဆောင်ထားတဲ့ ဒေါက်သုံးဒေါက်နဲ့ အလားသဏ္ဌာန်တူပြီး အဲဒီ ဒေါက်သုံးဒေါက်ထဲက ဒေါက်တစ်ဒေါက် မရှိတော့တာနဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ ပြိုလဲသွားဖို့ပဲ ရှိပါတော့တယ်။ ဒီဒေါက်သုံးဒေါက်ဟာ အမြဲခိုင်မာ တောင့်တင်းနေဖို့ လိုပြီး အဲဒီ သုံးခုထဲမှာမှ တောင့်တင်းဖို့ အလိုအပ်ဆုံး အရာကတော့ မြေကြီးဆိုတဲ့ ဒေါက်ပါပဲ။ဒါ့ကြောင့်လည်း လူသားတွေဟာ အမိမြေကို ခင်တွယ်ကြလေ့ ရှိပါတယ်။ လူတစ်ယောက်မှာ ပင်ကိုယ်အခြေခံစိတ်ကြီး ၁၃ မျိုး ရှိတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ အဲဒါတွေကတော့ “ဆန့်ကျင်ဘက်လိင်၏ အထင်ကြီးမှုကို ခံလိုခြင်း” တို့ “အန္တရာယ်ပြုမည့်သူကို ပူဇော်ပသလိုခြင်း” တို့ဆိုတဲ့ စိတ်တွေ ဖြစ်ကြပါတယ်။ အဲဒီစိတ်တွေထဲမှာ ထိပ်ဆုံးက ပါလာတဲ့ အချက်ကတော့ “မွေးရပ်မြေကို ခင်တွယ်ခြင်း” ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးရပ်မြေနဲ့ ပတ်သက်ပြီး ရေးကြတဲ့ ဝတ္ထုတွေ၊ စပ်ကြတဲ့ ကဗျာတွေ၊ ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေဟာလည်း များပြားလွန်းလှပါတယ်။ အဲဒီအထဲကမှ ငယ်စဉ် တက္ကသိုလ်ကျောင်းသား ဘဝတုန်းက ကြည့်ခဲ့ဖူးတဲ့ “အမိမြေ” Mother Country ဆိုတဲ့ ဇာတ်ကားကတော့ သနားစရာကောင်းလွန်းလို့ ယနေ့ထက်တိုင် မေ့မရနိုင်အောင် ရင်ထဲမှာ စွဲထင်ကျန်ရစ်နေခဲ့ပါတယ်။ အဖြူအမည်း ဂျပန်ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပြီး ကြည့်ဖူးသူတိုင်းလည်း မေ့နိုင်ကြမယ် မထင်ပါဘူး။အဲဒီ ရုပ်ရှင်ဇာတ်ကား စဖွင့်ဖွင့်ချင်း အသက် ၂၀ ကျော် အရွယ်လောက်ရှိကြတဲ့ ဂျပန်ဇနီးမောင်နှံ နှစ်ယောက်ဟာ ချွေးသံတရွှဲရွဲနဲ့ ဟာဝေယီကျွန်းက ကြံခင်းတစ်ခုထဲမှာ ကြံခုတ်နေကြတာကို တွေ့မြင်ရပါတယ်။ ကြံခုတ်တဲ့ အလုပ်ဟာ ကြံပင်တွေကို ခုတ်ရ စည်းနှောင်ရ ကြံစည်းတွေကိုထမ်းပြီး ကားပေါ်တင်ရမို့ ပင်ပန်းရုံမက တစ်ကိုယ်လုံးလည်း ယားယံလို့ နေတတ်ပါတယ်။ အဲဒီ ဂျပန်ဇနီးမောင်နှံဟာ ပင်ပန်းဆင်းရဲတဲ့ လောကဓံရဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြဖို့ နှစ်ယောက်သား တိုင်ပင်ဆုံးဖြတ်ထားသူတွေလည်း ဖြစ်ကြပါတယ်။ တစ်ရက်မှာတော့ ဇနီးသည်က ကြံခုတ်ရင်း “ကျွန်မတို့ သေလို့ မဖြစ်တော့ဘူး” လို့ သူ့ဗိုက်ကို သူကိုင်ပြီး ခင်ပွန်းသည်ကို ပြောလိုက်ပါတယ်။ ခင်ပွန်းသည်ဟာ ရုတ်တရက် ချက်ချင်းတော့ အံ့သြသွားပေမယ့် တစ်ချိန်တည်းမှာပဲ ဝမ်းသာပြီး အားတက်သွားတဲ့ အသွင်သဏ္ဌာန်တွေကို သူ့မျက်နှာပေါ်မှာ အတိုင်းသား မြင်တွေ့လိုက်ရပါတယ်။နောက်နှစ် အနည်းငယ် ကြာလာတဲ့ အခါမှာတော့ ဂျပန်ဇနီးမောင်နှံဟာ ဟာဝိုင်ယီကျွန်းရဲ့ မြို့လေးတစ်မြို့က ကုန်စုံဆိုင်ပိုင်ရှင် သူဌေးပေါက်စ ဇနီးမောင်နှံ ဖြစ်နေကြပါပြီ။ သားဦးရတနာ မွေးဖွားပြီးနောက် ငါးနှစ်လောက် ကြာတဲ့အခါမှာ နောက်ထပ် သားရတနာတစ်ယောက် ထပ်ပြီး ထွန်းကားပြန်ပါတယ်။ သားကြီးဖြစ်သူ အသက် ၁၈ နှစ်အရွယ်လောက် ရောက်လာတဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ အခါကြီးရက်ကြီး အထွတ်အမြတ်နေ့တစ်နေ့ ကျရောက်တဲ့အတွက် ကုန်စုံဆိုင်လေးထဲမှာပဲ ဖခင်ဖြစ်သူက ဦးစီးပြီး အခမ်းအနားလေး တစ်ခုကို ကျင်းပပါတယ်။ မြို့ထဲမှာရှိတဲ့ ဂျပန်မိတ်ဆွေတွေလာပြီး စားကြသောက်ကြနဲ့မို့ ပျော်စရာကြီးပေါ့။ အဲဒီအချိန်မှာ သားကြီးဖြစ်သူဟာ တင်းနစ်ရက်ကက်ကိုယူပြီး စက်ဘီးနဲ့ အပြင်ထွက်ဖို့ လုပ်ပါတယ်။ အဖေဖြစ်သူက ဘယ်သွားမလို့လဲလို့ မေးတဲ့အခါ “ဒီနေ့ တင်းနစ်ပြိုင်ပွဲရှိလို့ သွားပြိုင်မလို့” လို့ ပြောပါတယ်။ အဖေဖြစ်သူက သားကြီးကို အိမ်ထဲပြန်ခေါ်ပြီး “မင်းသွားလို့တော့ ရတယ်၊ ဒါပေမဲ့ ဒီအခမ်းအနားပြီးမှသွား” လို့ ပြောပါတယ်။ ဒါပေမဲ့ သားဖြစ်သူက အဖေ့စကားကို နားမထောင်ဘဲ ဇွတ်အတင်း အိမ်ထဲကနေ ထွက်သွားဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီအခါမှာ အမိမြေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ အခမ်းအနားတစ်ခုရဲ့ တန်ဖိုးကို နားမလည်ရကောင်းလားဆိုပြီး အဖေဖြစ်သူဟာ သားလက်ထဲက ရက်ကက်ကို ကရုဏာဒေါသောနဲ့ ဆွဲယူပြီး သားကိုရိုက်ဖို့ ရွယ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေဖြစ်သူဟာ မိုက်ခနဲဖြစ်သွားပြီး မတ်တတ်ကနေ ကြမ်းပြင်ပေါ်ကို ပျော့ခွေလဲကျသွားလိုက်တာ သတိပြန်လည်မလာတော့ဘဲ အသက်ပါ ပါသွားတဲ့ အထိပါပဲ။ အခမ်းအနားကို တက်ရောက်လာကြတဲ့ လူတွေအားလုံးလည်း အင်မတန်မှ စိတ်မကောင်း ဖြစ်ကြရပါတယ်။
နိုင်ငံတစ်နိုင်ငံ အင်အားတောင့်တင်းဖို့ ဆိုတဲ့နေရာမှာ လက်ရှိပစ္စုပ္ပန်မှာရော အနာဂတ် ကာလမှာပါ အချင်းချင်း ညီညွတ်ကြဖို့ အဓိက ကျပါတယ်။ ညီညွတ်မှုမရှိဘဲ ကိုယ်ကျိုးအတ္တတွေကိုချည်းပဲ ကြည့်ကြမယ်ဆိုရင် . . . . .
အဖေဖြစ်သူကလည်း သူသေရင် သူ့ရဲ့အရိုးကို ဂျပန်ပြည်မှာပဲ ပြန်ပြီးဂူသွင်းဖို့ သူအသက်ထင်ရှား ရှိစဉ်က တဖွဖွ မှာခဲ့လေတော့ အမေဖြစ်သူဟာ ခင်ပွန်းသည်ရဲ့ ဈာပနပြီးတာနဲ့ အရိုးကောက်ပြီး သားငယ်နဲ့အတူ ဂျပန်ပြည်ကို သင်္ဘောနဲ့ ပြန်ရပါတယ်။ အဲဒါ သားအမိနှစ်ယောက် လမ်းခရီးတစ်ဝက်လောက် အရောက်မှာ ပုလဲဆိပ်ကမ်းကို ဂျပန်ကဗုံးကြဲလို့ အမေရိကန်နဲ့ ဂျပန် အကြီးအကျယ် စစ်စဖြစ်ကြတော့တာပါပဲ။ ဒါ့ကြောင့် ဒုက္ခသည် သားအမိဟာ ဂျပန်ကို ပြန်ရောက်လာတဲ့အခါ အမေရိကန် ထောက်လှမ်းရေးတွေလို့ အထင်ခံရတဲ့အတွက် မျက်နှာသာ အပေးမခံကြရပါဘူး။ ဂျပန်ကို ပြန်ရောက်ခါစ အချိန်တုန်းကတော့ အခြေအနေ သိပ်မသိသာသေးပေမယ့် နောက်သုံးလေးနှစ်လောက်ကြာလာပြီး ဂျပန်စစ်ရှုံးတော့မယ့် အရိပ်အယောင်တွေကို တွေ့လာရတဲ့ အချိန်မှာတော့ ဟာဝေယီကလာတဲ့ သားအမိနှစ်ယောက်ကို ဂျပန်တွေက လုံးဝမယုံကြတော့ပါဘူး။ နောက်ဆုံး ရပ်ကွက်ထဲက လူအုပ်တွေက သားငယ်လေးကို ဝိုင်းရိုက်ကြလို့ သားငယ်လေး အသက်ဆုံးပါး သွားရပါတယ်။ သားငယ် သေဆုံးသွားတဲ့နေ့မှာပဲ ဂျပန်တွေ လက်နက်ချလိုက်လို့ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးသွားပါတော့တယ်။ သားငယ်လေးကို မြေမြှုပ်သင်္ဂြိုဟ်ဖို့ အလောင်းကို သချုႋင်းကို ယူဆောင်သွားတဲ့ လမ်းမှာ အသုဘ လိုက်ပို့တဲ့လူဆိုလို့ မိခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူရဲ့ ဦးကြီးတစ်ယောက် ပေါင်းနှစ်ယောက်ပဲ ပါပါတယ်။ မြေမြှုပ် သင်္ဂြိုဟ်ကာနီးမှာ မိခင်ဖြစ်သူက သားရဲ့အလောင်းကိုဖက်ပြီး “သားလေးရယ် တစ်ရက်လေးလောက်များ ပိုပြီး အသက်ရှည်လိုက်ပါတော့လား” လို့ ငိုပြီးပြောတဲ့ အခန်းမှာ ပရိသတ်တွေ မျက်ရည်မဆည်နိုင်ခဲ့ကြပါဘူး။သားကိုသင်္ဂြိုဟ်ပြီး နောက်နှစ်ပတ်လောက် ကြာတဲ့အချိန်မှာ မိခင်ဖြစ်သူဆီကို ကြေးနန်းစာတစ်စောင် ရောက်လာပါတယ်။ သားငယ်နဲ့အတူ မိခင်ဖြစ်သူ ဂျပန်ကိုပြန်လာပြီး နောက်ခြောက်လလောက် အကြာမှာ ဟာဝေယီမှာ ကျန်ရစ်ခဲ့တဲ့ သားကြီးဖြစ်သူဟာ မဟာမိတ်တွေဘက်ကနေပြီး ဒုတိယကမ္ဘာစစ်ကြီးထဲကို ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကြေးနန်းစာကတော့ တပ်ကြပ်အဆင့်ရာထူးကို ရရှိပြီဖြစ်တဲ့ သားကြီးဟာ ပြင်သစ်စစ်မြေပြင်မှာ ကျဆုံးသွားပြီ ဖြစ်တဲ့အကြောင်း ဖော်ပြထားတဲ့ အမင်္ဂလာ သတင်းပဲ ဖြစ်ပါတယ်။ သားကြီးကျဆုံးခဲ့တာ လနဲ့ချီပြီး ကြာမြင့်ခဲ့ပေမယ့် အမေရိကန်တပ်တွေ ဂျပန်မှာ အတော်နေသားတကျ ရှိသွားတဲ့ အခါကျမှ အမေရိကန်စစ်တပ်က လိပ်စာစုံစမ်းပြီး ကြေးနန်းစာကို မိခင်ဖြစ်သူဆီကို လာပို့ပေးတာ ဖြစ်ပါတယ်။ဒီဇာတ်ကားကို ကြည့်ပြီးတော့ ဇာတ်ဝင်ခန်းနှစ်ခန်းကို မေ့မရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ပထမအခန်းကတော့ အမေရိကန်နဲ့ ဂျပန်တို့ တစ်နိုင်ငံအပေါ် တစ်နိုင်ငံက စစ်ကြေညာလိုက်ကြတာကို သားကြီးဖြစ်သူ ကြားသိလိုက်ရတဲ့ အခန်းပါပဲ။ သားကြီးမှာ ချစ်သူရည်းစားရှိနေပြီး သူတို့ဟာ ဟာဝေယီကျွန်းပေါ်က သူတို့နေတဲ့ မြို့လေးရဲ့ အပြင်ဘက် လယ်ကွင်းတစ်ခုထဲမှာ တွေ့ဆုံလေ့ ရှိကြပါတယ်။ အဲဒီ စစ်ကြေညာတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါ တွေ့ဆုံနေကျ နေရာလေးကို နှစ်ယောက်သား အပြေးလာခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေ ၁၀၀ လောက် အကွာအဝေး ရောက်တဲ့အခါ ရှေ့ဆက်မတိုးနိုင်ကြတော့ဘဲ နှစ်ယောက်စလုံး ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပါတယ်။ ချစ်သူနှစ်ဦးဟာ ခဏလောက်ကြာမှ တစ်ယောက်ကိုတစ်ယောက် ပြေးပြီး ဖက်လိုက်ကြပါတယ်။ ပျော်လို့ဖက်တာတော့ မဟုတ်ပါဘူး။ ငါတို့ ဘဝတွေဟာ အဖြစ်ဆိုးလှပါလား၊ လောကဓံကို အံကြိတ်ပြီး ကြံံ့ကြံ့ခံရတော့မှာပါလားဆိုတဲ့ အသိနဲ့ ယူကြုံးမရဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အားပေးတဲ့ အနေနဲ့ ထွေးပွေ့လိုက်ကြတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခန်းကတော့ နှစ်ဘီးတပ် လက်တွန်းလှည်းပေါ်မှာ တပ်ဆင်ထားတဲ့ ခေါင်းလေးထဲကို သားငယ်ရဲ့ ရုပ်ကြွင်းကိုထည့်ပြီး မိခင်ဖြစ်သူနဲ့ ဦးကြီးဖြစ်သူတို့ သုသာန်ကို သင်္ဂြိုဟ်ဖို့သွားကြတဲ့ အခန်းပါပဲ။ လှည်းဘီးက ကျောက်တုံးလေးတွေကို နင်းမိပြီး “ဂျိမ့်ဂျိမ့်” နဲ့ မြေကြီးပေါ်ကို ပြန်ဆောင့်ကျသွားတဲ့ အခါမှာ မိခင်ဖြစ်သူက “ဦးကြီးရယ် ဖြည်းဖြည်းဆွဲပါ သားလေး နာသွားပါ့မယ်” လို့ ပြောလိုက်တဲ့ အခန်းပါပဲ။ ဒါတွေဟာ နေစရာမြေရယ်လို့ ရှိနေပေမယ့်လည်း အမိမြေ မတည်ငြိမ် မအေးဆေးနိုင်သေးတဲ့ ကာလတွေမှာ လူတွေသောကရောက်ကြရတဲ့ အဖြစ်ကို ဖော်ပြထားတာပါလားလို့ နားလည်ခဲ့ရပါတယ်။နိုင်ငံတစ်နိုင်ငံ အင်အားတောင့်တင်းဖို့ ဆိုတဲ့နေရာမှာ လက်ရှိပစ္စုပ္ပန်မှာရော အနာဂတ် ကာလမှာပါ အချင်းချင်း ညီညွတ်ကြဖို့ အဓိက ကျပါတယ်။ ညီညွတ်မှုမရှိဘဲ ကိုယ်ကျိုးအတ္တတွေကိုချည်းပဲ ကြည့်ကြမယ်ဆိုရင်၊ အမိမြေတွေ ပဲ့ပါသွားမယ်၊ ပျောက်သွားမယ်။ ပြီးရင် နိုင်ငံပျောက်မယ်၊ အလံပါ ပျောက်မယ်။ ဒါ့ကြောင့် ကိုယ်ကျိုးနဲ့ အများအကျိုးကို မျှမျှတတဖြစ်အောင် ချင့်ချင့်ချိန်ချိန်နဲ့ ကြည့်ပြီး ဒီလိုဒီလိုလုပ်ရင် အနာဂတ်မှာ ဘာတွေ ဘယ်လို ဖြစ်သွားနိုင်သလဲ ဆိုတာကို လက်တွေ့ကျကျ တွေးခေါ်တတ်ကြဖို့ အထူး လိုအပ်လှပါတယ်။ ဒါမှသာ ကိုယ်တို့ ပြည်သူတွေကို ခံဆောင်ထားတဲ့ ဒီဒေါက်သုံးဒေါက်ဟာ အစဉ်အမြဲ တောင့်တင်းခိုင်မာ နေနိုင်မှာပါလားလို့ သဘောပေါက်လိုက်မိပါတယ်။