အရည်အချင်းရှိတဲ့ ပြိုင်ဘက် အဆင့်အတန်းမြင့်တဲ့ဲ ပြိုင်ပွဲ

အရည်အချင်းရှိတဲ့ ပြိုင်ဘက် အဆင့်အတန်းမြင့်တဲ့ဲ ပြိုင်ပွဲ
Published 21 February 2015
မောင်စံပေါ

(၁) ၁၉၉၈ ခုနှစ်တုန်းက တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ဒေသရဲ့ အကြီးဆုံးမြို့ တော်ဖြစ်တဲ့ ရှင်ယန် (Shen Yang) မြို့တော် မှာ အာရှအားကစားပွဲတော် (Asian Sports Festival) ကျင်းပခဲ့ပါတယ်။ ရှင်ယန်က ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Green Island Resort မှာ ပြုလုပ်တဲ့ အာရှစစ်တုရင် ပွဲတော်မှာ မြန်မာနိုင်ငံက မောင်မောင်လွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲတစ်ဝက်ကျိုးချိန်မှာ ထိပ်ဆုံးက ဦးဆောင်သူနေရာမှာ ရပ်တည်ခဲ့ပြီး တရုတ်စစ်တုရင် ဂရင်းမာစတာ Xi Jun နဲ့တွေ့ဆုံ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြင်းတစ်ရုပ်စီနဲ့ နယ်ရုပ်တွေ ကျန်နေတဲ့ အင်အားတူ အနေအထားတူ ပွဲဆုံးပိုင်းကို ရောက်ခဲ့ပါတယ်။ စိတ်မရှည်ခြင်းရဲ့ ရလဒ်အနေနဲ့ သရေကျရမယ့်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးပွဲအပြီးမှာ Xi Jun က ပထမချန်ပီယံဆုကို ရရှိခဲ့ပါတယ်။(၂)ပြိုင်ပွဲကြီးအပြီးမှာ တရုတ် ရုပ်မြင်သံကြားလိုင်းတစ်ခုက သူ့ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးနဲ့ ပတ်သက်ရင် အဲဒီပွဲဟာ အမှတ်တရလားဆိုတဲ့ မေးခွန်းကို အသာအယာခေါင်းယမ်းပြီး ဖြေကြားခဲ့တယ်။အမှတ်တရဖြစ်ခဲ့ရတာ အသက် ရှစ်နှစ်သာရှိသေးတဲ့ ကလေးမလေးနဲ့ တွေ့ခဲ့တဲ့ ပွဲပါ။ ပြိုင်ပွဲကြီးတစ်ခုလုံးမှာ အမှတ်ဝက်သာ ရခဲ့တဲ့ ကလေးမလေးဘဲ ဥကွဲခဲ့တာ သူနဲ့ပွဲမှာပါ။အင်အားသာ အကွက်သာနေတဲ့ ပွဲလယ်ပိုင်းမှာ သရေကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားက မေးပါတယ်။အဲဒီအခါမှာ ၁၉၇၃ ခုနှစ် သူ စစ်တုရင် စတင်ကစားခါစ ပထမဦးဆုံးပြိုင်ခဲ့တဲ့ ပြိုင်ပွဲအကြောင်း အမှတ်တရ ပြန်ပြောင်းပြောပြပါတယ်။ စစ်ကိုင်း ကုန်သွယ်လယ်ယာ ကထိန်စစ်တုရင်ပြိုင်ပွဲမှာပါ။ ငွေတန်ဖိုးရှိတဲ့ခေတ်မှာ ဝင်ကြေးငါးကျပ်ဆိုတာ အတော်များပါတယ်။သားရဲ့ဝါသနာကို အားပေးတဲ့ဖခင်က ဝင်ကြေးကို အသာတကြည် ပေးခဲ့ပါတယ်။ပြိုင်ပွဲကို အုပ်စုတွေခွဲပြီး ကျင်းပရာမှာ အုပ်စုတူအဖြစ် ကိုစိန်ရီ (မန္တလေးတက္ကသိုလ်ချန်ပီယံ)၊ တိုင်းပဏာမ လက်ရွေးစင်တစ်ဦး မြို့နယ်အဆင့် ကစားသမားတစ်ဦးနဲ့အတူ တွေ့ခဲ့ပါတယ်။ ၁၂ နှစ်အရွယ် လူငယ်လေးရဲ့ ပထမဦးဆုံးပြိုင်ပွဲမှာ ပထမဦးဆုံးတွေ့တဲ့ ပြိုင်ဘက်က ကိုစိန်ရီ ဖြစ်ပါတယ်။ ကိုစိန်ရီနဲ့ပွဲမှာ တိုက်စစ်ဆင်ရင်းနဲ့ ကိုစိန်ရီရဲ့ ဘုရင် သတ်ကွင်းထဲရောက်သွားတယ်။ အဲဒီအချိန်မှာ ရွှေ့လှည့်တစ်လှည့် မှားသွားတော့ အကာအကွယ်မဲ့နေတဲ့ သူ့ဘုရင်ကို ကိုစိန်ရီက အလွယ်တကူ သတ်သွားခဲ့တယ်။သူ့ရဲ့လက်စလက်နကို မြင်တွေ့လိုက်ရတဲ့ နောက်ပြိုင်ဘက်က စေ့စေ့စပ်စပ်နဲ့ အနေအထား အဓိကပွဲကစားပြီး အနိုင်ယူသွားတယ်။ တစ်ပွဲပဲ အနိုင်ရခဲ့တယ်။အဲဒါ သူ့ရဲ့ပထမဦးဆုံးပွဲအတွေ့အကြုံ။ အဲဒါပြောပြဖြေကြားအပြီးမှာ သူ့ရဲ့ပြိုင်ဘက် ရှစ်နှစ်သမီးကလေးကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်။(၃)အဲဒီကလေးမလေးကို ဘာဖြစ်လို့ အရွယ်တူ အသက်တူတွေအတွက် ကျင်းပတဲ့ သက်တမ်းအလိုက်ပွဲမှာ ဝင်မကစားဘဲ ဒီပွဲကြီးမှာ ဝင်ကစားတာလဲ။ မျှော်လင့်ချက်မှ မရှိတာ၊ သက်တမ်းအလိုက် ပွဲဝင်ကစားရင် ဆုရနိုင်သေးတယ် မဟုတ်လားလို့ မေးပါတယ်။စကားပြန်ကနေတစ်ဆင့် ပြန်ဖြေပါတယ်။“ပြိုင်ပွဲကြီးမှာပြိုင်တော့ အလုပ် ပိုလုပ်ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကြီး သေးသေး လေးလေးစားစားနဲ့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကြီးကြီးမှာ လက်ရည်မြင့်တဲ့ ပြိုင်ဘက် နဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် သူ့ရဲ့ကစားပွဲတွေကို လေ့လာရတာကြောင့် ပိုပြီးပညာရပါတယ်။သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး ကိုယ်ကစားဖို့ အစီအစဉ် ချရပါတယ်။ လေ့လာတာ၊ သုံးသပ်တာ၊ ပြင်ဆင်တာ၊ ယှဉ်ပြိုင်ကစားတာစသဖြင့် အများကြီးအကျိုးရှိပါတယ်။ဘဲဥမကွဲသေးလည်း အေးအေးဆေးဆေး လေးလေးစားစားနဲ့ ပြင်ဆင်ကစားပါတယ်။ ပွဲတိုင်းကို ကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ပါတယ်။ အဲဒီကလေးမလေးဟာ တရုတ်မှာ ထိပ်တန်း အမျိုးသမီးဂရင်းမာစတာတစ်ဦး ဖြစ်လာပါတယ်။(၄)ကျောင်းသားဘဝက သင်ခဲ့ရတဲ့စာထဲမှာပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြည့်ခဲ့တဲ့ လှေပြိုင်ပွဲ၊ ပြိုင်ကြတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ကြပုံတွေကို ပြန်မြင်ယောင်ပြီး ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းစကားတွေ ပြန်ကြားမိပါတယ်။တွေ့နေမြင်နေကျ စစ်တုရင်ပြိုင်ပွဲတွေကို သတိရမိပါတယ်။ အကျွမ်းတဝင်ရှိနေတဲ့ ကစားသမားတွေ၊ သူတို့ရဲ့တိုးတက်မှု ဆုတ်ယုတ်မှုတွေကို ဆန်းစစ်မိပါတယ်။(၅)လက်ရည်မြင့်တဲ့သူက လက်ရည်နိမ့်တဲ့သူနဲ့ တွေ့ရင် ငါနိုင်မှာပဲဆိုပြီး ပေါ့ပေါ့တန်တန် ကစားတယ်။ ကွက်ကုန် မတွက်ဘူး။ ဖြစ်နိုင်သမျှ လိုင်းခွဲတွေကို မတွက်ချက်ဘူး။ ငါသာ သူ့နေရာမှာဆိုရင် ဘာရွှေ့မယ်ဆိုတာမျိုးတွက်တာ နည်းလာတယ်။ပြိုင်ဘက်ရဲ့ ရွှေ့ကွက်တွေကိုကြည့်ပြီး သင့်နိုးထင်ရာ လျှောက်ရွှေ့တယ်။ရလဒ်အနေနဲ့ နိုင်ချင်နိုင်မယ်၊ မကောင်းတဲ့ အမူအကျင့်တွေက မသိမသာနဲ့ စွဲဝင်သွားတယ်။ ကြာလာတော့ မတိုးတက်တဲ့အပြင် ဆုတ်ယုတ်လာတယ်။(၆)လက်ရည်နိမ့်သူကကျတော့ ပြိုင်ပွဲမှမ ကစားရသေးဘူး၊ ပြိုင်ဘက်သိတာနဲ့ ငါဒီပွဲတော့ ရှုံးပါပြီဆိုပြီး ရှုံးစိတ်က အရင်ဝင်နှင့်တယ်။ ဘယ်လောက်ပြင်ဆင်ပြင်ဆင်၊ ဘယ်လိုကြိုးစားကြိုးစား ရှုံးမှာပါပဲဆိုပြီး ကိုယ်လုပ်ရမယ့်အလုပ် မလုပ်ဘူး။ မပြင်ဆင် မလေ့လာဘူး။ ကစားသက်အလျောက် အတွေ့အကြုံပေါ်အခြေခံပြီး တိုးတက်မှု ရှိကောင်းရှိမယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တိုးတက်မှုတော့ မဟုတ်မှာသေချာတယ်။(၇)စစ်တုရင်ပြိုင်ပွဲ ကျင်းပရာခန်းမရဲ့ အခြေအနေဟာ ပြိုင်ပွဲဝင်တွေအတွက် သင့်လျော်မှု ရှိရပါမယ်။ ရာသီဥတု အပူအအေး အလင်းရောင်၊ သက်သောင့်သက်သာရှိစွာ ထိုင်ပြီး ကစားဖို့အဆင်ပြေတဲ့ စားပွဲနဲ့ ကုလားထိုင် တိတ်ဆိတ်ငြိမ်သက်မှု၊ အနှောင့်အယှက်တို့မှ ကင်းဝေးမှုစသဖြင့် ဂရုပြုရမယ့်အချက်တွေ ရှိပါတယ်။ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သူကလည်း စည်းမျဉ်းစည်းကမ်းဥပဒေတွေကို ကျေညက်စွာ နားလည်ရပါတယ်။ အရေးအကြီးဆုံး အချက်အနေနဲ့ ဒိုင်လူကြီးတစ်ယောက် ဆောင်ရွက်ရတာကတော့ ပွဲအစကနေ ပွဲအဆုံးအထိ ပြိုင်ပွဲဝင်တွေဟာ ညီမျှတဲ့အခြေအနေမှာ မှန်ကန်မျှတစွာ ယှဉ်ပြိုင်နိုင်ရေးပဲ ဖြစ်ပါတယ်။(၈)ပြိုင်ပွဲတစ်ခုကို ဖြစ်ကတတ်ဆန်း ကျင်းပတာ၊ စိတ်ကူးပေါက်ရာ စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးတာ၊ ပြိုင်ပွဲကျင်းပမယ့် နေ့ရက်၊ အချိန်၊ နေရာတွေကို လုံလောက်တဲ့အချိန်ကာလ ကြိုတင်ပြီး ကြေညာထားခြင်းမရှိတာ ပြိုင်ပွဲကျင်းပမယ့်စနစ် အဆုံးအဖြတ်ပြုမယ့် ပုံစံနဲ့ပတ်သတ်ပြီး တိကျစွာကြိုတင် အသိပေးထားခြင်း မရှိတာ၊ ပြိုင်ပွဲဝင်တွေရဲ့အရည်အချင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာထုတ်ပြန်ထားခြင်း မရှိတာ (သို့မဟုတ်) မျှတမှန်ကန်မှုမရှိတာ၊ ပွဲစဉ်ဇယားရေးဆွဲရာမှာ လိုသလိုပြောင်းလဲရေးဆွဲတာ၊ ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက် (သို့မဟုတ်) အသင်းတစ်သင်း အသာစီးရစေရေး၊ အနိုင်ရစေရေးအတွက် ရည်ရွယ်ကျင်းပတာ စတဲ့အချက်တွေဟာ ပြိုင်ပွဲရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ပြိုင်ပွဲရဲ့အဆင့်အတန်းကို နိမ့်ကျစေပါတယ်။ ပရိသတ်ရဲ့စိတ်ဝင်စားမှုနဲ့ အားပေးမှုကို လျော့ကျစေပါတယ်။ အဆုံးစွန်ပြောရရင် ပြိုင်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှုပျောက်ဆုံးနိုင်ခြင်းပါပဲ။(၉)ပြိုင်ပွဲတစ်ခုမှာ အထူးအရေးကြီးတဲ့ ကဏ္ဍက ပါဝင်တာကတော့ ပြိုင်ပွဲဝင်တွေ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မရှိဘဲနဲ့ ပြိုင်ပွဲ မဖြစ်နိုင်ပါဘူး။ အင်အားကြီးတဲ့ ပြိုင်ပွဲဝင်ပဲဖြစ်ဖြစ်  အင်အားနည်းတဲ့ ပြိုင်ပွဲဝင်ပဲဖြစ်ဖြစ် နိုင်ဖို့အခွင့်အရေးများတဲ့ ပြိုင်ပွဲဝင်ပဲဖြစ်ဖြစ်၊ နိုင်ဖို့ အခွင့်အရေးနည်းတဲ့ ပြိုင်ပွဲဝင်ပဲဖြစ်ဖြစ် ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အရည်အချင်းကို ကြိုးစားပြီး မြှင့်တင်ရပါမယ်။ လိုအပ်ချက်၊ အားနည်းချက်တွေကို ဖြည့်ဆည်းရပါမယ်။ အဖြစ်ဝင်ပြိုင်တာမျိုး၊ အဖြည့်ဝင်ပြိုင်တာမျိုး မဖြစ်သင့်ပါဘူး။ ပြိုင်ပွဲဝင်တွေရဲ့အရည်အချင်းတွေဟာ တစ်ပွဲထက် တစ်ပွဲ ပိုမြင့်လာတာ ပိုတိုးတက်လာတာမျိုး ဖြစ်ရပါမယ်။ပြိုင်ပွဲဝင်တွေ အရည်အချင်းရှိပြီး ပြိုင်ပွဲဟာ အဆင့်အတန်းမြင့်တယ်။ ပြိုင်ပွဲဝင်တွေ အရည်အချင်းပြည့်ပြီး ပြိုင်ပွဲဟာ အဆင့်အတန်းရှိတယ်။ ဘယ်လောက်ကောင်းသလဲဗျာ။ပရိသတ်က ပုဂ္ဂိုလ်စွဲ၊ အသင်းစွဲနဲ့ အားပေးတောင်မှ မှန်ကန်မျှတတဲ့ပြိုင်ပွဲမှာ ပေါ်ထွက်လာတဲ့ရလဒ်ကို ကျေကျေနပ်နပ် လက်ခံကြမှာပါ။ “ထိုက်တန်သူအနိုင်ယူပါစေ”။