ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ရန်ပုံငွေသုံးစွဲမှုနှင့် ဥပဒေရေးဆွဲအကာအကွယ်ပေးမှုအခြေအနေတို့ပါဝင်သည့်အစီရင်ခံစာ ကုလသမဂ္ဂသို့ အရပ်ဘက်အဖွဲ့အစည်းများတင်မည်

ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ရန်ပုံငွေသုံးစွဲမှုနှင့် ဥပဒေရေးဆွဲအကာအကွယ်ပေးမှုအခြေအနေတို့ပါဝင်သည့်အစီရင်ခံစာ ကုလသမဂ္ဂသို့ အရပ်ဘက်အဖွဲ့အစည်းများတင်မည်
Published 20 February 2015
ဇာလီမြင့်ဦး

ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ရန်ပုံငွေသုံးစွဲမှုနှင့် ဥပဒေရေးဆွဲအကာအကွယ်ပေးမှုအခြေအနေတို့ပါဝင်သည့် ကလေးအခွင့်အရေးအစီရင်ခံစာကို ကုလသမဂ္ဂသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။"ကျွန်တော်တို့ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက်လုပ်နေတဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က CRC coorporation၊ မြန်မာကလေးအခွင့်အရေးညွန့်ပေါင်းအဖွဲ့ဆိုပြီးတော့ ကလေးအစီရင်ခံစာတစ်ခုရေးနေတယ်။ ကျွန်တော်တို့အဲဒီအစီရင်ခံစာကို ဖေဖော်ဝါရီလကုန်မှာအပြီးရေးပြီးတော့ မတ်လပထမပတ်လောက်မှာ ကုလသမဂ္ဂကိုတင်မယ်" ဟု Equality Myanmar မှ ဦးအောင်မျိုးမင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားသည်။အဆိုပါအစီရင်ခံစာအား ၂၀၁၄ နိုဝင်ဘာမှစတင်ပြုစုနေခြင်းဖြစ်ပြီး အစီရင်ခံစာပြုစုရာတွင် Save the Children Myanmar ၊ ရတနာ့မဟာ၊ Equality Myanmar ၊ Myanmar Education Consortium (MEC) နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရေးဆွဲနေကြောင်း သိရသည်။အဆိုပါကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအစီရင်ခံစာတွင် နိုင်ငံတွင်း ကလေးစစ်သားပြဿနာ၊  ကလေးများလူကုန်ကူးခံရမှုအခြေအနေ၊ ပညာရေး၊ ကလေးအလုပ်သမားနှင့် ကလေးများဖွံ့ဖြိုးတိုးတက်မှုနှင့် မွေးစာရင်းဆိုင်ရာအခြေအနေတို့အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဆောင်ရွက်ပေးမှုများနှင့် လက်ရှိအခြေအနေအရပ်ရပ်ကို တင်ပြထားကြောင်း သိရသည်။"သုံးသပ်ထားတာတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ကလေးနဲ့ပတ်သက်တဲ့ဥပဒေက သိပ်ပြီးတော့ပြည့်စုံမှုမရှိတာကို အများဆုံးတွေ့ရတယ်။ နောက်တစ်ခုကတော့ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီရန်ပုံငွေသုံးစွဲမှုအရမ်းနည်းပါတယ်။ အဲဒါရဲ့ရလဒ်တွေကဘာဖြစ်လဲဆိုတော့ အစီအစဉ်တွေက တကယ်ထိရောက်တဲ့အစီအစဉ်မဖြစ်တာတွေ၊ အားနည်းတဲ့အစီအစဉ်တွေဖြစ်တာတွေ ဒါတွေ ကျွန်တော်တို့တွေ့နေရတာ အဓိကအချက်ပါပဲ။ ဒါတွေ ဒီအချက်တွေလည်း အစီရင်ခံစာမှာပါဝင်တယ်။ တစ်ဖက်မှာ ကလေးအလုပ်သမားနဲ့ပတ်သက်လို့ ဥပဒေရေးဆွဲထားပေမယ့် တကယ်တမ်း ကလေးအလုပ်သမားကနေဆွဲထုတ်နိုင်ဖို့ ခက်ခဲနေတာတွေ၊ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအဆင်မပြေလို့ပေါ့။ အဲဒါကြောင့် ကလေးအလုပ်သမားတွေ၊ ကလေးနဲ့ပတ်သက်တာတွေလုပ်ဆောင်တဲ့နေရာမှာ ချက်ချင်းလုပ်ဆောင်တာတွေလုပ်သင့်သလို နိုင်ငံတော်က ကလေးတွေအပေါ် ပိုမိုရင်းနှီးမြှုပ်နှံပေးဖို့ လုပ်ငန်းတွေအများကြီးလုပ်ဆောင်ဖို့လိုပါတယ်" ဟု ဦးအောင်မျိုးမင်းက ဆက်လက်ပြောကြားသည်။နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ လေးနှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရခြင်းဖြစ်ပြီး ယခင်နှစ်များက အစိုးရမှ အစီရင်ခံစာတင်သွင်းမှုနှင့် နယ်စပ်အခြေစိုက်အဖွဲ့အစည်းအချို့က သက်ဆိုင်ရာဒေသအခြေအနေများကို တင်ပြခြင်းသာရှိပြီး ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက တင်သွင်းမှုများမရှိခဲ့ဘဲ ယခုနှစ်တွင် ပြည်တွင်းအရပ်ဘက်အဖွဲ့များက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတွင်း လူ့အခွင့်အရေးများနှင့်ပတ်သက်သော အစီရင်ခံစာများတင်ပြရန် စီစဉ်လာခြင်းဖြစ်သည်။                 

Most Read

Most Recent