မြန်မာတစ်ယောက်ဖြစ်ရခြင်း၏ အကျိုး

မြန်မာတစ်ယောက်ဖြစ်ရခြင်း၏ အကျိုး
Published 20 February 2015
သန်းထိုက် (သာကေတ)

ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း ကြီးသည် တန်ဆောင်မုန်းလပြည့် ညတွင် နန်းပြသာဒ်ဆောင်၌ ကြည်လင်အေးမြသော လမင်းကြီးကိုကြည့်ပြီး စဉ်းစားခန်းဝင်နေသည်။ ပြည့်ရှင်မင်းကြီး တစ်ပါးဖြစ်သည့် အတွက် လောကီစည်းစိမ်ချမ်းသာရရှိပိုင် ဆိုင်နိုင်ရေးအတွက် တိုင်းရေးပြည်ရေးအ တွက်မဟုတ်။ ခမည်းတော်မင်းကြီး ဗိမ္ဗိသာရ ကို လုပ်ကြံမိပြီး နန်းစည်းစိမ်ရရှိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာချမ်းသာမှု၊ ရွှင်လန်းချမ်းမြေ့ မှု လိုအပ်နေမှုကို ဖြစ်သည်။ မိမိ၏ဘဝကို အားမလိုအားမရဖြစ်နေသည်။ ချမ်းသာခြင်း နှစ်မျိုးရှိသည့်အနက် အဓိကကျသော စိတ် ချမ်းသာမှုကို လိုလားတောင့်တနေသည်။ သူ၏လိုနေသော စိတ်ရွှင်လန်းချမ်းမြေ့မှု ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မည့် ပညာ ရှိ၊ သူတော်ကောင်းကို တွေ့ချင်နေခဲ့သည်။ ဤလောကတွင် မည်သို့သော ပုဂ္ဂိုလ်ကသူ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလဲ။ လောကကြီးမှာ ထိုသို့သောပုဂ္ဂိုလ်မျိုးရော ရှိရဲ့လား။ တကယ်လို့များ ထိုပုဂ္ဂိုလ်မျိုးကို မတွေ့ရ၊ မမေးရ၊ မသိရဘဲ လူ့ဘဝပြီးဆုံးခဲ့ လျှင်ဖြင့် လူဖြစ်ရကျိုး၊ မင်းဖြစ်ရကျိုးမနပ်ဟု ထင်မြင်ယူဆနေသည်။ ပူပန်သောကရောက် နေရသည်။
အဇာတသတ်မင်းကြီးသည် သူ၏စိတ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့သာ ကြိုးစားအားထုတ်နေမိသည်။ သူ၏မှူးမတ်ပညာရှိများနှင့် ဆွေးနွေးတိုင်ပင်အကြံတောင်းကြည့် သည်။ နည်းလမ်းရှာကြည့်သည်။ တိုင်းသိ ပြည်သိကျော်စောထင်ရှားပြီး သူတော်စင်ဟု သမုတ်ထားသူများနှင့်လည်း တွေ့ဆုံခဲ့ပြီးပြီ။ သူလိုချင်သောဆန္ဒ၏အဖြေမှန်ကို၊ လမ်းမှန်ကို မရခဲ့။ မတွေ့ခဲ့။ ကောင်းမှု မကောင်းမှုဟူ၍ မခံယူသောကံမဲ့ဝါဒရှင် ပုရာဏကဿပ နှင့် ဆရာကြီးမက္ခလိဂေါသာလ။ လူ့ဘဝဆို တာ မွေးဖွားခြင်းမှ သေဆုံးခြင်းသာဖြစ်သည်။ သေသည်၏နောက်၌ ဘာမှမရှိဟုဆိုသော အဇိတကေသမ္ဗလ။ လူတစ်ယောက်၏ ဦးခေါင်းကို ခုတ်ပိုင်းစေကာမူ သတ်ဖြတ်ခြင်း မမည်ဟုဆိုသော ပကုဓကစ္စာယနဆရာကြီး။ မကောင်းမှုကို ပယ်စွန့်ပြီး လွတ်မြောက်ရာကို တွေ့ပြီးပြီဆိုသော နိဂဏ္ဍနာဋပုတ္တ၏ အကျင့်နှင့် ဝါဒ၊ လောကနှင့် လူသား၊ အနာဂတ်နှင့် သံသရာရှိသည် မရှိသည်ကို ကွဲပြားစွာမသိ၊ မခံယူသော သဉ္စယဗေလဋ္ဌပုတ္တဆိုသော ဆရာကြီးများ၊ ဝါဒရှင်များကို ချဉ်းကပ်တွေ့ဆုံ လေ့လာပြီးပြီ။ သို့သော် အဇာတသတ်မင်းကြီး လိုချင်တောင့်တနေသော စိတ်ချမ်းသာ ကျေနပ်မှုကိုမရဘဲ ဖြစ်နေသည်။
လူတစ်ယောက်၏ ချမ်းသာကြီးပွားမှု အတွက် မိတ်ဆွေကောင်းဆိုတာ လိုအပ်သည့် အတိုင်း သမားတော်ဇီဝကကြောင့် မြတ်စွာ ဘုရားကို တွေ့ဆုံဆည်းကပ်ခွင့်ရခဲ့သည်။ မြတ်စွာဘုရားကို ရဟန်းဖြစ်ရခြင်း၏ လက်ငင်းအကျိုး၊ သံသရာအကျိုးတို့ကို မေးသည်။ မြတ်စွာဘုရားက သူ၏လိုအပ်နေသော စိတ်အာဟာရကိုပေး၏။ ဟောပြောဆုံးမလမ်း ညွှန်ပေးခဲ့၏။ မြတ်စွာဘုရားက နိဂုံးစကား ဆိုခဲ့သည်။ “မင်းကြီး...သင်သည် တွေဝေ မိုက်မဲကျူးလွန်မိခဲ့သောအပြစ်ကို အပြစ်ဟူ၍ ပြင်၏။ ထိုအပြစ်ကို ကုစား၏။ နောင်အခါ မကျူးလွန်မိအောင် စောင့်စည်း၏။ ထိုသို့ သော ကုစားမှု၊ စောင့်စည်းမှုသည် ကြီးမားခြင်း ပေတည်း။” အဇာတသတ်မင်းကြီး မိတ်ဆွေကောင်း၏ ကူညီမှုဖြင့် ဆရာကောင်းတွေ့ခဲ့သည်။ ပြည့်ဝန်းသောညအခါတွင် လိုအပ်နေသော စိတ်ရွှင်လန်းချမ်းသာမှုကို ရခဲ့သည်။ သူ့ဘဝအလှည့်အပြောင်း ဖြစ်ခဲ့သည်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညဖြစ်သည်။ အဇာတသတ်မင်းကြီး ကံကောင်းပေစွ။
ကျွန်တော်၏ အိပ်ရာပြတင်းပေါက်မှ ကြည်လင်ဝိုင်းစက်နေသော လမင်းကြီးကို ကြည့်ရင်း ဘဝတစ်သက်တာ ခံစားနေရသော လိုအပ်မှု၊ အလိုမပြည့်မှုများကို တွေးတော နေမိသည်။ အဇာတသတ်မင်းကြီးမဟုတ်၍ စိတ်ရောကိုယ်ပါလိုအပ်ချက်၊ လိုအင်ဆန္ဒတွေ များလှသည်။ ကျွန်တော်သည် မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ လူမျိုး ၁၃၅ မျိုးနှင့် လူဦးရေ သန်း ၅ဝ ကျော် နေထိုင်သော မြန်မာနိုင်ငံတွင် နေထိုင်ကြီးပြင်းခဲ့သည်။ ယခုဆိုလျှင် တတိယအရွယ်ရောက် ခဲ့ပြီဖြစ်သည်။
သန်းပေါင်းများစွာသော မြန်မာလူမျိုးများအကြား တစ်ဦးနှင့်တစ်ဦး ခံစားချက်၊ ခံယူချက်၊ တန်ဖိုးထားမှု တူညီမည်မဟုတ်သလို ကျွန်တော်နှင့် ထပ်တူထပ်မျှ ဖြစ်ချင်မှဖြစ်မည်။ ကျွန်တော်က ဆင်းရဲသော်လည်း အခြားမြန်မာများ ချမ်းသာသည်။ ကျွန်တော်တို့လို အတွေ့အကြုံခက်ခဲကြမ်းတမ်း၍ မကျေနပ်မှု၊ မပြည့်စုံမှု၊ အလိုမကျမှုတို့ ရှိသော်လည်း အခြားသူများက ကျေနပ်ပြည့်စုံချမ်းသာ နေနိုင်မည်။ ကျွန်တော်တို့လို တွေ့ကြုံခံစား သဘောထား အမြင်ရှိသော မြန်မာများစွာရှိသလို ဆန့်ကျင်ဘက်တွင်လည်း မြန်မာများ ရှိနေနိုင်ပါသည်။ ရှိလိမ့်မည်သာဖြစ်သည်မှာ သဘာဝဖြစ်သည်။ ထို့ကြောင့် ယခုရေးသားသော မြန်မာတစ်ယောက် ဖြစ်ရခြင်း၏ အကျိုးသည် ကျွန်တော်နှင့် ထပ်တူထပ်မျှရှိနေ ခံစားနေသော မြန်မာလူမျိုးများကို ကိုယ်စားပြုပါသည်။
မြန်မာတစ်ယောက် ဖြစ်ရခြင်း၏ လက်ငင်းအကျိုးတစ်ခုရှိသည်။ ဘိုးဘွားမိဘတို့ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့သော ဘာသာသာသနာ၊ ယဉ်ကျေးမှုတန်ဖိုးများကို ဆက်ခံခွင့်ရရှိခြင်းဖြစ်သည်။ ပြည့်စုံကောင်းမွန်ပြီး နူးညံ့သိမ်မွေ့လှသော လောကီလောကုတ် နှစ်ဖြာသောအကျိုးကို ပေးစွမ်းနိုင်သော အကျင့်သီလ၊ ဆိုဆုံးမမှုများနှင့် ထုံမွမ်းထားသည့် ရတနာအစစ်ကို ကိုးကွယ် ဆည်းကပ်ခွင့်ကြုံသော လူတစ်ယောက်ဖြစ် ရခြင်းပင်ဖြစ်သည်။ ထိုအကျိုးတရားက မိဘဘိုးဘွားတို့ ပေးအပ်ခဲ့သော ဘိုးဘွားပိုင် အမွေအနှစ်သာဖြစ်သည်။ အတိတ်ကံအကျိုးကို ခံစားရခြင်းသာဖြစ်သည်။ လက်ရှိပစ္စုပ္ပန်ဘဝ ဒုက္ခမျိုးစုံကို ဤအသက်အရွယ်အထိ ကြံံ့ကြံ့ခံနေနိုင်ခြင်းသည် ဘိုးဘွားပိုင်အမွေဖြစ်သည့် ဘဝနေနည်း၊ တန်ဖိုးထားနည်း အကျင့်ကောင်း အကျင့်မြတ်တို့ကြောင့်သာ ဖြစ်သည်။
ပါလီမန် ဒီမိုကရေစီခေတ်တွင် မွေးခဲ့သော ကျွန်တော်သည် သုံးနှစ်အရွယ်၌ တစ်ပါတီအာဏာရှင်စနစ်နှင့် ကြုံခဲ့သည်။ မြန်မာ့နည်း မြန်မာဟန်နှင့် ဆိုရှယ်လစ်ခေတ်ကို ဘွဲ့ရအလုပ်ဝင်သည်အထိ ဖြတ်သန်းခဲ့သည်။  မြန်မာလူမျိုးတစ်ယောက်ဘဝ စတင်ရရှိခဲ့ စဉ်က နိုင်ငံသည် ချမ်းသာသည်ဟု သိရသည်။ လက်တွေ့ကျွန်တော်ဘဝက ဆင်းရဲသည်။ ထို့ကြောင့် နိုင်ငံချမ်းသာသည်ဆိုတာ ယုံတမ်းစကားလား။ ဒါမှမဟုတ်ထိုချမ်းသာခြင်းကို မြန်မာလူမျိုးတစ်ယောက်ဖြစ်သော ကျွန်တော် မခံစားရတာလား။ ခံစားခွင့်မကြုံ၊ မထိုက်ခဲ့လို့လားဆိုတာ တွေးဆမိခဲ့သည်။ ထိုချမ်းသာမှုကို မည်သူတွေခံစားနေသလဲ၊ သိမ်းဆည်းထားသလဲ၊ နိုင်ငံချမ်းသာခြင်းနှင့် နိုင်ငံသားတစ်ယောက်ခံစားခွင့် သီးခြားစီရှိ နေခဲ့သလား၊ တိုင်းပြည်ဆင်းရဲဒုက္ခရောက် သည့်အခါမှာတော့ နိုင်ငံသားတွေ ခံစားရ တာ သဘာဝကျပါရဲ့လားဟု အရွယ်ရလာသည့်အခါ စဉ်းစားခဲ့သည်။
ပထမအရွယ်မှာ ချို့ငဲ့သော အသိဉာဏ်ပညာ၊ အတွေးအခေါ်တို့ကိုသာ ရရှိခဲ့ပြီး ဒုတိယအရွယ်ကို စစ်အစိုးရဖွင့်ပေးသော တံခါးမှ ဝင်ရောက်ဖြတ်ကျော် လာခဲ့သည်။ မွန်းကျပ်ထိတ်လန့် ကြောက်ရွံ့ရပြီး ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရပြန်သည်။ စစ်အစိုးရ လက်ထက်တွင် မဆလခေတ်လိုမဟုတ်။ ဘဝချမ်းသာ ကြီးပွားရေးလမ်းများ၊ မလွယ်ပေါက်များ ရှိနေသည်ကို မသိနားမလည် ထုံအသော၊ ရိုးသားသော ကျွန်တော်တို့လို လူအများရှာမတွေ့ခဲ့၍ ဆင်းရဲသောလမ်းကိုသာ လျှောက်ခဲ့ရသည်။ စစ်အစိုးရ ခေတ်အပြီး ဒီမိုကရေစီအစိုးရ တက်လာသောအခါ ကျွန်တော်သည်လည်း တတိယအရွယ် နေဝင်ချိန်သို့ ရောက်ခဲ့သည်။ မှောင်မိုက်ခြင်း မှ မျှော်လင့်ချက်အလင်းရောင် မှုန်ပြပြကို မြင်တွေ့ရသည်။ သို့သော် ထင်သလောက် မနီး၊ ခရီးမပေါက်သေး။ အမြန်ဆုံးလမ်းမှာ အပြေပြစ်ဆုံး လျှောက်နေရသည်တော့ မဟုတ်ပြန်။ ပိုဆိုးသည်က ဝင်္ကဘာလို ကွေ့ကောက်သော လမ်းခွဲ၊ လမ်းလွှဲများ တွေ့နေရသည်။
တရုတ်စကားပုံ တစ်ခုရှိသည်။ “ဆရာ က တံခါးဖွင့်ပေးနိုင်ပါ၏။ သို့သော် အခန်းထဲသို့ သင်ကိုယ်တိုင် ဝင်ရပေလိမ့်မည်” ဆရာ ဆိုသော ဦးဆောင်လမ်းညွှန်သူက အသိဉာဏ်ပညာတံခါးကို ဖွင့်ပေးမည်။ သင့်ဘဝအကျိုးရရှိဖို့ ကိုယ်ကိုယ်နှိုက်က ကြိုးစားအား ထုတ်ရမည်ဟု ဆိုလိုသည်။ ဆရာဖွင့်ပေးသော တံခါးပေါက်သည် သင်၏ကောင်းကျိုး အစစ်အမှန်ရနိုင်ဖို့တော့ လိုမည်။ ဆရာက သင့်အပေါ်ထားရှိသော စိတ်စေတနာအမှန်  ဖြစ်ဖို့တော့လိုမည် ထင်သည်။ အင်္ဂုလိမာလ ၏ဆရာမျိုးနှင့် မကြုံဖို့တော့လိုအပ်မည်။ ဆရာဖွင့်ပေးသောတံခါးသည် သင်သွားလိုသော၊ သင်၏လိုအင်ဆန္ဒနှင့် ထပ်တူကျသော ဝင်ပေါက်လမ်းဖြစ်ဖို့ အရေးကြီးသည်။
ကျွန်တော့်ဘဝတစ်သက်တာ တွေ့ရသောဆရာ (နိုင်ငံ့ခေါင်းဆောင်) တို့သည်လည်း တံခါးကိုတော့ ဖွင့်ပေးခဲ့သည်။ သူတို့ဖွင့်ပေးသော တံခါးသည် ကျွန်တော်၏ အကျိုးလိုအင်ဆန္ဒများနှင့် ထပ်တူကျပြီး ချမ်းသာကြီးပွားခြင်းသို့ တူရူပြုသည့် ဝင်ပေါက်မဟုတ်ခဲ့။ ယနေ့ကာလအထိ ဆင်းရဲခြင်းမှ လွတ်မြောက်ရာ လမ်းမှန်ကို အမြန်ရောက်အောင် ညွှန်ပြခေါ်ဆောင်မည့် မိတ်ဆွေ ကောင်း၊ ဆရာကောင်းနှင့် မကြုံရသေးပေ။ ကျွန်တော် လိုချင်တောင့်တသော ချမ်းသာ ခြင်း အမှန်ဆိုသည်မှာ ခွေးသေ၊ လူသေနှင့် မီးလောင် ပြာကျနေသော တိုင်းပြည်ကိုအောင်နိုင်သည့် ကလိင်္ဂမင်းကဲ့သို့ မဟုတ်ပါ။ မြန်မာ လူမျိုးများအားလုံး တန်းတူညီမျှချမ်းသာ ကြခြင်းကိုသာ ဖြစ်သည်။
အကျိုးတရားဟူသည် အကြောင်း တရားနှစ်ခုအပေါ်တွင် အခြေတည်ဖြစ်ထွန်း တတ်ပါသည်။ အတိတ်က အကြောင်းတရားနှင့် ပစ္စုပ္ပန်ကံအကြောင်းတရားတို့ ဖြစ် သည်။ အတိတ်ကံ အကြောင်းတရားက အရိပ်ပမာ လိုက်ပါအကျိုးပြုနေမည်။ မမြင်ရသော ပြုပြင်ဖန်တီး၍မရသော အတိတ်ကံ အကြောင်းကိုတော့ ဝေဖန်နိုင်စွမ်းမရှိပါ။ အတိတ်ကံအကြောင်းက တွန်းပို့လိုက်သော ပစ္စုပ္ပန်ဘဝ (မြန်မာလူမျိုးတစ်ယောက်) ၏ ပြုပြင်ဖန်တီးနိုင်သော ပစ္စက္ခအခြေအနေများကိုတော့ စိတ်တိုင်းမကျ၊ ဘဝင်မကျ၊ မကျေနပ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ အတိတ်ကံက ပို့ဆောင်လိုက်သော ကျွန်တော့်နေရာ၊ ကျွန်တော့်ရေမြေသည် ရေမရှိ၊ သစ်ပင်တော တောင်မရှိ၊ အရိပ်အာဝါသကင်းမဲ့သော သဲကန္တာရ လွင်တီးခေါင်မဟုတ်။ ရေမြေတော တောင် သဘာဝရတနာများနှင့် ပြည့်စုံသော အိုအေစစ်တစ်ခု၊ နိုင်ငံတစ်ခုသို့ ဖြစ်သည်။ လက်တွေ့ဘဝ ဆင်းရဲဒုက္ခရောက်ခြင်းသည် ပြုပြင်ဖန်တီးသောလူတို့၏ ကံအလုပ်ကြောင့် သာဖြစ်သည်ဟု ယုံကြည်မိသည်။ ရာဇဝင် နိပါတ်တော်လာ မင်းသားတစ်ပါးကဲ့သို့ မရှိ မုန့်ကို တောင့်တနေခြင်းမဟုတ်ပါ။ မဖြစ်နိုင်တာကို စိတ်ကူးတမ်းတပြီး အလိုမကျ ခြင်း၊ မတော်လောဘကြီးနေခြင်းလည်း မဟုတ်ပါ။ ရှိနေမြင်နေပြီး ဖြစ်သင့်သည့်၊ ရရှိခံစားထိုက်သည့် ချမ်းသာခြင်း အကျိုးသာ ဖြစ်ပါသည်။
ယနေ့ပစ္စက္ခ အခြေအနေသည် မြန်မာဖြစ်သော ကျွန်တော်တို့လို လူများအတွက် လွန်စွာအရေးကြီးနေသည်။ နိဒါန်းနှင့် စာကိုယ်မှာ စိတ်ပျက်စရာမလှမပနှင့် ဖျက်ရာခြစ်ရာများခဲ့သော ဘဝစာတစ်ပုဒ်ကို လှပသန့်ရှင်းစွာ နိဂုံးမချုပ်နိုင်ခဲ့လျှင် အမှိုက်ခြင်း တောင်းထဲသို့ လုံးချေစွန့်ပစ်ခံရမှာ၊ ကြေမွ စုတ်ဖြဲခံရမှာ သေချာနေသည်။ လှပသေသပ်ပြီး စိတ်ဝင်စားဖွယ် နိဂုံးချုပ်နိုင်ရန် မြန်မာတစ်ယောက်ဖြစ်ရကျိုး နပ်ရန်အတွက် အဇာတသတ်မင်းကြီးလို မိတ်ဆွေကောင်း၊ ဆရာကောင်းနှင့် တွေ့ဖို့အရေးကြီးနေသည်။ အကယ်၍များ ကံမကောင်းစွာဖြင့် ဒေဝဒတ်လို ဆရာဆိုးနှင့်တွေ့ရရင်ဖြင့် အထက်လမ်းမမြင်၊ အောက်လမ်းသို့သာ လှမ်းရမည့် ကျွန်တော့်လို မြန်မာတစ်ယောက်၏ ဘဝက မတွေးဝံ့စရာ ဖြစ်တော့မည်။ ဘဝနေဝင်ချိန်က နီးလာပြီ။ သောကတွေ ပွေနေရသည်။