အလွဲသုံးစားမှုများနှင့် အခြေခံကောင်းများ ဖန်တီးရေး

အလွဲသုံးစားမှုများနှင့် အခြေခံကောင်းများ ဖန်တီးရေး
Published 20 February 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး တစ်ရပ်မှာ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက် အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခဲ့တဲ့အကြောင်း မီဒီယာမှာ ပါလာခဲ့ပါတယ်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရအသုံး စာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ ဝန်ကြီးဌာနများရဲ့ ဘတ်ဂျက်အလွဲသုံးစားမှုတွေ အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့သူကတော့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦး ဖြစ်ပါတယ်။ ဆွေးနွေးသူရဲ့ ပြောဆိုချက်တွေကို မီဒီယာတွေက ကိုးကားဖော်ပြကြရာမှာတော့ အလွဲသုံးစားမှု ပြုလုပ်သူတွေထဲမှာ အောက်ခြေဝန်ထမ်းတွေက အနည်းငယ်သာဖြစ်ပြီး ရာထူးအဆင့်မြင့်သူတွေက အများကြီး ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဌာနအချို့မှာဆိုရင် ညွှန်ကြားရေးမှူးများသာမက ညွှန်ကြားရေးမှူးချုပ်များ အဆင့်အထိ ပါဝင်နေတယ်လို့ ဒေါ်တင်နွယ်ဦးက ဆွေးနွေးခဲ့တယ်လို့လည်း ဖတ်ရပါတယ်။ ဆက်လက်ပြီး အစိုးရရဲ့ ဘတ်ဂျက်များကို စာရင်းစစ်က စစ်ဆေးတဲ့ အခါမှာလည်း အဓိကကျသော မှားယွင်းမှုများကို တွေ့ရှိရပြီး မှားယွင်းမှုများဟာ လူကြောင့် မှားယွင်းမှုများသာဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ သူ့ရဲ့ဆွေးနွေးချက်မှာ ပါဝင်ခဲ့ပါတယ်။ပမာဏ ကွာခြားနိုင်ဒေါ်တင်နွယ်ဦး ဆွေးနွေးခဲ့သလို အလွဲသုံးစား ပြုသူတွေထဲမှာ အောက်ခြေအဆင့်တွေထက် ရာထူးအဆင့်မြင့်သူတွေ ပါနေတယ် ဆိုတာတွေဟာလည်း တကယ်တော့ ဖြစ်နိုင်တဲ့ အနေအထား ရှိပါတယ်။ အလွဲသုံးစားမှုတွေမှာ ဘယ်သူတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်ပတ်သက်မှု ရှိနေနိုင်သလဲဆိုတာ မသိနိုင်ပေမယ့် လုပ်ပိုင်ခွင့် များများရှိလေ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားနိုင်ဖို့ အခွင့်အလမ်း ပိုများနိုင်တာ ဓမ္မတာ ဖြစ်ပါတယ်။ ရထားတဲ့ လုပ်ပိုင်ခွင့် ရထားတဲ့ အနေအထား ကွာခြားတဲ့ အခြေအနေအလိုက် အောက်ခြေဝန်ထမ်းတွေနဲ့ အရာရှိကြီးတွေရဲ့ အလွဲသုံး စားပြုလုပ်နိုင်တဲ့ တန်ဖိုးပမာဏဟာလည်း ကွာခြားနိုင်တာ အမှန်ဖြစ်ပါတယ်။ လုပ်ငန်းသော်လည်းကောင်း ပစ္စည်းတင်သွင်းမှု တင်ဒါတစ်ခုကိုသော် လည်းကောင်း ချထားပေးနိုင်တဲ့ လုပ်ကိုင်ခွင့်ကို ကိုင်ထားနိုင်သူများနဲ့ လုပ်ပိုင်ခွင့် အနည်းငယ်သာရှိပြီး တစ်နေ့တစ်နေ့ လက်ဖက်ရည်ဖိုးလောက်သာ အောက်ဆိုဒ်ရဖို့ မျှော်နေရသူများ ကြားမှာတော့ အလွဲသုံးစားမှု ပြုခဲ့ကြဦးတော့ ပမာဏက ကွာခြားမယ်ဆိုတာ အလွယ်တကူ သိနိုင်တဲ့အရာ ဖြစ်ပါတယ်။ဆိုးရွားတဲ့ အဆင့်တကယ်တော့ နိုင်ငံရဲ့ ဒေါက်တိုင်တစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ဘတ်ဂျက် အလွဲသုံးစားမှုတွေကဲ့သို့ ခြစားမှုတွေ ရှိနေတာဟာ အုပ်ချုပ်မှု စွမ်းဆောင်ရည်တွေကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နဲ့ ဖြတ်သန်းခဲ့ရတာကြောင့် အာဏာရှင်စနစ်နဲ့အတူ ခြစားမှု၊ အလွဲသုံးစားမှု၊ အဂတိ လိုက်စားမှုတွေဟာလည်း ရှိနေခဲ့တာ မဆန်းပါဘူး။ ဒါကြောင့် အခြားအာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း အဂတိလိုက်စားမှုတွေ ဒုနဲ့ဒေး ဖြစ်ပွားခဲ့ကြပြီး လုပ်ပိုင်ခွင့်များ ရရှိထားသူများက နည်းအမျိုးမျိုးနဲ့
အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူ ဖော်ထုတ်နိုင်ဖို့ တိုင်ကြားလာမှ စစ်ဆေးခြင်းထက် စုံစမ်းဖော်ထုတ် အရေးယူနိုင်မယ့် နည်းနာတွေ အစီအမံတွေကိုလည်း စီမံချက်ချ ဆောင်ရွက်ဖို့ လိုအပ် . . . . .

အလွဲသုံးစားခဲ့ကြလို့ နိုင်ငံဟာ ဒေသတွင်း နိုင်ငံများရဲ့နောက်မှာ ပြတ်ကျန်ခဲ့ရတာလည်း မငြင်းနိုင်တဲ့ အမှန်တရား တစ်ခုပါ။ ဒီလို အလွဲသုံးစားမှုတွေကြောင့်လည်း နိုင်ငံတော်ရဲ့ဘဏ္ဍာ တစ်နည်းအားဖြင့် ပြည်သူလူထုများရဲ့ ဘဏ္ဍာတွေ ဆုံးရှုံး နစ်နာခဲ့ရတာလည်း ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်တွေကို ချထားခွင့်ပြုပေးနိုင်သူတွေထံက အခွင့်အလမ်းတွေ ရရှိလိုသူတွေဟာ သူ့ထက်ငါ မျက်နှာလုပ်ပြီး လုပ်ကိုင်ခွင့် ရရှိရေး နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်ကြရာက နိုင်ငံတကာ ညွှန်းကိန်းတွေမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေဟာ ဆိုးရွားတဲ့အဆင့်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။အရေးယူမှု မတွေ့ရသေးအဂတိ လိုက်စားမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို နိုင်ငံတစ်နိုင်ငံချင်းအလိုက် လေ့လာပြီး အညွှန်းကိန်းအဖြစ် ပြန်လည်တွက်ချက် တင်ပြနေတဲ့ အဖွဲ့အစည်းကြီး ဖြစ်တဲ့ Transparency International အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ Corruption Perceptions Index အဆင့် သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံထဲက အဆင့် ၁၅၇ အဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အဆင့်သတ်မှတ်ချက်တွေ ရှိနေပေမယ့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတဲ့ အပေါ်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီလို ဝေဖန်ကြရာမှာ လွှတ်တော် တာဝန်ရှိသူတွေက ဝေဖန်ထောက်ပြနေသလို မီဒီယာသမားများကလည်း ဝေဖန်မှုတွေ ရှိနေပေမယ့် အဂတိလိုက်စားမှုတွေကို အရေးယူမှုတွေကတော့ မတွေ့ရသလောက် ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ၂၀၁၄ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက် တစ်ရပ်မှာတော့ ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်မှ သြဂုတ်လ ၂၁ ရက်အထိ ကော်မရှင်ထံသို့ တိုင်ကြားစာ ၅၃၃ စောင် ရောက်ရှိခဲ့ပြီး အဲဒီအထဲက သုံးစောင်ကသာ တိုင်ကြားမှု ပေါ်လွင်ပြီး အဂတိလိုက်စားမှု ဥပဒေနဲ့ ငြိစွန်းတာ တွေ့ခဲ့ရတယ်လို့ ပါရှိခဲ့ပြီး တိုင်စာအများစုဟာ အရေးကြီးတဲ့ သက်သေခံချက် မပါတဲ့ တိုင်စာတွေ ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက် နောက်ပိုင်းမှာလည်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အင်နဲ့အားနဲ့ အရေးယူ ဆောင်ရွက်မှုတွေကိုတော့ မတွေ့ခဲ့ရသေးပါဘူး။တကယ်တော့ အလွဲသုံးစားခြင်း အဂတိလိုက်စားခြင်းဆိုတဲ့ ပြဿနာတွေဟာ ဒီအတိုင်း ပစ်ထားလို့ရတဲ့အရာ မဟုတ်ပါဘူး။ အရေးတယူ မဆောင်ရွက်ရင် ပိုပြီးကြီးထွားလာနိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အစဉ်အဆက် ကူးစက်တတ်ပြီး အုံနဲ့ကျင်းနဲ့ ချိတ်ဆက်ထားတတ်တဲ့သဘော ရှိတဲ့အတွက် အဂတိလိုက်စားမှုတွေ ဖော်ထုတ်ဖို့ ဆိုရာမှာ အခက်အခဲတွေ ရှိနိုင်တာကြောင့် နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်နိုင်ဖို့ လိုအပ်သလို အခြားလိုအပ်ချက်တွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိရေး လိုအပ်သလို မီဒီယာလွတ်လပ်ခွင့်နဲ့ ပြည်သူလူထုရဲ့ ပြောရေးဆိုခွင့်များက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ အစိုးရဌာနတွေရဲ့ လုပ်ငန်းစနစ်၊ ဝင်ငွေ၊ လစာနဲ့ ဆုကြေးစနစ်များကို ခေတ်နဲ့လျော်ညီစွာ ပြင်ဆင်ရေးနဲ့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးအပြင် အပြန်အလှန် ထိန်းကျောင်းမှုစနစ်များ ရှိလာစေရေးဟာလည်း အရေးပါလှပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှုများ အသက်ဝင်မှသာ အလွဲသုံးစားမှုတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာအလေအလွင့် နည်းပါးအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူ ဖော်ထုတ်နိုင်ဖို့ တိုင်ကြားလာမှ စစ်ဆေးခြင်းထက် စုံစမ်းဖော်ထုတ် အရေးယူနိုင်မယ့် နည်းနာတွေ အစီအမံတွေကိုလည်း စီမံချက်ချ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အများပြည်သူတွေရဲ့ ဘဏ္ဍာတွေကို အလွဲသုံးစားပြုသူတွေကို ဘယ်နည်းနဲ့မှ လျှော့ပေးလို့ မရပါဘူး။ အထူးသဖြင့် ပမာဏ ကြီးကြီးမားမား အလွဲသုံးစားမှုတွေ ရှိခဲ့မယ်ဆိုရင် စုံစမ်းဖော်ထုတ်ပြီး အရေးယူခြင်းဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ဘတ်ဂျက်ငွေ လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံနဲ့ နိုင်ငံသားများအတွက် ကူညီရာရောက်မှာ ဖြစ်ပါတယ်။အကယ်လို့ အဂတိလိုက်စားမှုတွေ၊ အလွဲသုံးစားမှုတွေ၊ ခြစားမှုတွေ ရှိခဲ့မယ်၊ ဒါတွေကို ထိထိရောက်ရောက် အရေးမယူဘူး၊ လျော့နည်းသွားအောင် မလုပ်ခဲ့ဘူး ဆိုရင်တော့ ဒီနေ့ အစိုးရတာဝန်ရှိသူတွေ အမြဲပြောနေတဲ့ နောင်အစိုးရများအတွက် အခြေခံကောင်းများ ဖန်တီးပေးထားခဲ့မယ် ဆိုတာနဲ့ လွဲချော်နေမှာ ဖြစ်ပါတယ်။ ဒီအတွက် နောင်အစိုးရများ၊ ပြည်သူများအတွက် အခြေခံကောင်းများ ရရှိစေဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကိုင်ပေးဖို့ လိုအပ်ပါကြောင်း အများအကျိုးမျှော် နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါတယ်။