လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သွားရောက် သတင်းရယူနေသူ Eleven Media Group ၏ သတင်းထောက် ကိုအောင်ရဲကိုနှင့် မေးမြန်းခြင်း

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သွားရောက် သတင်းရယူနေသူ Eleven Media Group ၏ သတင်းထောက် ကိုအောင်ရဲကိုနှင့် မေးမြန်းခြင်း
Published 20 February 2015

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့များအကြား ဖေဖော်ဝါရီ ၉ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။  တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှစ၍ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ရသည်။ ယင်းနေ့မှာပင် လောက်ကိုင်မှ ကြက်ခြေနီအလံ လွှင့်ထူကာ တိမ်းရှောင်လာကြသော စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါယာဉ်တန်းမှာ လောက်ကိုင်နှင့်  ချင်းရွှေဟော်ကြားရှိ  လုံထန်ကျေးရွားနားတွင် ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့်အတူ စစ်ရှောင်သူများအား အကူအညီပေးနေသူတစ်ဦး သေနတ်ထိမှန်ခဲ့သည်။   ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်ကြုံတွေ့ခဲ့ရကာ တိုက်ပွဲဖြစ်စဉ်သတင်းများကို ကိုယ်တိုင်သွားရောက်ရယူခဲ့သူ Eleven Media Group ၏ သတင်းထောက် ကိုအောင်ရဲကိုနှင့် ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။
 
 
မေး။  ဒီဖြစ်စဉ်မှာ ယာဉ်တန်းနဲ့အတူ  ကိုအောင်ရဲကို ဘာကြောင့်ပါဝင်လာခဲ့သလဲဆိုတာ  အရင်ပြောပြပေးပါ။
 
ဖြေ။  ကျွန်တော်တို့က လောက်ကိုင်ကို တိုက်ပွဲသတင်းတွေယူဖို့ သွားပါတယ်။ ကျွန်တော်တို့သွားတုန်းက စစ်အုပ်ချုပ်ရေးတွေ ဘာတွေလည်း မထုတ်ပြန်သေးဘူး။ လောက်ကိုင်မှာ တိုက်ပွဲတွေစတော့ သတင်းဌာနက တာဝန်ပေးလို့ တိုက်ပွဲသတင်းတွေယူဖို့ ရန်ကုန်ကနေ ကျွန်တော် ဖေဖော်ဝါရီ ၁၃ ရက်မှာ စထွက်ခဲ့တယ်။ လားရှိုးမြို့ကို ၁၄ ရက်မှာရောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ လောက်ကိုင်ကိုသွားဖို့ လမ်းကြောင်းကို တစ်ရက်လောက်စောင့်ပြီး စီစဉ်ခဲ့တယ်။ ပြီးတော့ ချင်းရွှေဟော်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ စတက်သွားပြီး ချင်းရွှေဟော်မှာရှိတဲ့ တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့တယ်။ ၁၆ ရက်နေ့မှာတော့ ရန်ကုန်က လာတဲ့ အခြားသတင်းဌာနက သတင်းထောက်တွေနဲ့ ချိတ်ဆက်မိပြီး လောက်ကိုင်ကို ဆက်တက်ခဲ့တယ်။ ၁၆ ရက် နေ့လယ်ပိုင်းမှာပဲ လောက်ကိုင်ကို ရောက်ပြီး မြို့တွင်းအခြေအနေ သတင်းဓာတ်ပုံတွေ လောက်ကိုင်မြို့တွင်းက ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(လောက်ကိုင်) ကိုသွားခဲ့တယ်။ သတင်းနဲ့ပတ်သက်တဲ့ အချက်လက်တွေရဖို့ မေးမြန်းစုံစမ်းခဲ့တယ်။ 
 
ကျွန်တော်တို့ မရောက်ခင် လောက်ကိုင် မှာ ဖေဖော်ဝါရီ ၁၅ ရက် တစ်ညလုံး ကိုးကန့် တိမ်းရှောင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့လည်း တိုက်ပွဲတွေအပြီး မြို့တွင်းက အပျက်အစီးတွေ လူခြေတိတ်ဆိတ်မှုတွေနဲ့ပဲ ကြုံခဲ့ရတယ်။ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လောက်ကိုင်)ရဲ့ ဗျူဟာမှူးကလည်း တစ်ညလုံး တိုက်ပွဲဝင်ရပြီး ကျွန်တော်တို့ရောက်တဲ့ အချိန်ကျမှ အိပ်နေရလို့ မတွေ့ဖြစ်ခဲ့ဘူး။ သူ့လက်အောက်က ဗိုလ်မှူးတစ်ယောက်က လက်ရှိအခြေအနေအရ ညနေ ၅ ကျော် လောက်ကစပြီး လုံခြုံမှုတာဝန် မယူနိုင်တဲ့အတွက် ကျွန်တော်တို့မီဒီယာတွေကို အမြန်ဆုံးပြန်ထွက်ပေးဖို့ ပြောခဲ့တယ်။ 
 
အဲဒီ့အတွက်ကြောင့် ကျွန်တော်တို့ သတင်းထောက်တွေလည်း ဆက်နေလို့မရတော့ဘဲ ချင်းရွှေဟော်ကို ဆင်းဖို့ လုပ်ရတယ်။ ကျွန်တော်တို့ ၁၆ ရက် ညနေ ၄ နာရီကျော်လောက်မှာပဲ ချင်းရွှေဟော်ကို ဆင်းခဲ့တယ်။ ချင်းရွှေဟော်မှာလည်း တပ်မ ၁၁ ရဲ့ တပ်မမှူးနဲ့တွေ့ပြီး စစ်မြေပြင်ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီတုန်းက ချင်းရွှေဟော်အခြေအနေက အေးအေးဆေးဆေးပဲ။ 
 
ဒါပေမဲ့ တပ်မမှူးကတော့ လုံခြုံရေးအရ ဟိုပန်မြို့မှာပဲ သွားတည်းခိုင်းတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ ကျွန်တော်တို့ အဖွဲ့ လောက်ကိုင်ကို သွားဖို့ကြိုးစားခဲ့ပေမယ့် အဲ့ဒီဘက်ကိုတက်မယ့် ကားတစ်စီးမှ မရှိတော့ဘူး။ လိုက်ပို့ပေးမယ့်သူလည်း မရှိတော့လို့ ချင်းရွှေဟော်အထိပဲ ကားငှားပြီး သွားခဲ့ရတယ်။ 
 
ချင်းရွှေဟော်ကိုရောက်တော့ ကြက်ခြေနီအဖွဲ့နဲ့တွေ့တယ်။ သူတို့ကို အကူအညီတောင်းပြီး လောက်ကိုင်မှာ ကျန်နေသေးတဲ့ စစ်ဘေးရှောင်သူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေရဖို့ ကြက်ခြေနီကားနဲ့ လိုက်သွားခဲ့သေးတယ်။ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ  လောက်ကိုင် ပြန်ရောက်ပြီး စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့တယ်။ အဲဒီမှာပဲ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ကြက်ခြေနီယာဉ်တွေနဲ့ လောက်ကိုင်မြို့လမ်းမကြီးပေါ်မှာ ဆုံကြတော့ နေ့လယ် ၁၂ ခွဲလောက်ရှိပြီ။ အကုန်စုံပြီးတဲ့အချိန်မှာတော့ လုံခြုံရေးအခြေအနေအရ ဆက်နေလို့ မဖြစ်လို့ ကျွန်တော်တို့အားလုံး ချင်းရွှေဟော်ဘက်ကို စစ်ရှောင်ယာဉ်တန်းနဲ့ အတူ လိုက်ခဲ့ကြတာ ဖြစ်တယ်။ 
 
မေး။   ဒီကားတန်းမှာ ဘယ်သူတွေပါသေးလဲဗျ၊ ကားတန်းမှာ ကားဘယ်နှစီးလောက်နဲ့ ဆင်းလာကြတာလဲ။  ဘယ်လမ်းပိုင်းလောက်မှာ ပစ်ခတ်ခံရတာလဲ။
 
ဖြေ။  ဒီကားတန်းမှာ ကျွန်တော်အပါအဝင် အခြားသတင်းထောက် ငါးယောက်လောက်ပါ ပါတယ်။ ရိုက်တာ၊ ဒီဗွီဘီ၊ ဧရာဝတီ၊ အီးပီအေက သတင်းထောက်တွေပါ။ ကျွန်တော်နဲ့ ဒီဗွီဘီသတင်းထောက်က ရှေ့ဆုံးကားမှာ ပါခဲ့ကြတယ်။ ယာဉ်တန်းမှာ ကားအကြီးက နှစ်စီး စူပါကာစတန်ရယ်၊ အေဒီဗင်သုံးစီးရယ်၊ စုစုပေါင်း ကားခုနစ်စီး လူအယောက် တစ်ရာကျော်လောက်ပါတယ်။ အများစုက ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကြံခုတ်သမားတွေ ပါလာတယ်။ လောက်ကိုင်ခရိုင်အကျော် ချင်းရွှေဟော်ဘက်ဆင်းတဲ့ လမ်းတစ်ဝက် လုံထန်ကျေးရွာနားကို ကျွန်တော်တို့ယာဉ်တန်း ရောက်လာတော့ နှစ်ဘက်ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီမှာ ကျွန်တော်တို့ ခဏရပ်လိုက်တယ်။ ပစ်ခတ် သံတိတ်ပြီး ယာဉ်တန်းပြန်ထွက်လို့ တစ်မိုင်လောက်ပဲ မောင်းရသေးတယ်၊ ကျွန်တော်တို့ကို စစ်တပ်လုံခြုံရေးယူထားတဲ့ မျက်နှာချင်းဆိုင် တောင်ထိပ်ပေါ်ကနေ စပြီးပစ်ခတ်တော့တာပါပဲ။ 
 
မေး။ အဲဒီလို စတင်ပစ်ခတ်ခံရတဲ့အချိန်မှာ ခုနပြောတဲ့ စစ်တပ်ဘက်က လုံခြုံရေးတာဝန်ယူထားတဲ့  အဖွဲ့တွေရဲ့ အခြေအနေကရော။
 
ဖြေ။ ကျွန်တော်တို့နဲ့ နှစ်မိုင် ဝန်းကျင်လောက်မှာတော့ စစ်ထောက်ပံ့ရေးယာဉ်တွေ ရပ်ထားတယ်။ ကျွန်တော်တို့ယာဉ်တန်းရဲ့ လုံခြုံရေး နဲ့ သူတို့ရဲ့စစ်ထောက်ပံ့ရေးယာဉ်တွေ လုံခြုံရေးအတွက် စစ်သားတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ နှစ်ဖက်ပစ်ခတ်ကြတာတွေလည်း ကြားရပါတယ်။
 
မေး ။ ပစ်ခတ်ခံရတာ အချိန်ဘယ်လောက်ကြာလဲ။ ဘယ်လောက်အကွာကနေ ပစ်ခံရတာလဲ၊  အဲ့လိုပစ်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့အခြေအနေ  မြင်ကွင်းနဲ့ကြုံခဲ့ရတာကို  ပြောပါဦး။
 
ဖြေ။  ကြက်ခြေနီယာဉ်တန်းကို ပစ်တာ ငါးမိနစ်လောက် ကြာတယ်။ အကွာအဝေးက တောင်တစ်တောင်ပေါ်ကနေ လှမ်းပစ်တာ။ လက်နက်ကြီးလည်း ပါတယ်။ စူပါကာစတန်ကို လက်နက်ကြီးနဲ့ထုတယ်။ ကားက လမ်းဘေးရှောင်လိုက်နိုင်တယ်။ 
 
ကြက်ခြေနီယာဉ်တန်းရဲ့ ရှေ့ဆုံးကားမှာ ကျွန်တော်ပါတယ်။ ကျွန်တော်တို့ကားကို အရင်ဆုံးပစ်တာ၊ ကျွန်တော့်အထင် ကားကို လာထိတဲ့ သေနတ်သံ နှစ်ချက်လောက်ကြားရပြီး ဆက်တိုက် ခုနစ်ချက် ရှစ်ချက်လောက် ပစ်သံကြားရတယ်။ အဲဒီမှာ ကြက်ခြေနီခေါင်းဆောင်တစ်ယောက်က အားလုံးကားပေါ်က မဆင်းဘဲ ဝပ်နေကြဖို့ ညွှန်ကြားတယ်။ ကျွန်တော်တို့ပါလာတဲ့ ကားရှေ့ခေါင်းက သေနတ်ထိသွားတဲ့ ကားသမားနဲ့ ဘေးကပါလာသူ တစ်ဦးကို ကြက်ခြေနီအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကြတယ်။  တစ်ယောက်က ဗိုက်ထိတယ်။ တစ်ယောက်က မျက်လုံးထိတယ်။ စပစ်ခံရတာနဲ့ အရင်ဦးဆုံး ကျွန်တော် ဗီဒီယိုဖိုင်ရိုက်တယ်။ ပြီးတော့ တောင်ပေါ်က ကျည်ဆံလာတဲ့ဘက်တွေကို မှတ်တမ်း ဓာတ်ပုံရိုက်တယ်၊ ဒဏ်ရာရသွားတဲ့သူတွေ ကယ်ဆယ်ရေးလုပ်နေတာတွေကို မှတ်တမ်းရယူထားခဲ့ပါတယ်။
 
ငါးမိနစ်လောက် ပစ်ခတ်မှုအပြီးမှာတော့ သေနတ်သံတွေ ရပ်သွားပြီးတာနဲ့ ဒဏ်ရာရသူနှစ်ဦးကို ကြက်ခြေနီအဖွဲ့က အရေးပေါ်ကုသမှုတွေလုပ်ပြီး ကျွန်တော်တို့ ယာဉ်တန်း တပ်မတော်ဘက်က လုံခြုံရေးယူထားတဲ့နေရာကို အမြန်သွားခဲ့ကြတယ်။ ဒါဟာ ကိုးကန့် လက်နက်ကိုင်အဖွဲ့က ပစ်တာဖြစ်မယ်လို့ ယာဉ်တန်းနဲ့အတူ ပါလာကြတဲ့ သူတွေကပြောကြတယ်။ သူတို့အားလုံးလည်း သိကြပါတယ်။ ကျွန်တော်တို့ကိုပစ်တဲ့ သူတွေရဲ့ ဝတ်စုံတွေ ဘာတွေကိုတော့ ကျွန်တော်မမြင်ရဘူး။ စစ်တပ်နဲ့ အပြန်အလှန်ပစ်နေတဲ့အတောအတွင်းမှာ ကျွန်တော်တို့ ယာဉ်တန်းလာတော့ ရန်သူထင်ပြီး ပစ်ခတ်တာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ရဲ့ကားကလည်း အပြာရောင်ဆိုတော့ ရဲကားနဲ့ ဆင်နေလို့ထင်တာပဲ။ ကျွန်တော်တို့ကားကိုပဲ အဓိက ပိုပစ်ကြတာ။ ကျွန်တော်တို့ကားတန်း စစ်တပ်က လုံခြုံရေးယူထားတဲ့နေရာကို မရောက်သေးခင် စပ်ကြားလေးမှာ ပစ်ခံလိုက်ရတာပါ။ ပစ်ခံရပြီးနောက်မှာ စစ်တပ်က ကျွန်တော်တို့အတွက် လုံခြုံရေးပြန်ယူပေးပါတယ်။
 

Most Read

Most Recent