သဘာဝသယံဇာတ ထုတ်နုတ်တူးဖော်ခြင်းကိစ္စနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ (EITI -Extractive Industries Transparency Initiative) သို့ အဖွဲ့ဝင်လောင်း (Candidate Member) ဖြစ်ရန်အတွက် မြန်မာနိုင်ငံက လျှောက်ထားခဲ့ရာ မက္ကစီကိုနိုင်ငံ၌ ကျင်းပခဲ့သည့် အစည်းအဝေးမှ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်လောင်းအဖြစ် လက်ခံခဲ့ပေသည်။EITI ဟူသည်မှာ နိုင်ငံတွင်းရှိ သဘာဝအရင်းအမြစ်များ ထုတ်နုတ်ခြင်းမှရရှိသော ဝင်ငွေတို့အား စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမှုဆိုင်ရာ နိုင်ငံတကာစံနှုန်း တစ်ခုဖြစ်၏။ ယင်းတွင် အစိုးရများသည် သယံဇာတထုတ်နုတ်သည့် လုပ်ငန်းကုမ္ပဏီများမှ အကျိုးအမြတ် မည်မျှ ရရှိသည်ဆိုသည်ကို ထုတ်ဖော်ကြေညာရန် လိုသည်။ ထို့ပြင် လုပ်ငန်းကုမ္ပဏီများက မိမိတို့က အစိုးရသို့ မည်မျှပေးဆောင်ရသည် ဆိုသည်ကိုလည်း ထုတ်ဖော်ကြေညာရန် လိုသည်။EITI နှင့် ပတ်သက်၍ သိလိုသည်များအား အမေးအဖြေပုံစံဖြင့် ဖော်ပြထားသော EITI ဝက်ဘ်ဆိုက်တွင် မေးခွန်းအများအပြားအနက် အမေးအဖြေ နှစ်စုံကိုကိုးကား တင်ပြပါမည်။မေး။ ။ နိုင်ငံ့ခေါင်းဆောင်များသည် မူလက ပြည်သူတို့အသံနှင့် လိုအင်ဆန္ဒကို အလေးမထားဘဲ နေသည်ဆိုပါက ဤ EITI စံနှုန်းအစီအစဉ်ကို ကျင့်သုံးခြင်းဖြင့် အထောက်အကူ ဖြစ်စေပါသလား။ဖြေ။ ။ နိုင်ငံတိုင်း၌ ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ အထူးအားဖြင့် ပြည်သူ့အရေးအား တာဝန်မယူတတ်သော ခေါင်းဆောင်များအတွက် ပွင့်လင်းမြင်သာမှုသည် ပို၍ပင် အရေးကြီးသည်။ ယင်းသို့သော နိုင်ငံမျိုး၌ သဘာဝအရင်းအမြစ်များမှ ရရှိသောဝင်ငွေကို ပွင့်ပွင့်လင်းလင်း ချပြကြေညာခြင်းအားဖြင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအချော်တွေကို ပိုမိုသတိမူ သိရှိလာနိုင်ကြမည် ဖြစ်၏။မေး။ ။ ဝင်ငွေ ပွင့်လင်းမြင်သာမှုကို ပိုမိုမြင့်တက်လာစေရန် ကြိုးပမ်းမှုကိစ္စနှင့် EITI စံ နှုန်း မည်သို့ ကွာခြားသလဲ။ဖြေ။ ။ EITI သည် ငွေကြေးကိန်းဂဏန်းများကို ထုတ်ပြန်ကြေညာရုံအဖွဲ့တစ်ခု သက်သက် မဟုတ်ပေ။ EITI ကို အကောင်အထည်ဖော်ဆောင်နေသော နိုင်ငံများသည် ၎င်းနိုင်ငံရှိ သဘာဝအရင်းအမြစ်များအား အသုံးပြုပုံ ပြုနည်းနှင့် ပတ်သက်၍ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က အကျေအလည် ဆွေးနွေးသည့် စင်မြင့်တစ်ခု ဖန်တီးထားရှိသည်။ EITI သည် ကုမ္ပဏီများက အစိုးရသို့ ပေးသွင်းသော ငွေကြေးပမာဏကို ထုတ်ပြန်ကြေညာခြင်း တစ်ခုတည်းနှင့် ပတ်သက်ရုံမျှ မဟုတ်။ ငွေကြေး မည်မျှလက်ခံရရှိကြောင်းကို အစိုးရများက ထုတ်ပြန်ကြေညာရန်လည်း တာဝန်ယူရသည်။ ထို့ပြင် ကုမ္ပဏီများကပြောသော ပေးဆောင်ပြီး ငွေကြေးပမာဏနှင့် အစိုးရကပြောသော လက်ခံရရှိသည့် ငွေကြေးပမာဏတို့အကြား ကွာဟချက်အား စေ့စပ်အဖြေရှာခြင်းဖြင့် စာရင်းဇယားကွာဟမှုနှင့် မသေချာမတိကျမှုများကို ဖော်ထုတ်နိုင်မည်ဖြစ်သည့်ပြင် အရေးယူဖြေရှင်းခြင်း ပြုလုပ်နိုင်မည်။ သာဓကအားဖြင့် နိုင်ဂျီးရီးယားနိုင်ငံ၌ ဒေါ်လာငါးဘီလျံတန်ဖိုးရှိ အခွန်တိမ်းရှောင်မှုတစ်ခုအား EITI လုပ်ငန်းစဉ်က ဖော်ထုတ်နိုင်ခဲ့သည့် သာဓကကို ဖော်ပြရမည် ဖြစ်သည်။EITI တွင် ပါဝင်သည့် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းတို့ကို အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်း စသည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့က အမှန်တကယ် လိုက်နာကျင့်သုံးသည်ဆိုပါက နိုင်ငံအတွက်သာမက ပြည်သူ့ဘဝအတွက်ပါ တိုးတက်ဖွံ့ဖြိုးစေမည်မှာ မုချသာဖြစ်သည်။ လိုက်နာကျင့်သုံးခြင်း ရှိ၊ မရှိ ဆိုသည်ကို စောင့်ကြည့်ရဦးမည့် အခြေအနေတွင် ရှိနေပေသည်။ ထွက်ပေါ်လာသော သတင်းအချို့၌ အစိုးရဘက်မှ အရပ်ဘက်အဖွဲ့အစည်းများအား ပူးပေါင်းဆောင်ရွက်ခွင့် အပြည့်အဝမပေးဟု ဝေဖန်သုံးသပ်ခြင်း ရှိနေကြောင်း ဖတ်ရှုရသည်။ ထို့ပြင် ကတိကဝတ်များ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိသည်ကို ကြုံတွေ့နေရကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက် တစ်စိတ်တစ်ပိုင်းတွင်-“အရပ်ဘက်အဖွဲ့အစည်းများအပေါ် အစိုးရမှ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်နေခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ဂုဏ်ယူပြောကြားနေသော်လည်း လက်တွေ့တွင် အဓိပ္ပာယ်ပြည့်ဝသော ပူးပေါင်းဆောင်ရွက်ခွင့် မပေးခြင်းသည် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရကြား ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေခြင်း၊ အစိုးရက တန်းတူညီမျှသော မိတ်ဖက်ပူးပေါင်းမှုအပေါ် ထားရှိသော ကတိကဝတ်များကို ဆောင်ရွက်မှုမရှိခြင်းတို့မှာ ဖြေရှင်းရန် လိုအပ်နေသေးသည့် ကိစ္စများဖြစ်သည်” ဟူ၍ ထုတ်ပြန်ချက်၌ ပါရှိပေသည်။ထို့ပြင် “လက်ပံ့တောင်းတောင် ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရမှ ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါက မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်ဖြစ်ရန် ဆက်လက်လုပ်ဆောင် သင့် မသင့်ကို အရပ်ဘက်အဖွဲ့အစည်းများမှ ဒေသခံများ၏ လူထုဆန္ဒခံယူပွဲကို ပြုလုပ်သွားမည် ဖြစ်သည်” ဟု သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အရပ်ဘက် ကိုယ်စားလှယ်တစ်ဦးက အစိုးရက EITI စံနှုန်းများအား ချိုးဖောက်ရာရောက်နေသည့် ကြေးနီစီမံကိန်းပဋိပက္ခအား ထောက်ပြရည်ညွှန်းပြောကြားခဲ့သည်။ (The Daily Eleven - ၁၇-၁-၂ဝ၁၅ နေ့ ထုတ်)EITI တင်းပြည့်အဖွဲ့ဝင် ဖြစ်လာရန် အဖွဲ့ဝင်လောင်းဖြစ်ပြီး ၁၈ လအကြာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အတွင်းဝန်ရုံးသို့ အစီရင်ခံစာတစ်စောင် တင်သွင်းရန် လိုအပ်သည်။ ထိုအစီရင်ခံစာတွင် မြန်မာ့တွင်းထွက် သယံဇာတများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍ၊ ရွှေ၊ ကြေး၊ ကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာ စသည့် ကဏ္ဍများကို ထည့်သွင်းရေးသားရမည် ဖြစ်သည်။ ယင်းအစီရင်ခံစာအတွက်နိုင်ငံတကာစာရင်းစစ်အဖွဲ့ကို တင်ဒါခေါ်ယူထားပြီး ကမ္ဘာ့ဘဏ်စံနှုန်းနှင့် ကိုက်ညီသည့် အဖွဲ့ကို ကမ္ဘာ့ဘဏ်က ရွေးချယ်သွားမည် ဆိုသည်။EITI ညွန့်ပေါင်းအဖွဲ့ (MSG – Multi Stake Holder Group) ၏ အကြံပေးဖြစ်သူ David Allan ကလည်း မြန်မာနိုင်ငံအနေဖြင့် တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးအတွက် တင်ပြရန်လိုအပ်သော အစီရင်ခံစာ၌ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် ကျောက်မျက်ပြပွဲများမှရငွေနှင့် သတ္တုလုပ်ငန်းမှ ရငွေကို ထည့်သွင်းရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ယင်းအနက် သတ္တုကဏ္ဍတွင်မူ အခက်အခဲရှိနိုင်သည်ဟု ဆိုသည်။EITI ဝက်ဘ်ဆိုက်ရှိ အမေးအဖြေ စုစုပေါင်း ၃၃ ခုအနက် နှစ်ခုကို အထက်တွင် ဖော် ပြခဲ့ပြီးဖြစ်ရာ ယခုနောက်ထပ် အမေးအဖြေ နှစ်ခုကိုဖော်ပြပါမည်။မေး ။ ။“သယံဇာတကျိန်စာ”ဆိုသည်မှာ အဘယ်နည်း။ဖြေ။ ။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံများသည် အဆိုပါ အရင်းအမြစ် ပိုနည်းပါးသော နိုင်ငံတို့ထက် ဆင်းရဲမွဲတေသည့် ဝိရောဓိဆန်ဆန် ကျိန်စာမိနေသော အဖြစ်သနစ်။မေး။ ။ EITI အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ထားသည်ဆိုခြင်းမှာ အဘယ်နည်း။ဖြေ။ ။ EITI ပါ လုပ်ထုံးလုပ်နည်းအတိုင်း အကောင်အထည်ဖော်နေသော နိုင်ငံတစ်ခုသည် ယင်းစံနှုန်းအတိုင်း လေးစားလိုက်နာရန် ပျက်ကွက်ခဲ့လျှင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံထားရခြင်းကို ဆိုလိုသည်။ EITI ၏ လိုအပ်ချက်များအား လေးစားလိုက်နာရာတွင် ကျေနပ်ဖွယ် မတွေ့ရှိရသည့်နောက် ၁၂ လ အကြာတွင်မှ ဆိုင်းငံ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ဤနေရာတွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ နေပြည်တော်၌ ကျင်းပခဲ့သော သဘာဝအရင်းအမြစ် ထိန်းချုပ်မှုဆိုင်ရာ ညီလာခံ၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၏ နှစ်လိုဖွယ်ဟု ယူဆရသော မိန့်ခွန်းစကားကို ပြန်လည် အမှတ်ရ ကြားယောင်လိုက်မိသည်။“မြန်မာအနေနဲ့ သဘာဝအရင်းအမြစ်က ဝင်ငွေဘယ်လောက်ရသလဲဆိုတာကို ပြည်သူ ၅၁ သန်းက သဘောပေါက် သိခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာလဲ သိရမယ်။ ဒါဒီမိုကရေစီပဲ။ ဒါဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်အိပ်မက်ပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ရည်မှန်းချက်အိပ်မက်ဟု မည်သို့ပင် ပြောကြားပြောကြား၊ ယင်းအိပ်မက် အကောင်အထည်ပေါ်မည်၊ မပေါ်မည်ကို အစိုးရက အသိဆုံးဖြစ်မည် ထင်သည်။ ညွန့်ပေါင်းအဖွဲ့ (MSG) တွင် ပါဝင်သော အရပ်ဘက်အဖွဲ့အစည်းကလည်း အခြေအနေအရပ်ရပ်ကို ပိုမိုသိထားသူဖြစ်၍ စာရေးသူတို့ထက် ဖြစ်နိုင်ခြေကို ပိုသိနိုင်မည် ထင်သည်။ စာရေးသူတို့ကတော့ အားအင်ချည့်နဲ့သော စောင့်ကြည့်ပရိသတ်များအဖြစ်မှ လွဲ၍ ပိုဖြစ်မလာနိုင်တော့ပါ။
သယံဇာတထုတ်နုတ်ခြင်း ပွင့်လင်းမြင်သာမှုသို့ အမှန်အကန်ရှေးရှုရေး
Most Read
Most Recent
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago