လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းတွင် ကလေးမွေးဖွားပြီးနောက် ၃၆ လခြားပြီးမှ နောက်ထပ်ကလေးမွေးခြင်းအချက်အပါအဝင် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အတည်ပြု

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းတွင် ကလေးမွေးဖွားပြီးနောက် ၃၆ လခြားပြီးမှ နောက်ထပ်ကလေးမွေးခြင်းအချက်အပါအဝင် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အတည်ပြု
Published 18 February 2015
စိုးမင်းထိုက်

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းတွင် မိခင်တစ်ဦးသည် ကလေးမွေးဖွားပြီးနောက် ၃၆ လခြားပြီးမှ နောက်ထပ်ကလေးမွေးဖွားခြင်းဆိုင်ရာအချက်များအပါအဝင် ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်တွင်အတည်ပြုခဲ့သည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က "ဒီဥပဒေကိုအတည်ပြုတဲ့အခါမှာ ကျွန်တော်တို့ဥပဒေပြုကော်မရှင်ကနေ ဖြန့်ဝေထားတဲ့စာလည်းရှိပါတယ်။ အဲဒီစာထဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်လည်းပါပါတယ်။ မျိုးဆက်ပြန့်ပွားခြင်းနဲ့ အသိပညာပေးခြင်းအပါအဝင် လက်ရှိဆောင်ရွက်နေတဲ့စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသဖြင့် ဥပဒေကိုပြဋ္ဌာန်းရန် သင့်၊ မသင့်ကို အလေးအနက်ထား စဉ်းစားသင့်ပါကြောင်း သုံးသပ်ရပါတယ်လို့ အကြံပြုထားပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးမှာပါတဲ့ ရည်ရွယ်ချက်နဲ့ရော ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သော်လည်းကောင်း၊ ကိုက်ညီမှု ရှိ၊ မရှိကိုလည်း လေ့လာသုံးသပ်သင့်ပါတယ်လို့ တင်ပြထားတာရှိပါတယ်။ အဲဒီတော့ လူဦးရေထိန်းညှိခြင်းဆိုင်ရာကိစ္စရပ်များဟာ ဥပဒေအပေါ် ကျန်းမာရေးအရ ပညာပေးရေးကိစ္စရပ်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိလည်းဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ ဒီဥပဒေကိုပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော လူနည်းစုတွေနဲ့ ကန့်သတ်ခွဲခြားမှုရှိမလားဆိုတာ စိုးရိမ်မှုတွေကို လူမှုအဖွဲ့အစည်းတွေကလည်း စိုးရိမ်တဲ့အကြောင်းစာတွေ ပေးပို့တာတွေရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကိုအတည်ပြုပြဋ္ဌာန်းရန် မသင့်သေးပါကြောင်း ကန့်ကွက်ပါတယ်" ဟုဆွေးနွေးသည်။ဒုတိယရှေ့နေချုပ်ဦးထွန်းထွန်းဦးက "သားဆက်ခြားသုံးနှစ်ဆိုတာ ပထမအကြိမ်မွေးပြီးတာနဲ့ နောက်တစ်ကြိမ်မွေးတဲ့ကာလကိုသတ်မှတ်တာပါ။ ဒီမှာလည်း တကယ်အခက်အခဲဖြစ်နေတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝပေးဖို့ ခံယူချင်တဲ့သူတွေအတွက်သာဖြစ်ပါတယ်။ သူတို့မခံယူချင်လည်း ကျွန်တော်တို့က ဒီမှာ ဒီဥပဒေအရ အရေးယူဖို့တို့ တားမြစ်ထားတာတို့မရှိပါဘူး။ အဲတော့ တကယ်တမ်းကျွေးနိုင်လို့ မွေးနိုင်လို့ မွေးတဲ့သူတွေအတွက်လည်း ကျွန်တော်တို့ ဘာမှကန့်သတ်ချက်မရှိပါဘူး။ တကယ်တမ်းတော့ ဒီဒေသမှာ ဆင်းရဲနွမ်းပါးပြီး လူနေမှုဘဝဖွံ့ဖြိုးဖို့ရည်ရွယ်ပြီးတော့ ကျန်းမာရေးအပြည့်အဝခံစားနိုင်ဖို့ အပြည့်အဝပေးမှာမို့။ လက်ရှိမှာလည်း လုပ်နေတာတွေတော့ရှိပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ တကယ်လိုအပ်တဲ့ဒေသတွေကို အပြည့်အဝပေးနိုင်ဖို့ရည်ရွယ်တာပါ။ ဘာမှလည်းပိတ်ပင်ထားခြင်း တားမြစ်ထားခြင်း အရေးယူဆောင်ရွက်ခြင်းတွေရှိမှာမဟုတ်တဲ့အကြောင်း တင်ပြအပ်ပါတယ်" ဟုပြောကြားသည်။ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက "ဒီဥပဒေရေးဆွဲစဉ်က သက်ဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကမ္ဘာ့စံချိန်မီလို့ ရေးဆွဲတင်ပြခြင်းဖြစ်လို့ ရေးဆွဲတင်ပြခြင်းဖြစ်ပါတယ်။ ၃၆ လသားဆက်ခြားတာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်အမှန်ဖြစ်ပါတယ်။ ဒါကိုမလိုက်နာချင်လို့ တစ်နှစ်နဲ့ယူလည်းပြဿနာမရှိဘူး။ ပြစ်ဒဏ်သတ်မှတ်ထားခြင်းလည်းမရှိဘူး။ တားမြစ်ထားခြင်းလည်းမရှိဘူး" ဟုပြောကြားသည်။လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းအား အတည်ပြုရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၁၅၄ ဦးရှိသည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။                      

Most Read

Most Recent