မသေခင်မှာ ချစ်ကြဖို့

မသေခင်မှာ ချစ်ကြဖို့
Published 18 February 2015
စိုးခိုင်ညိန်း

မြန်မာနိုင်ငံတွင် လူသေတဲ့အခါ အသုဘအခမ်းအနားတွေ လုပ်တဲ့အခါ အသုဘပို့တဲ့ အခါတွေမှာ ကျန်ခဲ့သူမိသားစုဝင်များက ရှိုက်ကြီးတငင် ရင်ဘတ်စည်တီး ငိုကျွေးကြတာက အစဉ်အလာ တစ်ခုသဖွယ် ဖြစ်ပါသည်။ အထူးသဖြင့် မိဘဘိုးဘွားများ သေဆုံးတဲ့အခါ ကျန်ရစ်သူသားသမီးများက ငိုကြွေးကြတာဖြစ်သည်။ အဓိပ္ပာယ်ကတော့ သေဆုံးမှ ဝမ်းနည်းပက်လက်နှင့် ချစ်ပြကြတဲ့ သဘောပဲဖြစ်ပါသည်။ မသေခင်မှာ အခုလို တကယ်ပဲ ချစ်ပြကြရဲ့လား။ မသေခင်မှာတော့ ဂရုတစိုက်ချစ်ပြကြဖို့ သတိမရကြ။ ကိုယ့်စီးပွားရေး အလုပ်ကိစ္စတွေနဲ့ မအားလပ်နိုင် ပစ်ထားလိုက်ကြတာ များပါသည်။ အနောက်နိုင်ငံက အသုဘအခမ်းအနားတွေမှာ အခုလိုပဲ ငိုကြွေးကြသလား၊ သိရသလောက်ကတော့ ဒီမှာလို ဆိုးဆိုးရွားရွားမဖြစ်ဟု ထင်ပါသည်။ မသွားနိုင် မလာနိုင် မလုပ်နိုင် မကိုင် နိုင်တဲ့ အဘိုးအဘွားများသည် အိမ်မှာ လူပို သက်သက်ပဲဖြစ်ပါသည်။ အိုမင်းမစွမ်းဆို သည့်အတိုင်း အိုတဲ့အခါမှာ ဘာမှ မစွမ်း ဆောင်နိုင်ကြတော့။ ထိုသက်ကြီးရွယ်အိုများ ကို ဘယ်လိုသဘောထား ဆက်ဆံရမလဲဆို တာက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါသည်။  ထိုအဘိုးအဘွားများကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို သဘောထားသူများရှိသလို ကလေးထိန်း အိမ်စောင့်အဖြစ်လောက်သာ သဘောထား သူများလည်း ရှိနိုင်ပါသည်။ အိမ်မှာ အဘိုးအဘွားရှိနေခြင်းက အိမ်ကျက်သရေရှိ သည်ဟု သဘောထားသူများလည်း ရှိပါ သည်။ သို့သော်လည်းပဲ ထိုအဘိုးအဘွားများ ကို ပြုစုလုပ်ကျွေးပြီး ချစ်ပြဖို့က ပြဿနာတစ်ရပ်လို ဖြစ်လာသည်။ ဒီနောက်ပိုင်း အဘိုးအဘွားများကို လမ်းဘေးမှာ စွန့်ပစ်ထာ ခဲ့တဲ့ သတင်းတွေ မကြာခဏ ဖတ်ရသည်။
အသက်ကို လူတိုင်းနီးပါး ရှည်ချင်ကြ ပါသည်။ ဘယ်သူမှ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ကြ ဆုတောင်းတဲ့အခါမှာဖြစ်ဖြစ်၊ ဆုပေးတဲ့အခါမှာဖြစ်ဖြစ် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်းစတဲ့အချက် တွေက အမြဲတမ်းလိုလိုပါသည်။
၂ဝဝ၄ ခုနှစ် UNDP က ထုတ်ပြန်ခဲ့သော စာရင်းအရ ကမ္ဘာမှာ ဂျပန်နိုင်ငံက အသက်ရှည်မှုအများဆုံးတဲ့။ အဲဒီနောက် အစဉ်အတိုင်း ဆွီဒင်၊ ကနေဒါ၊ စပိန်၊ ဆွစ် ဇာလန်၊ ဩစတြေးလျ၊ အစ္စရေး၊ နော်ဝေ၊ ပြင်သစ်၊ အီတလီ၊ ယူကေ၊ အမေရိကန်ဆို ပြီး အစဉ်အတိုင်းရပ်တည်နေပါသည်။ နိုင်ငံ အားလုံးက ဖွံ့ဖြိုးတိုးတက်ချမ်းသာသော နိုင်ငံ တွေချည်းပဲ ဖြစ်သည်။ လူများအသက်ရှည်ခြင်းသည် ထိုသူများနေသော နိုင်ငံ၏ ဓနဥစ္စာစည်းစိမ်ချမ်းသာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေသည့် သဘောပင်။
ထို့အပြင် ဆောင်းပါးတစ်ပုဒ်မှာက လူ၏ အသက်ရှည်လျားမှု၌ ဉာဏ်ပညာကလည်း အထောက်အပံ့ပေးသည်ဟု ဆိုပါသည်။ Ph. D တွေက M. A, M. Sc တွေထက် အသက်ပိုရှည်ပြီး၊ M. A, M.Sc တွေက B. A, B, Sc တွေထက် အသက်ပိုရှည် ကြသည်တဲ့။ ဆိုလိုတာက ချမ်းသာဖွံ့ဖြိုးသော ပညာ တတ်ပေါများသော နိုင်ငံကလူတွေက အသက်ပိုရှည်ကြသည်ဟု ဆိုသည့်သဘောဖြစ်သည်။
အသက်ရှည်ခြင်းကို လူတိုင်းက အလိုရှိသောအရာဖြစ်ပြီး အသက်ရှည်ခြင်းသည် ကောင်းသောလက္ခဏာ ဖြစ်ပါလျက် အသက်ရှည်သော အဘိုးအဘွားများ များပြားလာသောအခါ ထိုအဘိုးအဘွားများကို ပြုစုလုပ် ကျွေးရခြင်းက ပြဿနာတစ်ရပ် ဖြစ်လာပြန်သည်။
ဂျပန်မှာ ၂ဝဝ၇ ခုနှစ်မှာ အသက် ၆၅ နှစ်ကျော်သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်းတဲ့။ ထို့ကြောင့် လူဦးရေ ၂၇ သန်းကျော်ကျော်ပေါ့၊ ၂ဝ၅ဝ ပြည့်နှစ်သို့ရောက်လျှင် ထိုအသက် ၆၅ နှစ်ကျော်သူတို့သည် ဂျပန်လူဦးရေ၏ လေးပုံတစ်ပုံရှိလာမည်ဖြစ်ပြီး အမျိုးသားပျမ်း မျှ အသက် ၈၄ နှစ်ကျော်၊ အမျိုးသမီးပျမ်းမျှ အသက် ၉ဝ ကျော် ဖြစ်လာနိုင်သဖြင့် ခေါင်းခြောက်နေကြရသတဲ့။
တရုတ်ကမူ ၂ဝဝ၅ တုန်းက အသက် ၆ဝ ကျော်သူ ဦးရေက ၁ဝ ဒသမ ၃ ရှိပြီး ၂ဝ၅ဝ ၌ ၃၁ ရာခိုင်နှုန်းရှိလာမည်ဖြစ်သဖြင့် အသက်ကြီးသူ သန်း ၃၄ဝ လောက်ရှိလာမည် ဖြစ်၍ စိတ်ရှုပ်ထွေးနေရကြောင်း သတင်းမှာ ဖတ်ရပြန်သည်။
သို့သော် ပြင်သစ်ကျန်းမာရေး ဝန်ကြီးက ပြင်သစ်ဘိုးဘွားတို့ကို စောင့်ရှောက်ကူညီရန် ထိုသို့စောင့်ရှောက်ကူညီသူကို တစ်ရက်လျှင် ယူရိုငွေ ၄၅ ပေးရန် ဥပဒေထုတ်ပြန်ခဲ့ ကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရသည်။ တစ်ဆက်တည်း ပြင်သစ်ကျန်းမာရေးဝန်ကြီးက အစိုးရအမှုထမ်း သို့မဟုတ် ကုမ္ပဏီဝန် ထမ်းဖြစ်ပါက ဘိုးဘွားတို့ကို စောင့်ရှောက် သူတို့အား လစာအပြည့်ဖြင့် ခွင့်ခြောက်လပေးရန် ဥပဒေထုတ်ပြန်ခဲ့သေးသည်တဲ့။ အ သက်ရှည်သူများ များပြားလာ၍ နည်းလမ်းများသုံးပြီး ဖြေရှင်းနေကြခြင်းဖြစ်သည်။ အသက်ရှည်သူ အဘိုးအဘွား များလာခြင်းက နိုင်ငံမှာ ဝန်ထုပ်ဝန်ပိုး တစ်ခုသဖွယ် ဖြစ်နေသည့် သဘောဖြစ်သည်။
မြန်မာနိုင်ငံမှာတော့ နှင်းဆီကုန်းလိုမျိုး ဘိုးဘွားရိပ်သာတွေ တည်ထောင်ပြီး ဖြေရှင်းကြသည်။ ထိုကဲ့သို့ တခြားသော မြို့၊ ရွာတွေမှာလည်း ဘိုးဘွားရိပ်သာတွေက ဟိုမှ ဒီမှ ပေါ်ပေါက်လာကြပေပြီ။ တချို့က ကြီးကြီးမားမား တချို့က သေးသေးမွှားမွှားတချို့က တစ်ပိုင်တစ်နိုင်လေးနဲ့ ပုံစံမျိုးစုံ ဖြစ်ပါသည်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြပါသည်။ ထိုကျန်းမာခြင်းကြောင့်သာလျှင် အသက်ရှည်ကြရပါသည်။ ကံကောင်း အကြောင်းလှ၍ အသက်ရှည်ကြပါလျက် လမ်းဘေးမှာ ဆင်းရဲပင်ပန်းစွာ တောင်းရမ်း စားသောက်နေကြသော အဘိုးအဘွားများကို နေရာအနှံ့တွေ့နိုင်ပါသည်။ ထိုသူများအဖို့ အသက်ရှည်နေခြင်းက ဝဋ်ကြွေးတစ်ခုသဖွယ် ဖြစ်နေကြပြန်သည်။
အဘိုးအဘွားများကို ပြုစုလုပ်ကျွေးခြင်း သည် ကြီးမြတ်သော ကုသိုလ်တရားဖြစ်သည်ဟု မြတ်စွာဘုရားက ဟောကြားထားပါသည်။ ငါဘုရားကို လုပ်ကျွေးလိုက သူအိုသူနာကို ပြုစုလုပ်ကျွေးရာ၏ဟု မြတ်စွာဘုရားက အတိအလင်း ဟောကြားထားသည် မဟုတ်ပါလား။
မိမိတို့၏ အဖေ၊ အမေ၊ အဘိုးအဘွား များကို မသေခင်မှာ အားရအောင် ပြုစုလုပ်ကျွေး ယုယချစ်ကြင်ခြင်းဖြင့် သေဆုံးတဲ့အခါ နောင်တတရား ကင်းကင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သက်နိုင်ပါလိမ့်မည်။ မိဘဘိုးဘွားတို့၏ ဆုံးရှုံးမှုသည် အစားထိုးမရနိုင်သော ဆုံးရှုံးမှုဖြစ်သည်။ သေလွန်မှ နောင်တတရားတို့ဖြင့် ပြုစုလုပ်ကျွေးချင်၍ မရနိုင်။ မိဘဘိုးဘွားများ သေဆုံးတဲ့အခါ နောင်တတရားတို့ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးကြသူ အများစုသည် အသက်ရှင်စဉ်အခါက မျက်နှာလွှဲပစ် ထားကြတဲ့သူများ ဖြစ်ပါသည်။
 
 

Most Read

Most Recent