တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်
Published 17 February 2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇန်နဝါရီ ၁၇ ရက်က စတင်ပြုလုပ်ခဲ့သည်။သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ ပထမနေ့တွင် ဖိတ်ကြားထားသည့် နိုင်ငံရေး အဖွဲ့အစည်း ၂၅ ဖွဲ့မှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကယန်းပြည်သစ်ပါတီ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် မိတ်ဖက်ပါတီများ အပါအဝင် အဖွဲ့ ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲအား ငြိမ်းချမ်းရေး (အပစ်အခတ် ရပ်စဲရေး)၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မှုတွင် ထစ်ငေါ့မှုများဖြင့် ရင်ဆိုင်နေရခြင်းအပေါ် သုံးသပ်အဖြေရှာရန်နှင့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲများ အဆက်မပြတ် ကျင်းပနိုင်ရန်တို့အတွက် ဖြစ်ကြောင်း သိရသည်။ထို့ပြင် နိုင်ငံရေး သီအိုရီများဖြင့်သာ မဟုတ်ဘဲ လက်တွေ့ဘဝတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ကြသော အဖြေများကို စုပေါင်းရှာဖွေရန်နှင့် အထူးသဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုအဆင့် ညီလာခံကြီးတစ်ရပ် မပေါ်ပေါက်သေးမီ ကာလအတွင်း ကြိုတင်ပြင်ဆင်မှုအဖြစ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။အဆိုပါ ဆွေးနွေးပွဲအား စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ကြီးမှူးပြုလုပ်ခြင်း ဖြစ်သည်။ယခုပြုလုပ်သော ဆွေးနွေးပွဲသည် UNA နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကာ ပထမအကြိမ် ဆွေးနွေးပွဲအား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည်။

Most Read

Most Recent