“အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြကျောင်းသားများ ပင်မသပိတ်စစ်ကြောင်း ရွှေတောင်မြို့မှ ဆက်လက်ထွက်ခွာ”
ရွှေတောင်ပြီးရင် ကျွန်မတို့မြို့ ပေါင်းတည်ကို ရောက်ပြီပေါ့။ ဖတ်လက်စ Daily Eleven သတင်းစာကို ဘေးချလုပ်ရင်း အခုတောင်းဆိုချက် ၁၁ ချက်ကို မူအားဖြင့် လိုက်လျောလိုက်ပြီဆိုတော့ ကျောင်းသားတွေ ရန်ကုန်ရောက်အောင် ဆက်ပြီးချီတက်ဖို့ ခက်ခဲသွားလိမ့်မယ် ထင်တယ်နော်လို့ မလှမ်းမကမ်းမှာ စာထိုင်ဖတ်နေတဲ့ ဖခင်ကြီး ကို လှမ်းပြီး မေးခွန်းထုတ် အဖော်စပ်လိုက်မိသည်။
ဖခင်ကြီးက ဘာမှမပြောဘဲ သူ့ထိုင်ခုံ နောက်က စာအုပ်ဗီရိုကို အသာဖွင့်ပြီး စာ အုပ်တစ်အုပ်ကို ဆွဲထုတ်လေသည်။ “ရော့ ဒီစာအုပ်ကလေးကို အပျင်းလဲပြေ နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ပေါ့ကွာ။ သမီးအတွက် တွေးစရာအသစ်တွေ၊ မတူတဲ့အဖြေတွေ ရချင်ရလာလိမ့်မယ်” လို့ ကမ်းလိုက်တဲ့ စာအုပ်ကလေးဟာ ထောင့်မှာ ပိုးကိုက်ရာတွေ ပြည့်နေတဲ့ ပန်းချီဦးသောင်းဟန်ရဲ့ လက်ရာမျက်နှာဖုံးနဲ့ သိန်းဖေမြင့်ရဲ့ ဒုတိယအကြိမ်ထုတ် “သပိတ်မှောက်ကျောင်းသား”။ ဒီစာအုပ်ကလေးကို အနှစ် ၂ဝ လောက်အကြာမှာ ဒုတိယအကြိမ် ပြန်ဖတ်ကြည့်ရပေဦးမည်။
အမှန်ကို ဘွင်းဘွင်းကြီး ရေးသဖြင့် တစ်စုံတစ်ယောက်ကို ထိခိုက်သွားလျှင် သွားပါစေ။ ကျွနု်ပ်အား အပြစ်လွှတ်ပါဟု ကျွနု်ပ်ကား မတောင်းပန်
ဆိုတဲ့ သိန်းဖေမြင့်ရဲ့အမှာစကားက သမိုင်းကို ချိတ်တွယ်ထားတဲ့ သူ့ဝတ္ထုရဲ့ မြဲမြံမှန်ကန်မူကို စိတ်ချစေလေသည်။ စာရေးသူရဲ့ ကိုယ်ပွားဇာတ်ကောင် ညိုထွန်းကစလို့ ကိုနု၊ ကိုမြ၊ စိုးထွန်း၊ ကျော်သိန်း၊ ဖေခင်၊ ညိုမြ၊ ဘနားဂျီး ဆိုတဲ့ တကယ့်သမိုင်းဝင် သပိတ်မှောက် ကျောင်းသားကြီးတွေတင်မက အမာ၊ မအုန်း ၊ မခင်မြဆိုတဲ့ နာမည်ကျော် သပိတ်မှောက် ကျောင်းသူတွေကိုပါ ဇာတ်ရုပ်ဆင်ပြီး ရေးသားတင်ပြခဲ့ပုံက သမိုင်းမှတ်တမ်း တစ်ခုထက်ပင်ပို၍ ကွက်ကွက်ကွင်းကွင်း ရှိလှသည်။
ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လို့ ကျောင်းပြန်မယ့်သားကို လိုက်ပို့ကြတဲ့ ဆွေမျိုးမိဘတွေနဲ့ အညာက ဘူတာရုံလေးရဲ့ မြင်ကွင်းကနေစ ပြန်ဖတ်ရင်းကျောင်းဖွင့်စ ကျောင်းဆောင် အသီးအသီးရဲ့ အမှုဆောင် ရွေးချယ်ပွဲတွေ အပြောကောင်း အဟောကောင်း ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌ ကိုနုနဲ့အတူ ဝံသာနုအမျိုးသားရေးစိတ်တွေ နိုးကြားနေတဲ့ သမဂ္ဂအမှုဆောင် ကျောင်းသားတစ်သိုက်ရဲ့ စည်းဝေးလှုံ့ဆော်မူတွေစတဲ့ အခန်းတစ်ခုစီတိုင်းက ဝတ္ထုကို ယုတ္တိအမြင် နဲ့ အသက်ဝင်နေပြန်တော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝ လောက်က တက္ကသိုလ်ကျောင်းသားတွေရဲ့ နောက်လုံးပြောင်လုံးတွေကလည်း အံ့ဩစရာကောင်းအောင် ခေတ်မီနေသေးသည်။ ပြင်းထန်တဲ့သမဂ္ဂ အစည်းအဝေး မိန့်ခွန်းကြောင့် ဥက္ကဋ္ဌကိုနု ကျောင်းထုတ်ခံရ၊ တက္ကသိုလ်ဆရာ တယောက်ကို သရော်ထားတဲ့ စာတပုဒ်ကြောင့် အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ စိုးထွန်း ကျောင်းထုတ်ခံရ ၊ နောက်ဆုံး အလုပ်သမားရေးတွေပါ ပူးတွဲလှုံ့ဆော်တယ်ဆိုပြီး ဇာတ်လိုက် ညိုထွန်းကိုယ်တိုင်လည်း ကျောင်းထုတ်ခံရတဲ့အခါမှာတော့ ဇာတ်ရှိန် မြင့်လာပြီး သမဂ္ဂအမှုဆောင်တွေ အားလုံး စာမေးပွဲမဖြေ သပိတ်မှောက်ဖို့ ဆုံးဖြတ်တဲ့ အခန်းနဲ့ အင်းလျားဆောင်က ကျောင်းသူတွေ တင်မက တခြားကျောင်းသူတွေကိုပါ သပိတ်မှောက်ဖို့ ဆွဲဆောင်လှုံ့ဆော်တဲ့အခန်းတွေဟာ စိတ်အားတက်ကြွစရာ အကောင်းဆုံးနဲ့ ဖတ်လို့ အကောင်းဆုံးအခန်းတွေပဲ။
လမ်းလျှောက်လာကြသူ ကျောင်းသူရှစ် ယောက်ကား ဘတ်စ်ကားတစ်စီးပေါ်တွင် တက်ကြ၏။ သူတို့ကား အစည်းအဝေးတွင် ဘာပြောသည် ဘာဆွေးနွေးသည်ကို မသိကြရ။ “သပိတ်မှောက်ပြီ” ဟူသော စကားကိုသာ ကြားကြရ၏။ သူတို့အတွက် သပိတ်မှောက်ရန် ဘာကြောင့်လိုပါသည်၊ ဘာအကြောင်းတွေကြောင့် သပိတ်မှောက်ကြမည်ဟူသော အချက်များမလို။ သူတို့ကား သပိတ်မှောက်ရန်လိုကြောင်း နားလည်ကြပြီး ဖြစ်ခဲ့သည်။ သပိတ်မှောက်ဖို့ အကြောင်းများကို အားလုံးသူတို့ခံစားပြီး သိပြီးဖြစ်သည်။
ဟုတ်သည်။ အထွေထွေ မကျေနပ်မူများက သပိတ်တွေဆီ ဦးတည်နေတတ်သည်။ ကျောင်းသားသပိတ်သမိုင်းကို ပြန်ကြည့်တော့ ၁၉၂ဝ ပထမကျောင်းသားသပိတ်က ရန်ကုန်တက္ကသိုလ်ကြီး စတင်တည်ထောင်တဲ့ အက်ဥပဒေကို မကျေနပ်လို့ဆိုပေမယ့် နယ်ချဲ့စနစ်ကို အန်တုဖီဆန်ခြင်းသာ။ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်မှာလည်း “ကျွန်ပညာရေးစနစ် အလိုမရှိ” လို့ အော်ရင်းပင် မျိုးချစ်စိတ်တွေ တစ်ဆင့်တိုးလို့ လွတ်လပ်ရေး ကြိုးပမ်းမှုဆီရောက်အောင် သွားခဲ့ကြသည်။ အဲဒီနောက်တော့ တတိယအကြိမ် မကတော့တဲ့ ကျောင်းသားသပိတ်ပေါင်းများစွာ။ သို့ပေမဲ့ သမိုင်းစာသင်ခန်းတွေထဲမှာတော့ ဒုတိယကျောင်းသား သပိတ်မှာသာ တခန်းရပ်နေတော့သည်။ နယ်ချဲ့လူမျိုးခြားကို ဆန့်ကျင်အုံကြွခဲ့တဲ့ ကျောင်းသားသပိတ်နှစ်ခုကိုသာ သမိုင်းတင်ကြပေမယ့် လူမျိုးတူခြင်း သွေးစုပ်တဲ့ စစ်အာဏာရှင်စနစ်ကို တောက်လျှောက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အခြားကျောင်းသား သပိတ်တွေကတော့ သမိုင်းမတင်နိုင်သေး။ အနည်မထိုင်နိုင်သေး။
၁၉၆၂ ခုနှစ်မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှုကြီးနဲ့အတူ ကျောင်းသားသပိတ်တွေရဲ့ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီး ဖြိုချဖျက်ဆီးခံလိုက်ရသည်။ ဒါပေမဲ့ ကျောင်းသားလူငယ်တွေရဲ့ နိုင်ငံ့အရေးအတွက် မဟုတ်မခံ ထက်သန်မူတွေ ပြိုကျ မသွား။ သမဂ္ဂစိတ်ဓာတ်တွေ ပျက်စီးမသွား။ ဒီမြေကွက်လပ်ကြီးဆီကိုပဲ ပြန်လာနေကြ သည်။ ၂၆ နှစ်အကြာ ရှစ်လေးလုံး အုံကြွ မှုကြီးမှာလည်း ၊ ဒီသမဂ္ဂကွက်လပ်ကြီးဆီပဲ ပြန်လာကြသည်။ ဟော နောက်ထပ် ၂၆ နှစ်အကြာ ၂ဝ၁၅ ခုမှာလည်း သမဂ္ဂကြီးဆီ ပြန်လာနေကြပြန်ပြီ။ အရောင်အမျိုးမျိုး ပြောင်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို သဏ္ဌာန် အမျိုးမျိုး ပြောင်းလာတဲ့ ကျောင်းသားတွေက အံတုကြပြန်ပေပြီ။ လက်ကိုင်ဖုံးလေးတွေ ကိုယ်စီကြည့်လျက်က လမ်းမကြီးတွေကို ဖြန့်ကျက်ချီတက်လာတဲ့ ကျောင်းသားလေး တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အသားညိုညို ဆံပင်တို မသပ်မယပ်နဲ့ ကျောင်းသားလေးတွေကပဲ လူကြီးတွေနဲ့ တစ်ပြေးတည်းထိုင် တစ်ဝိုင်းတည်း ဆွေးနွေးနေကြပြီ။
၁၉၃ဝ ခုနှစ်တွေတုန်းကရော ညိုထွန်းတို့၊ စိုးထွန်းတို့၊ ကျော်သိန်းတို့လိ၊ အညာက လာတဲ့ အမျိုးသားကျောင်းထွက် ဘိုသံမပီ၊ မသေမသပ် ညစ်ကပ်ကပ် ကျောင်းသားလေးတွေကို အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးတွေ ဘယ်မှာလာ အထင်ကြီးခဲ့လေမလဲ။ နောက်တော့လည်း မြန်မာပြည်သစ်ကို တည်ဆောက်တဲ့ လွတ်လပ်ရေးရဲ့ဖခင်ကြီးတွေ သတင်းစာဆရာကြီးတွေ၊ ဝန်ကြီးတွေ ဖြစ် လာခဲ့ကြသည်။ ဒီခေတ်တွေကြားထဲမှာတော့ ပညာရေးအခြေခံတွေက အများကြီး ကွာခြား ခဲ့ပြီပေါ့။ အဲဒါကြောင့်လည်း ကနေ့ သူတို့ ရဲ့တောင်းဆိုချက်တွေထဲမှာ နှုတ်တိုက်ကျက် ပညာသင်ကြားရေးနဲ့၊ ၏-သည်မလွဲ စာမေးပွဲစနစ်ကြီးကိုပါ ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ ကျောင်းသားတွေရဲ့ သဘောထားမပါတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပယ်ဖျက်ပြင်ဆင်နိုင်ဖို့၊ တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
ကျွန်ပညာရေး၊ သခင်ပညာရေး၊ အမျိုး သားပညာရေးဝိသေသတွေအမျိုးမျိုး တပ်ကြ သည်။ ဟိုတုန်းက နယ်ချဲ့စနစ်အတွက် လိုအပ်နေတဲ့ စာရေးစာချီ အုပ်ချုပ်ရေးအရာရှိတွေကို မွေးထုပ်ပေးတာမို့ ကျွန်ပညာရေးရယ်လို့ ခေါ်ဆိုရှုတ်ချခဲ့သည်။ ညိုထွန်းတို့လို သပိတ်မှောက်ကျောင်းသားတွေက လွတ်လပ်တဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ စက်မှုလက်မှု အတတ်ပညာတွေကို သင်ကြားတတ်မြောက်နိုင်မယ့် သခင်ပညာရေး အမျိုးသားပညာရေးဖြစ်ရမည်လို့ မျှော်မှန်းသည်။ နှစ်ပေါင်း ၈ဝ ကျော်လာတဲ့အခါမှာ သူတို့မျှော်မှန်းခဲ့တဲ့ အမျိုးသားပညာရေးက ဘယ့်လောက်ထိ ခရီးပေါက်ခဲ့ ပြီလဲ။ ကျောင်းသားသမဂ္ဂကြီး ဖျက်ဆီးခံပြီးနောက်ပိုင်း အစိုးရက တိုက်ရိုက်ချုပ်ကိုင်လာတဲ့ မြန်မာ့ပညာရေး စနစ်ဟာ သပိတ်မှောက်ကျောင်းသူ ထားမြင့်တို့၊ အမာတို့ခေတ်က ကျွန်ပညာရေးထက် တောင် ဘယ်လောက် ဆိုးဝါးနိမ့်ကျနေခဲ့ ပြီလဲ။ ဧရာဝတီတိုင်းက လမ်းလျှောက် ချီ တက်လာတဲ့ ကျောင်းသူကလေးတစ်ယောက် ကတော့ “ပညာရေးစနစ်မှာ ဘာကို စိတ် အပျက်ဆုံးလဲဆိုတော့ ဘာမှမရေရာတဲ့ အာမခံချက်မရှိတဲ့ ပညာရေးစနစ်ဖြစ်နေတာ ကို စိတ်အပျက်ဆုံးပါပဲ။ အခု ကျောင်းတက် နေကြတဲ့အချိန် ဘွဲ့ရတဲ့အထိက လူငယ်တွေ အတွက် ခွန်အားအရှိဆုံး၊ အလုပ်လုပ်နိုင်ဆုံး၊ ဉာဏ်အကောင်းဆုံး၊ ဖွံ့ဖြိုးမှုအရှိဆုံး အရွယ်တွေမှာ ပညာရေးစနစ်က မကောင်းတော့ သမီးတို့ လူငယ်တွေဘဝက အလကားအချိန်တွေ ပြုန်းတီးကုန်တယ်” လို့ဆိုသည်။
ကနေ့ခေတ် တိုင်းပြည်မှာ လူဦးရေ တိုးပွားလာလို့ တက္ကသိုလ်ကျောင်းသား ဦး ရေတွေလည်း များပြားလာပြီမို့ တက္ကသိုလ် တွေကို တိုးချဲ့ဖွင့်လှစ်လာကြတာ လျော်ကန် သင့်မြတ်ပါရဲ့။ သို့ပေမဲ့ မြို့တိုင်း နယ်တိုင်း မှာ၊ အဆောက်အဦဆင်တူကြီးတွေ ဆောက် ပေးလိုက်ရုံနဲ့ တက္ကသိုလ်တခု ဖြစ်သွားသည်မှ မဟုတ်ပဲ ။ အရေးကြီးတာက ကျောင်းသား တစ်ယောက်ဟာ တက္ကသိုလ်ကို ငွေကုန်ခံ အချိန်ကုန်ခံတက်ပြီး တက်ပွန်လိမ္မာတဲ့ တိုင်း ပြည်ရဲ့အင်အား တကယ်ဖြစ်လာရဲ့လားဆို တဲ့ ပြဿနာ။ စာမေးပွဲတွေကို နှုတ်တိုက် ကျက် အမှတ်စနစ်နဲ့၊ ၏-သည်မလွဲ အစက် အပျောက်၊ အရစ်အသတ်ပါမကျန် ဖြေဆို အောင်မြင်လာတဲ့ ထူးချွန်လက်ရွေးစင် ကျောင်းသားတွေချည်းပဲ။ ကျောင်းသားစစ်စစ် ဧကန်အဖြစ်နဲ့ တိုင်းပြည်ကို တည် ဆောက်နိုင်မှာတဲ့လား။ သပိတ်မှောက် ကျောင်းသား ညိုထွန်း တောင့်တတဲ့ ၊ စက်မူ လက်မူ အသက်မွေးမှု ပညာရပ်တွေဟာလည်း အခုလို တိုင်းပြည်ပြန်လည် တည်ဆောက်ရမယ့်အချိန်မှာ အရေးတကြီး လိုအပ်နေသည် မဟုတ်လား။ သို့ပေမဲ့ မတူညီတဲ့ လူနေမူ စနစ်အောက်က မမျှတတဲ့ ပညာရေးပေါ်လစီ တွေဟာ သာမန်ကျောင်းသားတွေအတွက် လျှောတိုင်တက်ရသလိုသာ ဖြစ်နေပေလိမ့် မည်။ တကယ်တော့ တိုင်းပြည်မှာ ပညာရေးနဲ့ ပတ်သက်ရင် ဟိုးအောက်ခြေ မူလတန်း အဆင့်ကစလို့ ပြုပြင်ပြောင်းလဲစရာတွေ တစ်ပုံတခေါင်းကြီး ဖြစ်နေခဲ့ပြီ။ ဆိုတော့ အခု ကျောင်းသားသပိတ်နဲ့ အမျိုးသားပညာ ရေးကွန်ရက်တို့ တောင်းဆိုညှိနှိုင်းနေတဲ့ အချက် ၁၁ ချက်ဟာ၊ ပညာရေးပြုပြင်ပြောင်းလဲ မှုကြီးတစ်ခု ဖြစ်လာဖို့ အများကြီးခြုံငုံ ပြည့်စုံစေလိမ့်မည်ဟု ယူဆမိသည်။
နောက်ဆုံး သတင်းများအရတော့၊ တာဝန်ရှိသူများဘက်မှ ဥပဒေပြုလွှတ်တော်မှာ ပြန်လည်ပြင်ဆင် ဆွေးနွေးမယ်လို့ သဘောတူညီမှုရရှိပြီဆိုလို့ ဝမ်းသာနေမိသည်။ တပြိုင်နက်တည်းမှာပဲ လွှတ်တော်ကြီးထဲမှာ ဆွေးနွေးကြန့်ကြာနေဦးမယ့် အချိန်တွေအတွင်းမှာ ကျောင်းသားလူငယ်တွေရဲ့ စုစည်းမှုနဲ့ စိတ်အားထက်သန်မှုတွေ ဖြိုခွဲခံရမှာကိုလည်း စိုးရိမ်မိပြန်သည်။ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကြီးကတော့ ကျွန်မတို့ မြို့ထဲကို ဝင်ရောက်လာခဲ့ပြီ။ ညီညီညာညာ သေသေသပ်သပ်နဲ့ မြို့ကိုတပတ်ပတ်ကြသည်။
သပိတ်မှောက် ကျောင်းသားစာအုပ်ထဲက ဇာတ်ကောင်တွေကို လမ်းပေါ်မှာ မျက်မြင်ကိုယ်တွေ့ လက်ဝှေ့ယမ်းပြမိသည်။ ဝတ္ထုစာအုပ်လေးကို ဖတ်လို့အားမရနိုင်သေးသလို အရှေ့ကို ပြန်သွားလိုက် နောက်ကို ပြန်လှန်လိုက်လုပ်နေရင်းက ကြားနေရတဲ့ ကျောင်းသားစစ်ကြောင်းတွေရဲ့ နောက်ဆုံးသတင်းတွေက ပိုလို့ပင် စိုးရိမ်မကင်း စရာဖြစ်လာနေသည်။ အစိုးရဘက်က ပြောသသမျှကို လွယ်လွယ်ကူကူပင် လိုက်လျောဟန်ပြသည်။
ဒါပေမဲ့ ရန်ကုန်မြို့ထဲကိုတော့ မဝင်ရလို့ အမိန့်ထုတ်သည်။ သမဂ္ဂကွက်လပ်ကြီးဆီ နောက်တဖန် ချီတက်လာကြပြန်တဲ့ ကျောင်းသားတွေရဲ့စုစည်းမှုကို လိုလားပုံမရ။ အထွေထွေ မကျေနပ်မူတွေ များပြားနေတဲ့ တခြားပြည်သူတွေဆီ ပျံ့နှံ့ကူးစက်သွားမှာကို စိုးရိမ်သည်ဟု ဝန်ခံလေသည်။ ကျောင်းသားတွေ ဘာဆက်လုပ်မည်လဲ။
အောင်ပွဲခံဖို့ ရန်ကုန်မြို့ကို ဝင်လာမယ်ဆိုတဲ့ ကျောင်းသားတွေရဲ့စကားကို “သပိတ်မှောက်ကျောင်းသား” ဝတ္ထုထဲက သမဂ္ဂအမှုဆောင် ကျောင်းသားကြီးတွေသာ သိခွင့်ရဦးမယ်ဆိုရင် ဘယ်လိုများ ပြောလေ မလဲ။ ကိုနုတို့၊ စိုးထွန်းတို့၊ ကျော်သိန်းတို့က အောင်မြင်မှုအတိုင်းအတာတစ်ခု ရနေပြီ မို့ ဒီလောက်နဲ့ ကျေနပ်ကြဖို့ တိုက်တွန်းလေ မလား။ ညိုထွန်းတစ်ယောက်ကတော့ စာအုပ်ထဲက ခုန်ထွက်လာပြီး သပိတ်မလှန်စတမ်း ဆုံးခမ်းတိုင် တိုက်ပွဲဝင်ဖို့၊ အာ ဘောင် အာရင်းသန်စွာ ပြောပေဟောပေလိမ့်မည်။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်ဆိုတဲ့ လူတချို့ကတော့ အောင်ပွဲဆက်ဆက်ခံရမည်လို့ ဆိုပေမည်။ သူနိုင်- ကိုယ်နိုင် ဘယ်သူမှ မရှုံးစေချင်တဲ့ လူတချို့ကလည်း၊ အောင်ပွဲဆိုတာ မသုံးစွဲသင့်တဲ့ စကားလို့ နားချပေမည်။
ကျွန်မကတော့ ပေါင်းတည်မြို့က ထွက်ခွာသွားတဲ့ ကျောင်းသားလေးတွေရဲ့ ကျောပြင်ကို ငေးကြည့်ရင်း လက်ကိုင်ဖုန်းလေးတွေ တကြည့်ကြည့် နဂိုညိုတဲ့ အသားတွေမှာ နေထပ်လောင်ထားတဲ့ ကျောင်းသားလေးတွေဆီမှာ တွေ့ရဦးမယ့် အံ့ဩစရာ ဆုံးဖြတ် လုပ်ဆောင်ချက်တွေကိုသာ၊ ယုံယုံကြည်ကြည် စောင့်မျှော်နေမိလေသည်။
သပိတ်မှောက် ကျောင်းသားများ
Most Read
Most Recent
4 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago