လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်တော့်ဇာတိကိုပြန်တော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲအကြောင်း နယ်ကလူကြီးတွေနဲ့ ပြောဖြစ်တယ်။ အဲဒီတုန်းက ရွေးကောက်ပွဲ မကျင်းပရသေးဘူး။ သူတို့ပြောတာတွေ အများကြီးပဲ။ သိပ်မမှတ်မိတော့ဘူး။ ဒါပေမဲ့ စကားတစ်ခွန်းကိုတော့ သေသေချာချာ ပြန်ကြားနေတုန်းပဲ။ အသက် ၆ဝ လောက်ရှိတဲ့ ဦးကြီးတစ်ယောက်က “ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ့်ထမင်းနပ်မှန်မယ်တူလေး” တဲ့။ အဲဒီတုန်းက ကျွန်တော် ဘာပြန်ပြောခဲ့မိမှန်းမသိ။ တစ်ခုခု ပြန်ပြောဖြစ်ခဲ့တယ်ဆိုတာပဲ သိတော့တယ်။
တကယ်တော့ ကျွန်တော်လူတွေရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု အကြောင်းကို ပြောချင်ခဲ့တာကြာပြီ။ နိုင်ငံရေးကို စိတ်ဝင်စားရင် အချိန်မရွေး ဒုက္ခရောက်သွား နိုင်တယ်ဆိုတဲ့ သွန်သင်မှုတွေကို လူတွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းစေဖို့ အမျိုးမျိုး မဟာဗျူဟာတွေ ချမှတ်ခဲ့တဲ့သူတွေရဲ့ အားထုတ်မှုဟာ လူကြီးတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုကို အသေသတ်နိုင်ခဲ့ရုံသာမက လူငယ်တွေရဲ့ အနာဂတ်နိုင်ငံရေး အားမာန်တွေကိုပါ ပျောက်ဆုံးစေခဲ့တယ်ဆိုတာ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် နားလည်ခဲ့ရတယ်။
ကျွန်တော် သတိရမိတာက ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောခဲ့တဲ့စကားလေးပါ။ ဆရာက နိုင်ငံရေးကို စိတ်မဝင်စားဘဲ နေတဲ့သူတွေကို “လူ့ရေပေါ်ဆီတွေ” လို့ ကင်ပွန်းတပ်ခဲ့တယ်။ ဒီလိုတိုက်ရိုက် ပြောလိုက်တဲ့အခါ မကျေနပ်တဲ့ စကားသံတွေ အများကြီးထွက်ပေါ် လာနိုင်ပါတယ်။ ကလေးတွေကို အားပေးအားမြှောက် လုပ်နေတာလား။ အဲဒီနိုင်ငံရေးကြောင့် လူတွေဘယ်လို ဒုက္ခရောက်ခဲ့ရလဲ။ မင်းတို့ လူမျိုးရေးကျတော့ တွန်းအားမပေးဘူး။ ဘာသာရေး မလိုက်စားလို့ ဒါတွေဖြစ်တာ။ ဒါထက်မကတဲ့ ဝေဖန်မှုတွေနဲ့ မကြားဝံ့မနာသာ ဆဲဆိုသံတွေကို ကြားရဖို့ သေချာပါတယ်။
ဒါပေမဲ့ သူပြောတဲ့စကားက ရှင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်လိုရှင်းတာလဲဆိုတော့ နိုင်ငံသားတစ်ယောက် ဖြစ်လာပြီဆိုရင် အဲဒီနိုင်ငံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လေးနက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်မြင်ရလို့ပဲ။ ကိုယ့်နိုင်ငံတော်အလံ၊ ကိုယ့်နိုင်ငံတော် သီချင်းကိုတော့ ခံစားမှုအပြည့်နဲ့ သီဆိုအလေးပြုဖို့ နှလုံးသား အဆင်သင့် ဖြစ်နေသင့်တယ်။ ကိုယ့်နိုင်ငံကို ချစ်တယ်ဆိုတာဟာ နိုင်ငံသား တစ်ယောက်အတွက် အမြင့်မားဆုံး ဂုဏ်သိက္ခာပါပဲ။ ဒါမျိုးမှာ ကန့်သတ်ချက်မရှိဘူး။
နိုင်ငံရေးကို စိတ်ဝင်စားရမယ်ဆိုတဲ့ အချက်ရဲ့နောက်ကွယ်က အဓိပ္ပာယ်ကတော့ အစိုးရလိမ်တာကို ဘုမသိ ဘမသိ မခံရဖို့ဆိုတဲ့ စေတနာဖြစ်ပါလိမ့်မယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာနိုင်ငံ အနာဂတ်အပေါ်ထားတဲ့ သူရဲ့ယုံကြည်ချက်ပါပဲ။ လူတစ်ယောက်ဟာ ကိုယ့်ကိုလိမ်တဲ့အခါ ကိုယ်က အမှန်ကို လုံးဝမသိတဲ့သူ ဆိုပါတော့။ သူက အားရပါးရ ဣန္ဒြေရရလိမ်လို့ ရပါတယ်။ ဒါပေမဲ့ သူလိမ်မှာကို ကိုယ်ကအားလုံး သိနေတဲ့အကြောင်း သူသိနေတယ် ဆိုရင်တော့ မဖြစ်မနေ လိမ်ရမယ်ဆိုရင်တောင် သူရှက်စိတ်ထက်ဝက်နဲ့ လိမ်ရပါလိမ့်မယ်။ ကျွန်တော်တို့ မျိုးဆက်တွေအနေနဲ့ သမိုင်းကြောင်း မကောင်းခဲ့တဲ့ မြန်မာ့နိုင်ငံရေးကို ကယ်တင်ဖို့ စာတတ်မှ၊ အမြင်ကျယ်မှ၊ နိုင်ငံရေးကို လေ့လာနိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။
ကျွန်တော် လူတွေနဲ့ စကားပြောကြည့်တဲ့အခါ တချို့ဟာ နိုင်ငံရေးကို စိတ်ဝင်စားဖို့ မပြောနဲ့ ဘယ်သူအုပ်ချုပ်နေပါစေ စိတ်မဝင်စားဘူးဆိုတဲ့ စကားမျိုးကိုတောင် တည်တည်ငြိမ်ငြိမ် ပြောထွက်လာတဲ့အထိ သူတို့ရဲ့ လက်ရှိနိုင်ငံသားဘဝကို နာနာကျင်ကျင် အသားကျနေတတ်တာ တွေ့ရတယ်။ သူတို့ခေါင်းထဲမှာ ရှိနေတဲ့အရာဟာ ဟိုတောနယ်က ဦးကြီးပြောခဲ့သလို ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ အယူအဆမျိုး။ ဟုတ်ပါတယ်။ အခြေခံအောက်ခြေ လူတန်းစား တစ်ရပ်ဟာ ထမင်းစားဖို့ ရုန်းကန်ရင်း အရာရာ ပျောက်ဆုံးနေကြရတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးသာမကပါဘူး။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေနဲ့ မျိုးဆက်တွေအပေါ်ထားတဲ့ ယုံကြည်ချက်တွေပါ ပျောက်ဆုံးနေခဲ့ ကြရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလိုလူတန်းစားတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးပါတယ်။ သူတို့တွေ ပျောက်ဆုံးမှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုရေစီးကြောင်း ဟန့်တားခံရခြင်းပါပဲ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လူကြီးလူငယ်အားလုံးဟာ နိုင်ငံရေးကို မျက်စိမှိတ်၊ နားပိတ်မနေဖို့ လိုအပ်ပါတယ်။ ဒါဟာအမှန်တရား တစ်ခုဖြစ်ပေမယ့် ဆယ်စုနှစ်များစွာ ပျက်စီးခဲ့ရတဲ့ စိတ်ဓာတ်တွေထဲမှာတော့ အကြောက်တရားနဲ့ အမုန်းတရားသာ ကိန်းအောင်းဖို့ နေရာလွတ်တွေပဲ ရှိနေပါတော့မယ်။ ကျွန်တော်တို့တွေ နိုင်ငံချစ်စိတ်နဲ့ သင်ယူကြစို့လား။
တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် အခြေခံလူတန်းစားတွေရဲ့ဘဝမှာ သူတို့ကို အာမခံမှုပေးနိုင်တဲ့ အစိုးရမျိုး၊ သူတို့ရဲ့ ခက်ခက်ခဲခဲရှာဖွေထားရတဲ့ ထမင်းလုတ်ကို ပုတ်မချတဲ့ အစိုးရမျိုး အမှန်တကယ် လိုအပ်ပါတယ်။ ဒါဟာ နေ့ချင်းညချင်း ပြောင်းလဲပစ်လို့ရတဲ့ အခြေအနေ မဟုတ်တာကို သဘောပေါက်ဖို့ လိုအပ်သလို စည်းစနစ်ကျနတဲ့ အုပ်ချုပ်ရေးဆီ အရောက်လှမ်းဖို့ နိုင်ငံသားတွေရဲ့ အသိစိတ်တွေထဲက မဖြစ်မနေ သင်ယူရမယ့်အရာတွေ ရှိနေတာကိုလည်း နားလည်ဖို့ လိုအပ်ဆဲပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်အားလုံးမှာ ဘယ်လိုလူတွေ စိုးမိုးထားတယ်၊ ဘယ်လို လုပ်ဆောင်မှုတွေပဲ မြင်နေရတယ်ဆိုတာမျိုးကို သုံးသပ်ဖို့ လူတိုင်းလက်လှမ်းမမီနိုင် ပေမယ့် တစ်နိုင်တစ်ပိုင် လေ့လာမှုမျိုး၊ စိတ်ဝင်စားမှုမျိုးကို နိုင်ငံသားတွေ သင်ယူရင်း အစိုးရရဲ့လုပ်ဆောင်မှုတွေကို သတိပြု၊ သတိထားတတ်လာရင်။ ပြီးတော့ ပိုမိုကျယ်ကျယ် ပြန့်ပြန့်လေ့လာနိုင်တဲ့ လူတန်းစားတစ်ရပ်ကလည်း အစိုးရရဲ့တာဝန်နဲ့ ကတိကို တည်စေဖို့ စနစ်တကျ ထောက်ပြနိုင်ခဲ့ရင် ပိုပြီးကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပိုင်ဆိုင်ရဖို့ အခွင့်အရေးတွေ ရှိလာနိုင်ပါသေးတယ်။ နိုင်ငံသားတိုင်း ကိုယ့်မိခင်နိုင်ငံရဲ့ နိုင်ငံရေးကို စိတ်ဝင်စားခြင်းဟာ အပြစ်တစ်ခုမဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်ခြင်းသာဖြစ်တယ် ဆိုတာကို ကျွန်တော့်နှလုံးသားထဲမှာ ယုံကြည်မိပါတယ်။ ဒါလေးပဲ ပြောပါရစေ။
“ကိုယ့်ကိုယ်ကိုယ်ချစ်ရင် နိုင်ငံရေးကို မျက်နှာမလွှဲပါနဲ့... ကိုယ့်မိသားစုကိုချစ်ရင် နိုင်ငံရေးကို မျက်နှာမလွှဲပါနဲ့... ကိုယ့်နိုင်ငံကိုချစ်ရင် နိုင်ငံရေးကို မျက်နှာမလွှဲပါနဲ့...”
နိုင်ငံကို ချစ်ရင် နိုင်ငံရေးကို မျက်နှာမလွှဲပါနဲ့
Most Read
Most Recent
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago