စာအုပ်တွေ ယူသွားပြီး ထရံကြား ထိုးထားတဲ့လူ

စာအုပ်တွေ ယူသွားပြီး ထရံကြား ထိုးထားတဲ့လူ
Published 17 February 2015
မောင်စံပေါ

(၁)လူတွေအကြောင်းများ ပြောပါတယ်။ ကိုယ့်အရင် လူဖြစ်ပြီး ကျင်လည်ခဲ့ကြတဲ့ လူတွေအကြောင်းကိုက ဒီတစ်သက် ဖတ်လို့ မကုန်နိုင်ဘူး။ ကိုယ်ကျင်လည် ဖြတ်သန်းခဲ့တဲ့ ဘဝတာမှာ ဆုံစည်းခဲ့ကြသူတွေ အကြာင်းတွေဆိုလည်း ရေးလို့ကို မကုန်နိုင်ဘူး။ စိတ်ကူးမိ၊ သတိရမိတဲ့ အကြောင်းတွေ ဆိုတာကလည်း ကိုယ်သိတဲ့ ကျွမ်းဝင်တဲ့ လူတွေအကြောင်းတွေက ခပ်များများရယ်။(၂)သစ်တောနဲ့ ပတ်သက်တဲ့ သတင်းတွေ တွေ့ရ၊ ဆောင်းပါးတွေ ဖတ်ရတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ကာလကို သတိရမိတယ်။ ပါတီ၊ ကောင်စီခေတ်ပေါ့ဗျာ။အဲဒီခေတ်က သစ်တောလောကမှာ သစ်တောစိုက်ခင်း စီမံကိန်းတွေ အုံနဲ့ကျင်းနဲ့ အကောင်အထည် ဖော်ခဲ့တယ်။ EPP လို့ အတိုကောက် လူသိများတဲ့ အရှေ့ပဲခူးရိုးမ စိုက်ခင်းစီမံကိန်း စခဲ့တယ်။ ညွှန်ကြားရေးမှူးက အန်ကယ်ဦးခင်လှိုင်။ နောက်တော့ စိုက်ခင်းဒေသ (၁) ဆိုပြီး ပြောင်းလဲခေါ်ခဲ့တယ်။ အခု ညွှန်ကြားရေးမှူးတာဝန် ထမ်းနေတဲ့ ဦးကျော်လွင်ဆိုရင် သစ်တောပညာ ညီငယ်တွေ အားကျရတဲ့ သစ်တောစိုက်ခင်းမင်းသား။ သူ့သစ်တောစိုက်ခင်းတွေက တကယ် အောင်မြင်တာကိုး။ ဒီတော့ ‘စံ’ သဘောမျိုးထားပြီး သွားလေ့လာရတယ်။ နိုင်ငံခြားသား ပညာရှင်တွေ၊ ဧည့်သည်တွေကို ဂုဏ်ယူစွာနဲ့ ပြရတာပေါ့။ညွှန်ကြားရေးမှူးချုပ် ရာထူးနဲ့အနားယူခဲ့တဲ့ အန်ကယ်ဦးရဲမြင့် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းက ADB။ နောက်တော့ စိုက်ခင်းဒေသ (၂) ဆိုပြီး ပြောင်းလဲခေါ်ခဲ့တယ်။(၃)အန်ကယ် ဦးခင်လှိုင်တို့၊ အန်ကယ်ဦးရဲမြင့်တို့ ခေတ်တုန်းက သစ်တောပညာနဲ့ ဘွဲ့ရကျောင်းပြီးတာနဲ့ ပြန်တမ်းဝင်အရာရှိ (သစ်တောဝန်ထောက်) တန်းဖြစ်ခဲ့တာ။ နှစ်စဉ် ကျောင်းဆင်းတဲ့ ဘွဲ့ရဦးရေကလည်း မများလှဘူးလေ။မှတ်သားထားတာအရ အစောဆုံး ၁၉၂၅ မှာ (၁) ဦးမြ၊ (၂) ဦးအုန်း၊ (၃) ဦးဖိုးမူ၊ (၄) ဦးဘချစ်၊ (၅) U F. Tin Wain၊ (၆) U H. L. Walden တို့ခြောက်ဦးပဲ ရှိပါတယ်။ ၁၉၂၅ ကနေ ၁၉၃၄ အထိ စုစုပေါင်း ၄၂ ဦး ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ကြရတာဖြစ်ပြီး လက်တွေ့ကွင်းဆင်း လေ့လာဆောင်ရွက်တာကို အိန္ဒိယနိုင်ငံ၊ ဒရဒွန်း သွားရောက်လုပ်ကိုင်ကြရတဲ့အကြောင်း သိရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကတောင် လာရောက် ပညာဆည်းပူးကြကြောင်းလည်း မှတ်သားရပါတယ်။လွတ်လပ်ရေးရပြီး ပထမဦးဆုံးသော သစ်တောပညာနဲ့ ဘွဲ့ရတွေကို ၁၉၅၃ မှာ မွေးထုတ်ခဲ့ပြီး ၁၄ ဦး ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်အထိ နှစ်စဉ် သစ်တောပညာ ဘွဲ့ရဦးရေဟာ ၂၀ မကျော်ခဲ့ပါဘူး။ တချို့နှစ်တွေမှာဆိုရင် လက်တစ်ဖက်စာတောင် မပြည့်ခဲ့ပါဘူး။ ၁၉၆၄ လေးဦး။ နောက်တော့ တစ်နှစ်ကို ကျောင်းသား ၅၀ လက်ခံခဲ့တယ်။ တက္ကသိုလ်မှာ ခြောက်နှစ်ကြာ ကျောင်းတက်ရတယ်။ နောက်ပိုင်းမှာ ရေဆင်းကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။ သစ်တောတက္ကသိုလ် သီးခြားဖြစ်လာတယ်။ ၂၀၀၂ ဂျူနီယာဘွဲ့ရတွေကစပြီး ငါးနှစ်ဖြစ်ခဲ့တယ်။ ၂၀၁၃ တစ်နှစ်တည်းမှာ ဘွဲ့ရ ၂၀၀ နီးပါး (၁၈၃ဦး) မွေးထုတ်ခဲ့တယ်။(၄)ကျောင်းပြီးလို့ သစ်တောပညာ ဘွဲ့ရတာနဲ့ ပြန်တမ်းဝင်အရာရှိ ချက်ချင်းတန်းဖြစ်တာ ၁၉၆၉ နောက်ပိုင်းမှာ မရှိတော့ပါဘူး။ ပုံသေလစာနဲ့ လုပ်ကြရတာတွေ အများကြီးပါ။ ဒါပေမဲ့ တာဝန်ကျေကြပါတယ်။ တောကြီးမျက်မည်းထဲသွား၊ ငှက်ဖျားနဲ့ နပန်းလုံး၊ မိုးတွင်းခြောက်လလုံးလုံး တောထဲနေပြီး စိုက်ခင်းအောင်မြင်အောင်လုပ် စသဖြင့် မိသားစုအရေး ဘေးဖယ်ပြီး လုပ်ခဲ့ကြတယ်။ တောကလူတွေကတော့ သူတို့ နှုတ်ကျိုးနေတဲ့ ဝန်ထောက်ပဲ ခေါ်ပေမယ့် လက်တွေ့မှာ ၂၁၀-၁၅-၃၃၀ လစာနှုန်းနဲ့ လုပ်ရတာ။ တရားဝင်ရာထူးက စိုက်ကွက်လက်ထောက်။  (၅)အဲဒီ စိုက်ကွက် လက်ထောက်ဝန်ထောက်ပေါက်စလေး ကြုံရတာတစ်ခု ပြောပြချင်ပါတယ်။ ပါတီ၊ ကောင်စီခေတ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ကြောက်ရတာ လုပ်ငန်းစစ်။ တစ်နှစ်တစ်ခါ စာရွက်စာတမ်း၊ စာရင်းအင်းတွေ စစ်တယ်။ မြေပြင်မှာ လုပ်ငန်းစစ်တယ်။ မြို့နယ်အဆင့်သာမက တိုင်း၊ ပြည်နယ်အဆင့်ပါ စစ်တာမျိုး ရှိတယ်။ ဝန်ထောက်ကလေးရဲ့ စိုက်ခင်းက သစ်ထုတ်ကားလမ်းနဲ့နီးတော့ ပွင့်လင်းရာသီမှာ သွားရေးလာရေး လွယ်တယ်။ အဲဒီတော့ မြို့နယ် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌက တိုင်းကဆရာကြီးများကို ပြဖို့ရွေးတယ်။သူတို့လာကြည့်ကြမယ့် အချိန်က ဖေဖော်ဝါရီလကုန်။ မိုးပြတ်ပြီ။ ကြည့်မှာက ပျဉ်းကတိုးစိုက်ခင်း။ စိုက်ခင်းကပေါင်းတွေ ထူနေလို့ ပျဉ်းကတိုးပင်တွေ မမြင်ရတာ။ အမှန်က သတ်မှတ်အကြိမ် အရေအတွက်အတိုင်း ပေါင်းရှင်းပြီးသား ခုတ်ပြီးသား။ ဒါကို အပြကောင်းအောင်ဆိုပြီး မြို့နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ထပ်ခုတ်ခိုင်းတယ်။ ပြဿနာက လာပါပြီ။ ရန်ပုံငွေ မရှိပါ။ အိတ်စိုက်ခုတ်စေ။ ချေးငှားပြီး မဖြစ်ဖြစ်အောင် လုပ်ဖြစ်တယ်။ အဓိက ပြဿနာက ပျဉ်းကတိုးရဲ့ သဘောသဘာဝ။ ငယ်စဉ်မှာ အရိပ်ကြိုက်တဲ့ Shade-Bearer မျိုး။ ကျွန်းလို အလင်းကြိုက်တဲ့ Light-Demander မဟုတ်။
တောကြီးမျက်မည်းထဲသွား၊ ငှက်ဖျားနဲ့ နပန်းလုံး၊ မိုးတွင်းခြောက်လလုံးလုံး တောထဲနေပြီး စိုက်ခင်းအောင်မြင်အောင်လုပ် စသဖြင့် မိသားစုအရေး ဘေးဖယ်ပြီး လုပ်ခဲ့ကြတယ်။ တောကလူတွေကတော့ သူတို့ နှုတ်ကျိုးနေတဲ့ ဝန်ထောက်ပဲ ခေါ်ပေမယ့် . . . . .

အကျိုးအကြောင်း ရှင်းပြတာကို ဥက္ကဋ္ဌက လုံးဝလက်မခံဘူး။ ရလဒ်က တယုတယ ပျိုးထောင်ခဲ့ရတဲ့ ပျဉ်းကတိုးပင်ငယ်ကလေးတွေ ကွင်းပြောင်ပြောင်မှာ နွေနေကို အန်တုရင်း သေတယ်။ နောက်မိုးတွင်းမှာ သေပင်ဖာထေးခြင်း (Patching) အလုပ်ပိုတယ်။ဗဟုသုတနည်းပါးပြီး တတ်ကျွမ်းနားလည်သူရဲ့ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းပြောပြတာကို နားထောင်ခြင်း မရှိဘဲ စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိတဲ့ လူတစ်ယောက် အာဏာရှိတဲ့ တစ်နေရာရောက်ချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။  (၆)  အဖြစ်အပျက် တစ်ခုသာ ပြောရတာပါ။ တကယ်တော့ အရုပ်ဆိုးတာတွေ ဖုံးဖိထားပြီး အပြကောင်းအောင်လုပ်တဲ့ အကျင့်တွေက နယ်ပယ်စုံမှာ နေရာအတော်ယူခဲ့တာကလား။ အလုပ်တော်ဖို့ မလိုဘူး၊ ရုပ်ပြကောင်းဖို့ လိုတယ်ဆိုတဲ့ အိုင်ဒီယိုလော်ဂျီတွေ ထွန်းကားခဲ့တယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကံရာဇာငယ်နောက် ကောက်ကောက်ပါအောင် လိုက်ရုံမက ကျော်တက်ကြတယ်။(၇)အစီရင်ခံစာ ကောင်းကောင်းထွက်ဖို့က လုပ်ငန်းအောင်မြင်ဖို့ထက် ပိုအရေးကြီးလာတယ်။ ဟုတ်တာမဟုတ်တာ ဖယ်ထား၊ ဟိုက ဒီက ကူးပြီး Power Point Presentation လေး ကောင်းကောင်းလုပ်ထားဖို့က ပိုအရေးပါလာတယ်။ စကားလုံး ကြီးကြီးတွေ၊ စကားလုံး လှလှတွေကလည်း မိုးပေါ်ရောက်လာတာကိုး။ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ၊ စာတမ်းဖတ်ပွဲတွေမှာ ဆွေးနွေးချက်တွေရဲ့ အရေးကြီးမှု၊ စာတမ်းတွေရဲ့ အရည်အသွေးထက် အဖွင့်မိန့်ခွန်းကောင်းကောင်း ရေးပေးနိုင်ဖို့က ပိုပြီး အဓိက ကျလာတယ်။ ဒါတောင်မှ ရေးတာက ရေးတာပဲ၊ အဖွင့်မိန့်ခွန်းပြောတဲ့ ပုဂ္ဂိုလ်က ပြောချင်ရာတွေ လျှောက်ပြောသွားတာက ရှိသေးရဲ့။ ဘာပဲဖြစ်ဖြစ် ဖွင့်ပွဲအခမ်းအနား ချောချောမောမော အောင်အောင်မြင်မြင် ပြီးသွားရင် အဲဒီဟာကြီး အောင်မြင်ပြီလို့တောင်မှ ဆိုကြတယ်။(၈)ဒီလိုတွေ ကြားရတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ဝန်ထောက်ပေါက်စကို သတိရတယ်။ ကရွတ်ကင်း လျှောက်နေဆဲလား။ သူငယ်ချင်း တစ်ယောက်ကတော့ ပြောပါတယ်။ ဆိုင်လား မဆိုင်လားတော့ မသိဘူးကွာ။ မဆိုင်ရင်လည်း အတင်းသာ ဆွဲဆိုင်လိုက်ပေရော့တဲ့။(၉)သူပြောပြတဲ့ ဇာတ်လမ်းလေးက ဒီလို။သူတို့မြို့ကလေးမှာ ဦးလူကျော်ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ အဲဒီလူကြီးက ရှေးကုသိုလ်ကံကောင်းတော့ ကြေးပြားလည်း ပြည့်စုံ၊ ဇနီးမယားလည်း ပြည့်စုံပေါ့။ သူ့မှာ မပြည့်စုံတာတွေလည်း ရှိသပေါ့။ လူပဲဗျာ၊ အရာခပ်သိမ်း ပြည့်စုံသူတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ ပြည့်စုံသူတချို့မှာ ရောဂါရှိသလို ဦးလူကျော်မှာလည်း အလားတူရောဂါ ရှိတယ်။ ဘာရောဂါလဲဆိုတော့ ကိုယ်မပြည့်စုံတဲ့ အချက်၊ ကိုယ့်လိုအပ်ချက်၊ အားနည်းချက်ကို လူသိမှာ စိုးတာ။ အဲဒီတော့ သူ့မှာ ဖုံးရကွယ်ရ ဟန်ဆောင်ရ၊ လူရှိန်အောင် လုပ်ရနဲ့ပေါ့။အခါကြီးရက်ကြီး တစ်နေ့မှာ မြို့ဦးကျောင်း ဆရာတော်ဆီ လှူဖွယ်ဝတ္ထု အပြည့်အစုံနဲ့ သွားတယ်။ ဒါကလည်း အချိန်ကိုက် လုပ်ဆောင်တာလေ။ ဒီလိုနေ့မျိုးဆိုရင် ဘုန်းကြီးကျောင်းမှာ လူစည်တာကိုး။ သူအမှတ်ယူဖို့၊ လူပုံအလယ်မှာ လူရှိန်အောင် လုပ်ပြဖို့ အခွင့်ကောင်းလေ။သီလယူပြီးတော့ ကျောင်းပြည့်ကျောင်းလျှံ ပရိသတ်ရှေ့မှာ အခွင့်ကောင်းကို အမိအရ ယူပြီး ဆရာတော်ကို လျှောက်တယ်။“ဆရာတော်ဘုရား၊ ရောက်တုန်းရောက်ခိုက် ဆရာတော့်ဆီက တရားစာအုပ်ကလေးများ ဖတ်ဖို့ ငှားချင်ပါတယ် ဘုရား”“ဟေ၊ ဘာစာအုပ်များလဲ ဒကာကြီး”“လယ်တီဆရာတော်ရဲ့ ဥတ္တမပုရိသ ဒီပနီနဲ့ ပဋိစ္စသမုပ္ပါဒ် ဒီပနီပါ ဘုရား”“ဒကာကြီး၊ ဘုန်းကြီး တစ်ခုပြောမယ်။ စိတ်တော့မရှိနဲ့”“တင်ပါ့ဘုရား”“ဘုန်းကြီးမှာလည်း စာအုပ်က အပိုမရှိဘူး။ ဒကာကြီးကလည်း ဒီစာအုပ်တွေကို ရှိုးထုတ် ငှားသွားပြီး ဖတ်မှာလည်း မဟုတ်ပါဘူး။ ထရံကြား ထိုးထားမှာ မဟုတ်လား။ မငှားနိုင်ဘူး ဒကာကြီး”(၁၀)ပြကောင်းရုံ လုပ်တဲ့ အလုပ်တွေ၊ ကြားကောင်းရုံ ပြောတဲ့ စကားတွေ၊ လူရှိန်အောင် ကြိုးစားနေရတဲ့ ဟန်ဆောင်မှုတွေ။သံသရာရယ် ရပ်ပါတော့။ ခေတ်သစ်ကို အလုပ်စစ်နဲ့ အဟုတ်ဖြစ်အောင် ထူထောင်မယ့် လူတွေ လိုပါတယ်။