ကျောင်းသားများအားတားဆီးမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရဆောင်ရွက်မည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား

ကျောင်းသားများအားတားဆီးမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရဆောင်ရွက်မည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား
Published 16 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ကျောင်းသားများအားတားဆီးမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရဆောင်ရွက်မည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအားပြောကြားသည်။    သတင်းထောက်များမေးမြန်းသည့် ကျောင်းသားများအား ရန်ကုန်မြို့သို့ ဝင်ခွင့် ပြု၊ မပြုကိစ္စနှင့်စပ်လျဉ်း၍ ကျောင်းသားများတောင်းဆိုသည်များကိုဆောင်ရွက်ပေးရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သပိတ်ဆက်လက်ဆောင်ရွက်ပါက မလိုလားအပ်သောပြဿနာများပေါ်ပေါက်လာနိုင်ကြောင်း၊ ထို့ကြောင့် ဟန့်တားမည်ဖြစ်ကြောင်း၊ ဟန့်တား၍မရပါက ထုတ်ပြန်ထားသည့်အတိုင်း ဥပဒေအရဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။    ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က "သူတို့တောင်းဆိုတဲ့ဆွေးနွေးပွဲလုပ်ပြီးပြီလေ။ ကျောင်းသားအဖွဲ့ဘက်ကရော၊ အစိုးရဘက်ကရော ကျန်တဲ့ ပါတဲ့အဖွဲ့တွေကရော အကုန်လုံးကသဘောတူဆုံးဖြတ်ပြီး သူတို့ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးသားဖြစ်တယ်။ ဒါတွေလုပ်မယ်ဆိုရင်တော့ အဲဒီအပေါ်မူတည်ပြီးတော့ မလိုလားအပ်တဲ့တခြားပြဿနာတွေ ဖြစ်လာနိုင်မှာစိုးလို့ ဟန့်တားတာပဲဖြစ်ပါတယ်။ တားလို့မရရင်တော့ ထုတ်ပြန်ကြေညာပြီးသားအတိုင်း ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်။ တားလို့ရမရကတော့ သက်ဆိုင်ရာမှာရှိနေတဲ့အဖွဲ့အစည်းတွေသိပါလိမ့်မယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကပဲ သူ့ဘာသာသူလုပ်နေတာလေ။ ကိုယ်တို့ကတော့ သက်ဆိုင်တဲ့တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တာဝန်ကို ပြည်ထဲရေးက ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီအပေါ်ကိုမူတည်ပြီးတော့ ကိုယ့်ဘာကိုယ် တည်ငြိမ်အေးချမ်းတဲ့ သဘောတူထားတဲ့အတိုင်း အားလုံးလုပ်ကိုင်တာအကောင်းဆုံးဖြစ်ပါတယ်" ဟုပြောကြားသည်။    ကျောင်းသားများ ပြင်ဆင်ပေးရန်တောင်းဆိုထားသည့် အမျိုးသားပညာရေးဥပဒေအား ယခုရက်ပိုင်းအတွင်း လွှတ်တော်မှပြင်ဆင်ပေးနိုင်ရန်စီစဉ်နေကြောင်း သိရသည်။