လွှတ်တော်ကိုယ်စားလှယ်များ၏မေးခွန်းမေးမြန်းတောင်းဆိုမှုများသည် ၂၀၁၅-၂၀၁၆ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင်မပါဝင်ပါက တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် သတိပေးပြောကြားသည်။ဦးခင်အောင်မြင့်က "လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းများမေးမြန်းတဲ့အခါမှာ အခု ၂၀၁၅ ခုနှစ်က ပထမအကြိမ်လွှတ်တော်ရဲ့ နောက်ဆုံးသက်တမ်းလည်းဖြစ်ပါတယ်။ နောက်ဆုံးနှစ်ဖြစ်တဲ့အတွက် နောက်ဆုံးနှစ်အတွင်းမှာဆောင်ရွက်မယ့် အမျိုးသားစီမံကိန်းဥပဒေကြမ်းမှာပါမှရမယ်။ အဲဒီမှာပါမှ ဘတ်ဂျက်မှာပါမယ်။ ဘတ်ဂျက်မှာမပါလို့ရှိရင် ကျွန်တော်တို့မမီတော့ဘူး။ မမီတဲ့အတွက် နောက်ကျပြီးတောင်းဆိုတဲ့ကိစ္စတွေဟာ ၂၀၁၆-၂၀၁၇ မှာ လွှတ်တော်ကလည်းအသစ်၊ အစိုးရကလည်းအသစ်ဖြစ်သွားပါပြီ။ တကယ်တမ်းလိုအပ်တဲ့ကိစ္စဆိုရင်တော့ ဆောင်ရွက်သင့်သောကိစ္စအဖြစ် မှတ်တမ်းတင်ထားပေးပါဆိုရင်လည်း ဝန်ကြီးဌာနတွေက မှတ်တမ်းတင်ထားပေးလို့ရပါတယ်။ မိမိတို့လက်ထဲမှာရောက်နေပြီးသားဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်မှာမပါလို့ရှိရင် ဒီနှစ်အတွင်းမှာလုပ်ပေးပါလို့ တောင်းဆိုလို့မရဘူးဆိုတာ သတိထားဖို့လိုပါတယ်။ တင်ထားတဲ့မေးခွန်းတွေကိုလည်း ပြန်ပြီးစိစစ်ပါ။ တောင်းဆိုတဲ့အခါမှာလည်း လုပ်ပေးပါလို့ ဒီဘတ်ဂျက် အမျိုးသားစီမံကိန်းထဲမှာမပါရင်မရဘူးဆိုတာ သိထားဖို့လိုပါတယ်" ဟုပြောကြားသည်။ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပိုင်းများအား ရာသီမရွေးသွားလာနိုင်စေရန်အတွက် ပြင်ဆင်ပေးရန်မေးခွန်းများ၊ မြေသားလမ်းအဆင့်မှ ကျောက်ချောလမ်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းများမေးမြန်းခဲ့ကြသည်။ယင်းသို့မေးမြန်းမှုများအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးခင်မောင်အေးက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံထားခြင်းမရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအစီအစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။ယင်းသို့ဖြေကြားမှုများပြီးနောက် ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင်ပါဝင်ခြင်းမရှိပါက ကိုယ်စားလှယ်များအနေဖြင့် တောင်းဆို၍မရနိုင်ကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏မေးမြန်းတောင်းဆိုမှုများသည် ၂၀၁၅-၂၀၁၆ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင်မပါဝင်ပါက တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌသတိပေး