ပင်မကျောင်းသားသပိတ်စစ်ကြောင်းအနေဖြင့် ရန်ကုန်မြို့သို့ဆက်လက်ချီတက်နေပြီး စာမေးပွဲကာလဖြစ်သည့်အတွက် ကျောင်းများရှေ့တွင် အသံတိတ်ဖြတ်သန်း

ပင်မကျောင်းသားသပိတ်စစ်ကြောင်းအနေဖြင့် ရန်ကုန်မြို့သို့ဆက်လက်ချီတက်နေပြီး စာမေးပွဲကာလဖြစ်သည့်အတွက် ကျောင်းများရှေ့တွင် အသံတိတ်ဖြတ်သန်း
Published 16 February 2015
မင်းသိန်းနိုင်၊ ရှိုင်းလင်းအောင်

မန္တလေးမှရန်ကုန်သို့ ဆက်လက်ချီတက်နေသည့် ပင်မသပိတ်ကျောင်းသားသပိတ်စစ်ကြောင်းအနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ညအိပ်နားခဲ့သည့် အုတ်ဖိုမြို့အတွင်း လှုံ့ဆော်ဟောပြောမှုများပြုလုပ်ကာ မင်းလှမြို့သို့ ဆက်လက်လမ်းလျှောက်ချီတက်ခဲ့သည်။ယင်းသို့ချီတက်ရာတွင် အခြေခံပညာကျောင်းများစာမေးပွဲ စတင်စစ်ဆေးသည့်ကာလဖြစ်သည့်အတွက် ကျောင်းများရှေ့မှလမ်းလျှောက်ချီတက်ရာတွင် ကြွေးကြော်သံများမအော်ဟစ်ဘဲ အသံတိတ်လမ်းလျှောက်ချီတက်ခဲ့ကြသည်။"ကျွန်တော်တို့က အစိုးရတာဝန်ရှိသူတွေတွေ့ဆုံတဲ့အခါ ကတိပေးထားတဲ့အတိုင်း စာမေးပွဲကာလမှာ ကျောင်းသားတွေအတွက် အနှောင့်အယှက်မဖြစ်အောင် ပုံစံပြောင်းလဲချီတက်နေတာပါ။ ကျွန်တော်တို့ချီတက်တဲ့ လမ်းကြောင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေရှေ့ကဖြတ်လျှောက်တဲ့အခါမှာ ကျွန်တော်တို့အသံတိတ်ဖြတ်လျှောက်ပါတယ်" ဟု သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းမင်းဇော်ကဆိုသည်။ယင်းပင်မသပိတ်စစ်ကြောင်းသို့ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်း ဗကသအဖွဲ့ဝင်ကျောင်းသား ၁၅ ဦးမှာ လာရောက်အင်အားဖြည့်ပူးပေါင်းခဲ့ကြောင်းသိရပြီး ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင်လည်း မြေလတ်စစ်ကြောင်းရှိ ပခုက္ကူမှ ကျောင်းသားတစ်ဦးနှင့် အစိုးရဝန်ထမ်းကျောင်းဆရာနှစ်ဦးတို့မှာ ထပ်မံလာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။"ကျွန်တော်တို့သပိတ်စစ်ကြောင်းကို မနေ့က ပဲခူးဗကသအဖွဲ့ဝင်ကျောင်းသူမှ လာရောက်ပူူးပေါင်းအားဖြည့်တယ်။ ပြီးတော့ ဒီနေ့မနက်ကလည်း မြေလတ်စစ်ကြောင်းမှာပါဝင်တဲ့ ပခုက္ကူမှကျောင်းသားတစ်ဦးနဲ့ အစိုးရဝန်ထမ်းကျောင်းဆရာနှစ်ဦးလာပူးပေါင်းတယ်" ဟု ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုရှိန်းရာဇာထွန်းက ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းကဆိုသည်။ယင်းပင်မသပိတ်စစ်ကြောင်းမှ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်း အုတ်ဖိုမြို့သို့လာရောက်သည့်လမ်းတွင် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရသည့် ကျောင်းသူနှစ်ဦးအား အုတ်ဖိုမြို့နယ်ဆေးရုံမှ ကြို့ပင်ကောက်မြို့ရှိ အောင်မြင်မြင့်မိုရ်ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူလျက်ရှိပြီး အခြေအနေတိုးတက်ကောင်းမွန်ကြောင်းနှင့် နေကောင်းပါက သပိတ်စစ်ကြောင်းတွင် ဆက်လက်ပါဝင်ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ဖေဖော်ဝါရီ ၁၆  ရက် မွန်းလွဲပိုင်းက မင်းလှမြို့အဝင်၌တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ပင်မစစ်ကြောင်းမှ ကျောင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုမြတ်သူအား အခြားစစ်ကြောင်းများအနေဖြင့် သပိတ်များရပ်တန့်ကာ လွှတ်တော်အဆုံးအဖြတ်အား စောင့်ကြည့်မည်၊ အစိုးရတာဝန်ရှိသူများအနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက်ကနွေးဆွေးပွဲတွင် ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ်တင်သွင်းမည် စသည့်အချက်များနှင့်ပတ်သက်၍ သဘောထားအားမေးမြန်းရာ "ကျွန်တော်တို့စစ်ကြောင်းရဲ့ သဘောထားရပ်တည်ချက်က အချက်ရှစ်ချက်ထုတ်ပြန်ပြီးသားပါ။ ကျွန်တော်တို့စစ်ကြောင်းအနေနဲ့ ကတိကဝတ်ဆိုတဲ့အဆင့်ထက်ကိုကျော်လွန်ပြီးတော့ သေချာတဲ့အာမခံချက်ရတဲ့အထိ ဆက်လက်ချီတက်သွားမှာဖြစ်တယ်။ ဒီနေ့ဆိုလည်း လွှတ်တော်မှာ ဒီကိစ္စကို အရေးကြီးအဆိုတင်မယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ရက်တွေကပြောခဲ့တာရှိတယ်။ ဒီနေ့တော့ လွှတ်တော်မှာဆွေးနွေးမယ့်အစီအစဉ်ထဲမှာ ကျွန်တော်တို့ကိစ္စမပါဘူးလို့ကြားတယ်။ အစိုးရအနေနဲ့ ကတိပေးတုန်းကပေးပြီး နောက်တော့ လုပ်ချင်တာတွေလုပ်ခဲ့တာတွေ ရှေ့မှာလည်းအဆက်ဆက်ရှိခဲ့ဖူးတယ်။ အခုလက်ရှိ ဒီနေ့ဖြစ်စဉ်မှာလည်း အခုအချိန်ထိလည်း ဆွေးနွေးခြင်းမရှိသေးတာကလည်း ဒါကိုသက်သေပြနေတယ်လို့လက်ခံတယ်။ ကျွန်တော်တို့ကိုကတိပေးထားတဲ့အတိုင်း လွှတ်တော်မှာမတင်တာကို မထူးဆန်းတော့ဘူးလို့ပြောချင်ပါတယ်။ ၁၁ ရက်ကလည်း ကျွန်တော်တို့ကိုမဖမ်းဆီးပါဘူး။ ဥပဒေအရ အရေးမယူပါဘူးဆိုတဲ့ကတိပေးလိုက်တယ်။ ၁၃ ရက်ကျတော့ ရန်ကုန်တိုင်းထဲဝင်ရင် ဥပဒေအရအရေးယူဆောင်ရွက်မယ်လို့ပြောလာတာရှိပါတယ်။ ၁၁ ရက်ကစကားကို ၁၃ ရက်မှာချိုးဖောက်သလို အရင်ရက်တွေကပြောခဲ့တဲ့စကားကို ဒီနေ့ချိုးဖောက်ဖို့ဆိုတာ ဒီအစိုးရအတွက် အရမ်းကိုလွယ်ကူနေပါတယ်။ အဲ့လို့ချိုးဖောက်တာက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်တွေပဲလိုမြင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့စစ်ကြောင်းအနေနဲ့ ပြည်သူကိုကတိပေးထားတဲ့အတိုင်း ဆက်လက်ချီတက်ပြီး ပြည်သူလိုချင်တဲ့ ဒီမိုကရေစီပညာရေး ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးအတွက် သေချာတဲ့အာမခံချက်ရတဲ့အထိကို ဆက်လက်ချီတက်သွားမှာပါ" ဟုပြောကြားသည်။သပိတ်စစ်ကြောင်းလမ်းတစ်လျှောက်ရှိ အခြေခံပညာကျောင်းအနီးတွင် စစ်ကြောင်းအနေနဲ့ ကြွေးကြော်သံများအော်ဟစ်ခြင်းမရှိဘဲ အသံတိတ်ချီတက်မှုနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ရာ ၎င်းက "အခြေခံပညာကျောင်းသားတွေရဲ့ပညာရေးကိုအလေးထားပြီး စဉ်းစားနေတာရှိတယ်။ အခြေခံပညာကျောင်းသားတွေရဲ့မိဘတွေကိုလည်း ကျွန်တော်တို့မိဘတွေလိုခံယူထားပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်ကိစ္စတွေကို ရှောင်ကြဉ်သွားမှာပါ။ စစ်ကြောင်းချီတက်တဲ့နေရာမှာ အခုထက်ပိုပြီး အဆင်ပြေချောမွေ့စေမယ့်နည်းလမ်းတွေကို စဉ်းစားထားတာရှိပါတယ်" ဟုဆိုသည်။ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းတွင် သပိတ်စစ်ကြောင်းတည်းခိုနားနေရာ အုတ်ဖိုမြို့အတွင်းရှိ မှန်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ သီတဂူဆရာတော်အရှင်ညာဏိသရ၏ကိုယ်စား အရှင်ကောဝိဒဦးဆောင်သော သံဃာများမှလာရောက်ကာ ဆရာတော်ကြီး၏မေတ္တာရပ်ခံချက်ကိုပေးပို့ခဲ့ကြောင်း သိရသည်။ ထိုသို့ သပိတ်မှောက်ကျောင်းသားများကို မေတ္တာရပ်ခံချက်ပေးပို့မှုနှင့်ပတ်သက်ပြီး လမ်းလျှောက်ချီတက်ရာတွင်ပါဝင်သည့် ရွှေဝါရောင်ရန်ကုန်ကွန်ရက်က ဆရာတော်ဦးဥတ္တမအားမေးမြန်းခဲ့ရာ "ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ကျောင်းသားတွေကို ရန်ကုန်တိုင်းထဲကိုမဝင်ရောက်နိုင်အောင် အဓမ္မဖြိုခွင်းဖို့ရှိတာကို ဆရာတော်ကြီးက ကျောင်းသားတွေကို မိဘရပ်ထံပြန်ပြီးတော့ စာမေးပွဲပြန်ဖြေကြဖို့၊ ကျောင်းပြန်တက်ကြဖို့ မေတ္တာရပ်ခံချက်ပေးပို့ခဲ့တယ်။ ကျောင်းသားတွေဆန္ဒပြနေတာ အောင်မြင်မှုမရသေးဘူး။ အမျိုးသားပညာရေးကို လွှတ်တော်ကိုတင်သွင်းပြီးအတည်ပြုမှ တကယ်အောင်မြင်မှုအစစ်ဖြစ်တယ်။ အဲဒီလိုရရှိအောင် ကျောင်းသားတွေအနေနဲ့ ဆက်လက်ချီတက်မယ်လို့သိရတယ်" ဟုပြောကြားသည်။အဆိုပါအုတ်ဖိုမြို့မှချီတက်လာသည့် သပိတ်စစ်ကြောင်းမှာ နံနက် ၁၁ နာရီခွဲခန့်တွင် အုတ်ဖိုမြို့နယ်ရှိ အေးမြသာယာကျေးရွာတွင် နေ့လယ်စာစားရပ်နားခဲ့ကာ မင်းလှမြို့သို့ဆက်လက်ချီတက်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင်ရောက်ရှိကာ ဟောပြောမှုများပြုလုပ်ခဲ့ပြီး ယင်းမြို့ရှိ သတိပဋ္ဌာန်ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ရပ်နားခဲ့သည်။

Most Read

Most Recent