လောက်ကိုင်ဒေသအားဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖုန်ကြားရှင်အဖွဲ့နှင့် ၎င်းအဖွဲ့အား ထောက်ပံ့ကူညီပေးခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့်တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန်အရေးကြီးအဆိုအား ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်ကတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့သည်။ဦးစတီဖန်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ လောက်ကိုင်နယ်မြေတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အင်အားစုများက ကုန်းကြမ်းဒေသရှိ တပ်ရင်းဌာနချုပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ရုံး၊ ဆီအော့အကျဉ်းဦးစီးဌာန၊ ရန်လုံကျိုင်းရဲစခန်းနှင့် လောက်ကိုင်တပ်နယ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ လောက်ကိုင်ဒေသသည် မြန်မာနိုင်ငံ၏နယ်မြေတစ်ခုဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အုပ်ချုပ်ရေးအဖွဲ့အစည်းများအား တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ တပ်စခန်းများအားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးလာခြင်းဖြစ်ကြောင်း ပြောကြားသည်။"ဒီမိုကရေစီကိုချီတက်နေချိန်တွင် လောက်ကိုင်ကဲ့သို့ဖြစ်စဉ်ပေါ်ပေါက်လာခြင်းဟာ နိုင်ငံအတွက် အဟန့်အတားဖြစ်စေပါတယ်။ ဒီအဟန့်အတားတွေကိုဖန်တီးတဲ့၊ ပြုလုပ်တဲ့၊ အားပေးကူညီတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ရှုတ်ချကန့်ကွက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရှင်းလင်း၊ ဖယ်ရှားကာကွယ်တာဆီးနေတဲ့သူတွေကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်နက်နယ်မြေမှန်သမျှကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်၏သမိုင်းပေးတာဝန်ဖြစ်ကြောင်း၊ တပ်မတော်မှ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ရင်း တိုက်ပွဲအတွင်း အသက်ခန္ဓာပေးလှူသွားခဲ့သည့် တပ်မတော်သားများအတွက် ပြည်သူများကလည်း ဝမ်းနည်းကြေကွဲကြကြောင်း၊ တပ်မတော်၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများကလည်း အားပေးထောက်ခံနေကြကြောင်း ဦးစတီဖန်ကပြောကြားသည်။ထို့အပြင် ပြည်သူလူများ၏ဆန္ဒနှင့်အညီ သက်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းအသီးသီးကိုဦးဆောင်၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဆောင်ရွက်နေချိန်တွင် လောက်ကိုင်ဒေသသို့ လူအင်အား၊ လက်နက်အင်အားသုံး၍ တပ်မတော်စခန်းနှင့် လုံခြုံရေးတာဝန်ယူနေသောစစ်ကြောင်းများကို တိုက်ခိုက်ခြင်း၊ ပြည်သူလူထုနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကိုတိုက်ခိုက်ခြင်းများပြုခဲ့သည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေးကူညီခဲ့သော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် ဦးစတီဖန်ကတင်သွင်းခဲ့ခြင်းဖြစ်သည်။ယင်းအဆိုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးလှဆွေ၊ ဦးလှထွန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။
လောက်ကိုင်ဒေသကိုတိုက်ခိုက်ခဲ့သည့် ဖုန်ကြားရှင်အဖွဲ့ကို ရှုတ်ချကန့်ကွက်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်အတည်ပြု