တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လောက်ကိုင်ဒေသတွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏စာမေးပွဲများအား ကွမ်းလုံမြို့နှင့် ဟိုပန်မြို့များရှိ စာစစ်ဌာနများတွင် အဆင်ပြေစွာဖြေဆိုနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံး (ရုံးခွဲ)၊ လားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲညွန့်၏ပြောကြားချက်အရ သိရသည်။"မကြာခင်မှာကျင်းပမယ့် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲနဲ့ အခြေခံပညာမူလတန်းအဆင့် စတုတ္ထတန်းစာမေးပွဲအတွက် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ တာရွှေထန်ဒေသများမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် နီးစပ်ရာစာဖြေဌာနများမှာဖြေဆိုနိုင်ဖို့အတွက် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ကွမ်းလုံမြို့မှာ လောက်ကိုင် န.တ.လ မှ ကျောင်းသား(၂၄)ဦး၊ ချင်းရွှေဟော်က အဋ္ဌမတန်းကျောင်းသားခြောက်ဦး၊ ဟိုပန်စာစစ်ဌာနမှာ ဖြေဆိုသွားမှာဖြစ်ပါတယ်။ ယခုကျင်းပမယ့်စာမေးပွဲအတွက် ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသားတွေအတွက် လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန်၊ ချင်းရွှေဟော်ဒေသများမှာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မယ့် အေးချမ်းတည်ငြိမ်သွားတဲ့အချိန်မှာ ၎င်းဌာနများမှ မေးခွန်းများအသစ်ထပ်မံပြုစုပြီး ဖြေဆိုသွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။လောက်ကိုင်ဒေသရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများအားလည်း လောက်ကိုင်စာစစ်ဌာနအား ကွမ်းလုံမြို့တွင် စာစစ်ဌာနပြုလုပ်ပြီး ဖြေဆိုသွားရန်အစီအစဉ်ရှိကြောင်း သိရသည်။ကျောင်းတွင်းစစ်စာမေးပွဲများအား အေးချမ်းတည်ငြိမ်သွားသည့်အချိန်ရောက်လျှင် ဖြေဆိုနိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီး အဋ္ဌမတန်းစာမေးပွဲအား မဖြေဆိုလိုက်ရသူများအားလည်း လောက်ကိုင်ဒေသအတွင်းအေးချမ်းတည်ငြိမ်သွားပါက မေးခွန်းပုံစံအသစ်ဖြင့် ပြန်လည်ဖြေဆိုခွင့်ရရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။လောက်ကိုင်ဒေသတွင် စတုတ္ထတန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၂၀၁) ဦး၊ အလယ်တန်းအဆင့်အဋ္ဌမတန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၃၂) ဦး၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၁၆) ဦးရှိကြောင်း သိရသည်။
လောက်ကိုင်ဒေသရှိ အခြေခံပညာကျောင်းများ၏စာမေးပွဲများကို ကွမ်းလုံမြို့နှင့် ဟိုပန်မြို့များတွင်စီစဉ်ထား