တောင်းဆိုချက် ၆အမျိုးသားပညာရေးဥပဒေကို တိုက်ရိုက်ပတ်သက် ကြုံတွေ့ခံစားနေရတဲ့ ကျောင်းသားများက သူတို့ ခံစားချက်အတိုင်း တောင်းဆိုမှုတွေ ပြုခဲ့ကြတယ်။ ၁၉၆၃ ခုနှစ်က ဒဏ်ရာတွေ တဆစ်ဆစ် ပြန်နာကျင်လာတာကို ခံစားရသူတွေကလွဲပြီး ဘယ်သူက နားလည်ပေးနိုင်မလဲ။ တိုင်းပြည်ကြီး နောက်တစ်ကြိမ် ဒါမျိုးမဖြစ်ဖို့ တာဝန်သိကျောင်းသားတွေက မိမိကိုယ်ခန္ဓာကို အသုံးချပြီး သပိတ်မှောက် ဆန္ဒပြနေကြတယ်။ လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ တင်ပြလာတဲ့အချက်က ၁၁ ချက်ရှိတယ်။ အဲဒီ ၁၁ ချက်ထဲမှာ “ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ”ဆိုတဲ့ အဆိုပြုချက်ကို အမှတ်စဉ် (၆) မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။ ဒီအချက်ဟာ ကျောင်းသားများသာမက တစ်နိုင်ငံလုံး ပြည်သူတိုင်းရရှိသင့်တဲ့ အခွင့်အရေးဖြစ်တယ်။ ဒါဟာ ကျောင်းသားများဖွံ့ဖြိုးတိုးတက်ရေးသာမက မြန်မာနိုင်ငံလူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါတဲ့ တောင်းဆိုချက်လည်း ဖြစ်ပေတယ်။အစိုးရဝန်ထမ်းများရဲ့ အကျင့်မြန်မာနိုင်ငံဟာ တစ်ပါတီစနစ်က ပျိုးထောင်လေ့ကျင့်ပေးလိုက်တဲ့ ဗဟိုဦးစီးစနစ် (စစ်တပ်ဖွဲ့စည်းပုံစနစ်)ကျင့်စဉ်အတိုင်း အထက်မှ အောက်သို့ ဆင့်ကဲနာခံမှုများ၊ ခိုင်းမှလုပ်တတ်တဲ့ အလေ့အကျင့်များ၊ အမြင်သစ်တစ်ခုကို ကောင်းမယ်၊ အကျိုးရှိမယ်ထင်လို့တင်ပြရင် စောဒကတက်တယ်လို့ အငြိုးအတေးခံရတတ်မှုများ လွှမ်းမိုးခဲ့တာကြောင့် ဝန်ထမ်းများဟာ မိမိတာဝန်နဲ့ ဝတ္တရားကို လွတ်လပ်စွာစဉ်းစားတွေးခေါ်ပြီး မလုပ်တတ်တော့ဘူး။ အနည်းဆုံး ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့အနီးကပ်ဆုံးဝန်ထမ်း (အရာရှိ)ရဲ့ မျက်နှာကို အရိပ်အကဲကြည့်ပြီး အလုပ်ကို လုပ်ကြရတယ်။ မိမိတာဝန်ဝတ္တရားက ဘာပဲသတ်မှတ်ထား။ သတ်မှတ်ထား။ အထက်လူကြီး သဘောကျတာဆို မြန်မြန်လေး လုပ်ပေးလိုက်၊ အထက်လူကြီး မကြိုက်တာဆို အချိန်ဆွဲ၊ ထစ်ထားလိုက်၊ ဒါက ဝန်ထမ်းလောကရဲ့ လုပ်ထုံးလုပ်နည်းတောင် ဖြစ်နေပြီ။ ဒါကို အလိုက်သိတယ်။ လူရည်လည်တယ်။ ပါးရည်နပ်ရည် ရှိတယ်လို့ ချီးကျူးခံနေရပြီး ဒီလိုအလေ့အထတွေ လွှမ်းမိုးနေတဲ့နိုင်ငံဟာ ဘာတွေတိုးတက်လာသလဲ။ တိုးတက်လာသလား။ ဆုတ်ယုတ်သွားသလား။ အပေါ်ယံကြောအမြင်နဲ့ ကြည့်ကြည့်၊ အတွင်းကျကျဝင်လို့ကြည့်ကြည့် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီးသားပါ။ ဒါပေမဲ့ အချို့သော နိုင်ငံအကြီးအကဲက လမ်းညွှန်မိန့်ကြားရာမှာ “ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမယ်”လို့ ဆိုလာတယ်။ဒါဆို တိုင်းပြည်မကောင်းဖြစ်နေတာ ဝန်ထမ်း မကောင်းလို့ပေါ့။ စင်စစ် အစိုးရဝန်ထမ်းတွေ ညံတာ၊ မကောင်းတာ မဟုတ်ဘူး။ အစိုးရဝန်ထမ်းတွေရဲ့ အရည်အချင်းကို ထုတ်သုံးခွင့် မရကြတာ။ အရည်အချင်းရှိသူကို ချောင်ထိုး။ အရည်အချင်းမရှိသူ၊ ညံ့ပေမယ့် သူတို့ဩဇာညောင်းသူကိုမှ ရွေးချယ်ပြီး ခိုင်းကောင်းဖို့နေရာပေး။ ခေါ်သုံး၊ ပွဲထုတ်တာ။ ဒီလိုနဲ့ အစိုးရဝန်ထမ်းတွေ ပျက်စီးကုန်ကြတာ တိုင်းပြည်အတွက် အလွန်မှ နှမြောစရာ။ဒီလိုဖြစ်ရတာက ဗဟိုချုပ်ကိုင်မှု ခိုင်မာလိုစိတ်၊ ဗဟိုရဲ့ ဩဇာကြီးမားလို စိတ်၊ ဗဟိုကသာ ဆုံးဖြတ်လိုစိတ်၊ စီမံခန့်ခွဲလိုစိတ် လွန်ကဲလို့ ဖြစ်လာတာ။ ထိုမှတစ်ဆင့် ပြည်သူတွေ၊ ကျောင်းသားတွေကိုပါ ထိန်းချုပ်ဖို့ သူတို့ရဲ့တစ်ဦးချင်းစီ လွတ်လပ်စွာတွေးခေါ်ခြင်းကို ပိတ်ပင် ဟန့်တားလိုက်တယ်။ ကျောင်းသားတွေကို ကျောင်းစည်းကမ်းနဲ့ရောထွေးပြီး ကျောင်းနဲ့ မသက်ဆိုင်တဲ့ စည်းကမ်းတွေ ထုတ်လိုက်တယ်။ ကျောင်းသားတွေ ပါတီနိုင်ငံရေး ကင်းရမယ်ဆိုတဲ့ စည်းကမ်းဟာ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်းကို ကန့်သတ် ပိတ်ပင်လိုက်တာဖြစ်တယ်။ ထို့အတူ အစိုးရဝန်ထမ်းတွေကိုလည်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ကန့်သတ်ပိတ်ပင်ပြန်တယ်။ ဒါတွေဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်းကို ပိတ်ပင်နေတာ။ လွတ်လပ်စွာ ယုံကြည်မှုကို တားမြစ်နေတာ။လူ့ဦးနှောက်ကို ထောင်ချလိုက်တာ။ အမှောင်ချလိုက်တာ၊ အဲဒါတွေရဲ့အကျိုးရလဒ်က ဝန်ထမ်းတွေ၊ အထက်ကခိုင်းမှ လုပ်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ဆိုရိုးစကား ခေတ်စားလာတယ်။ ဘယ်ဝန်ထမ်းမှ မိမိအရည်အချင်းကိုပြဖို့ မကြိုးစားတော့ဘူး။ ကိုယ်က ပြဿနာတစ်ခုကို လွယ်ကူစွာဖြေရှင်းနိုင်မယ့်နည်းလမ်းကို တွေ့ထားပေမယ့် အထက်က လူကြီး ရဲ့ ငြိုငြင်မှု၊ အငြိုးအတေးထားမှုတွေနဲ့ကြုံရမှာ စိုးတာနဲ့ မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်အတိုင်း ခိုင်းတာလေးလုပ်ရုံ၊ တာဝန်ကျေရုံပဲ လုပ်ကြတော့တယ်။ဘွာခတ်အမိန့်များလတ်တလော မြန်မာနိုင်ငံမှ အမိန့်တွေ ထုတ်လိုက်။ ပြန်ရုပ်သိမ်းလိုက်။ ဘွာတေးခတ်တာ များလှပြီ။ ကြည့်လေ အမျိုးသမီးသီးသန့် ဘတ်စ်ကားလိုင်း ဆွဲမယ်ဆိုတာ အမျိုးသမီးသီးသန့် ဘတ်စ်ကားတွေ ဆွဲပါသတဲ့။ လင်မယားနှစ်ယောက်အတွဲ။ မှတ်တိုင်တစ်ခုမှာ ရပ်စောင့်နေတုန်း အမျိုးသမီးသီးသန့်ကားက ရပ်တယ်။ မိန်းမဖြစ်သူက သူ့ယောကျ်ားကို လှည့်ကြည့်တယ်။ သူ့ယောကျ်ားက သူ့မိန်းမလက်ကို ဖမ်းဆွဲပြီး တင်းတင်းလေးလေး ဆုပ်ကိုင်လိုက်တယ်။ မိန်းမခမျာ အမျိုးသမီးသီးသန့်ယာဉ်ကို မစီးဖြစ်တော့ဘူး။ ဒီလိုနဲ့ အမျိုးသမီးသီးသန့်ဘတ်စ်ကားလိုင်းက ရပ်ဆိုင်းသွားတယ်။ ဘယ်ဝန်ထမ်းကမှ ဒီလိုလုပ်ရင် မအောင်မြင်နိုင်ဘူးလို့ မပြောဘူး။ ပြောလည်း ဘယ်အထက်အရာရှိကမှ အရေးတယူ နားထောင်ကြတာမှ မဟုတ်တာ။ နောက်တစ်ခါ လာပြန်ချေသေး။ ကားပါကင်ရှိတဲ့သူကို ကားဝယ်ခွင့်ပြုမယ်လို့ ကြေညာပြန်ရော ကားဝယ်ချင်တဲ့သူတွေ ဒုက္ခရောက်ကုန်တယ်။ ကားပါကင်စားသူတွေ ကားပါကင်အတုတွေ ပေါ်လာပြီး ပွစိပွစိ ဖြစ်ကုန်ပြန်တယ်။ ဒါ နဲ့ နောက်ကြေညာချက်တစ်ခု ထွက်လာတယ်။ ကားဝယ်ချင်တဲ့သူတွေ ကားပါကင်မရှိလည်း ရောင်းပါမယ်လို့ ဖြစ်လာပြန်တယ်။ ဒီလိုပဲရှေ့က အမိန့်ထုတ်၊ ကြေညာချက်ထုတ် နောက်မှ လက်တွေ့ဘဝနဲ့ မကိုက်ညီလို့ ပြန်ရုပ်သိမ်း။ ဒါတွေဟာ လက်တွေ့အောက်ခြေမှာ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့နေတဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ အကြံဉာဏ်မယူတာက တစ်ကြောင်း၊ လက်တွေ့နိစ္စဓူဝဖြစ်စဉ်ကို သုသေသနပြုလုပ်ခြင်း မရှိတာက တစ်ကြောင်း၊ အထက်လူကြီးက ပြဿနာတစ်ခုခုကို ကျယ်ကျယ်ပြန့်ပြန့်မကြည့်၊ မစူးစမ်းဘဲ ကွက်ကွက်လေး ဖြေရှင်းနေတာက တစ်ကြောင်း၊ ထိုထိုသော အကြောင်းများကြောင့် ဒီနေ့ကြေညာတဲ့ အမိန့်ကို နောက်တစ်နေ့ ပြန်ဖျက်သိမ်းတဲ့အမိန့်နဲ့ နောက်ကလိုက် ဖြေရှင်းနေတာဖြစ်တယ်။အမြှော်အမြင်ရှိခြင်းဒီကနေ့ ကျောင်းသားတွေ တောင်းဆိုတဲ့ လွတ်လပ်စွာတွေးခေါ်နိုင်ရေးဆိုတာဟာ အလွန်မှ အမြော်အမြင်ကြီးမားတဲ့ တောင်းဆိုချက် ဖြစ်ပါတယ်။ သမ္မတနဲ့ အကြံပေးအဖြစ် ဝန်းရံပေးနေတဲ့ ပါရဂူ၊ ဒေါက်တာဘွဲ့ရများ၊ ပညာရေးအကြံပေးပုဂ္ဂိုလ်များဟာ ဒီတောင်းဆိုချက်ကို ကျောင်းသားတွေ မတောင်းဆိုခင် သူတို့တွေက ဦးစွာဦးဆောင် တောင်းဆိုပေးရမယ့် အဆိုတွေဖြစ်တယ်။ အဆိုပါ မဟာဘွဲ့၊ ဒေါက်တာရဖို့ဆိုတာဟာ သုတေသနတွေပြုလုပ်ပြီးမှ ရရှိလာတဲ့ ဘွဲ့တွေ၊ ပညာတွေပါ၊ အလွတ်ကျက်လို့ရတာ မဟုတ်ပါဘူး။ သုတေသနပြုလုပ်ရာမှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ရတယ်။ လွတ်လပ်စွာ သုတေသနပြုလုပ်ရတယ်။ လွတ်လပ်တဲ့အဆိုတွေ hypothesis တွေ သတ်မှတ်ရတယ်။ ပြီးမှ Theses တွေ ရေးသားတင်သွင်းပြီးမှ ဘွဲ့ရတာပါ။ ထိုထိုသော ပညာရှိများဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တတ်သူများ ဖြစ်ရလိမ့်မယ်။၊ ပညာကိုအခြေခံပြီး ပြဿနာကို ဖြေရှင်းတတ်ရမယ်။ အဖြေကို လိုချင်သလို ကြို ထုတ်ထားပြီး ပြဿနာကို လိုသလို ပုံသွင်း (ပုံဖျက်) ပြီး ထုတ်ထားတဲ့ အဖြေအတိုင်း မလုပ်သင့်ဘူး။ ပြဿ နာရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ရမယ်။ထွက်လာတဲ့ အဖြေကို လက်ခံရမယ်။ အဖြေဟာ ကိုယ်ကြိုက်တဲ့အတိုင်း ဖြစ်ချင်ဖြစ်မယ်။ မကြိုက်သလိုလည်း ဖြစ်လာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာတဲ့အဖြေဟာ ပြဿနာကို ဖြေရှင်းသွားစေမယ်ဆိုရင် လက်ခံရုံ၊ လိုက်လုပ်ရုံ ဖြစ်ရမယ်။ယနေ့ တက္ကသိုလ်တွေမှာ အခြေခံကျောင်းတွေမှာ မှတ်စုထုတ်ပေး၊ မီးနင်းထုတ်ပေး၊ စာအုပ်မှာ မျဉ်းတားပေး၊ နည်းတွေဟာ အလွန်ခေတ်နောက်ကျနေပြီး ကျောင်းသားတွေရဲ့ လွတ်လပ်စွာတွေးခေါ်ခြင်းကို ကြီးစွာနှောင့်ယှက်နေတာ ဖြစ်တယ်။ တက္ကသိုလ်ကျောင်းသား အချို့ဟာ စာကြည့်တိုက် ဘယ်မှာရှိမှန်း၊ စာကြည့်တိုက်တွေမှာ ဘာစာအုပ်တွေရှိမှန်း၊ မိမိသင်ယူလေ့လာနေတဲ့ ဘာသာကို စာကြည့်တိုက်မှာ ဘယ်လိုတိုးချဲ့ လေ့လာရမှန်း မသိကြဘူး။ ဆရာတွေထုတ်ပေး မှတ်စုနဲ့ ပဲ ကျက်နေကြပြီး ကျောင်းသားတွေ ရဲ့ဦးနှောက်ဟာ ကျဉ်းမြောင်းကုန်တယ်။ တကယ်ဆို ကိုယ်တိုင်လေ့လာ သင်ယူစူးစမ်းနိုင်ဖို့ လမ်းဖွင့်ပေးတဲ့ သင်ကြားနည်းတွေ ဖြစ်ရမယ်။ from parrot learning to self study ကြက်တူရွေးလို အလွတ်ကျက်ပညာရေးမှ မိမိဘာသာ ကိုယ်တိုင်သင်ယူ စူးစမ်းတဲ့ နည်းစနစ်တွေဖြစ်လာဖို့ လိုတယ်။ ဒီမိုကရေစီကျင့်စဉ်အရ ပညာသင်ယူမှုသင်ကြားမှုနည်းဖြစ်စဉ် (Teaching Learning Process) ကိုယ်နှိုက်ကလည်း လွတ်လပ်မှုကို အခြေခံတဲ့ပညာရေး ဖြစ်သင့်တယ်။ လွတ်လပ်မှုဆိုတာနဲ့ အချို့က အစွန်းရောက်ဝေဖန်ထောက်ပြမှုတွေနဲ့ လွတ်လပ်မှုကို ဆန့်ကျင် ကြတယ်။ လွတ်လပ်မှုဟာ ပရမ်းပတာ ဖြစ်တော့မယောင် ပုံဖော်လာကြတယ်။ စင်စစ် အမူးသမားတစ်ယောက် ရဲ့လွတ်လပ်မှုနဲ့ ပညာရှင်တစ်ယောက် ရဲ့ လွတ်လပ်မှုဟာ လားလားမှ မတူနိုင်ဘူးဆိုတာ အသိသာကြီးပါ။ သူ တို့နှစ်ယောက်ရဲ့ ကွာခြားချက်က ကျင့်ဝတ်နဲ့ တာဝန်သိတတ်မှု၊ တာဝန်ယူမှုတွေမှာ လုံးဝမတူ ခြားနားနေမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုဘူး။ ဒါကြောင့် ဘယ်လိုလူတွေမှာ လွတ်လပ်ခွင့်ရှိရမယ်။ ဘယ်လိုလူတွေ ထိန်းကျောင်းပေးရမယ်ဆိုတာ ရှင်းနေတာပဲ။ နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းသားများရဲ့ တောင်းဆိုချက်ဟာ ဆီလျော်မျှတမှု ရှိ၊ မရှိ စိစစ်ရမှာသာဖြစ်ပြီး ကျောင်းသားတောင်းသာဆို မလိုက်လျောနိုင်ဘူးလို့မရှုမြင်မိဖို့ လိုပါမယ်။ဒါကြောင့် ကျောင်းသားများ တောင်းဆိုနေတဲ့ တောင်းဆိုချက် အမှတ်စဉ်(၆)အရ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် နည်းစနစ်များ ပြောင်းလဲရန်အဆိုကို သဘောတူပေးပါ။ ကျောင်းသားကပြုတဲ့ အဆိုဖြစ်ဖြစ် အဆိုရဲ့တန်ဖိုးက ပိုအရေးကြီးတယ်။ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လေးလေးနက်နက် ထောက်ခံကြိုဆို လိုက်ပါတယ်။
လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်း
Most Read
Most Recent
9 hours ago
10 hours ago
10 hours ago
10 hours ago
10 hours ago
10 hours ago