အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြနေသည့် ကျောင်းသားများ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်များနှင့် NNER ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံဆွေးနွေးနေရာ အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်တွင် ချီတက်ဆန္ဒပြသည့် ကျောင်းသားများအား အစိုးရမှ အရေးမယူဟု ကတိပေးကြောင်း ကြားသိရပါသည်။ ကောင်းမြတ်သည့် မင်္ဂလာရှိသည့် အချက်ပင် ဖြစ်ပါသည်။ ကျောင်းသားများ ချီတက်ရာ လမ်းတစ်လျှောက် ဒေသဆိုင်ရာ အာဏာပိုင်များက ‘ငြိမ်းစုစီ’ ပုဒ်မ(၁၈) ဖြင့် အရေးယူရန် ခြိမ်းခြောက်ခဲ့ကြောင်း စဉ်ဆက်မပြတ် ကြားသိနေရပါသည်။ နိုင်ငံအနှံ့အပြား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အလုပ်သမား၊ လယ်သမားများ၊ နိုင်ငံရေးပါတီဝင်များကို အဆိုပါ ‘ငြိမ်းစုစီ’ ဥပဒေကို လက်နက်သဖွယ် အသုံးချ ဖိနှိပ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ငြိမ်းစုစီ ဥပဒေသည် ပြည်သူ (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းကျော် အတည်ပြုထားပါသည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတော်ကြီးနှင့် ကိုက်ညီပါရဲ့လား။ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂-၁၂-၂၀၁၁ ရက်တွင် ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၅)အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ အဆိုပါ ဥပဒေနိဒါန်းတွင် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄၊ ပုဒ်မခွဲ (ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်’ ဟု ဖော်ပြပါရှိသည်။ ရည်ရွယ်ချက်ကတော့ မြစေတီကျောက်စာပါ ရှေးစကားဖြင့် ပြောရလျှင် ‘ကောင်းလှောင့် တေးကောင်း လှောင့်တေး’ ဟု အာမေဍိတ် ပြုရပါမည်။ဤနိဒါန်းအရ ဥပဒေရည်ရွယ်ချက်မှာ နိုင်ငံသားများ၏ မွေးရာပါ အခွင့်အရေးအရ ငြိမ်းချမ်းစွာစုဝေခွင့်နှင့် စီတန်းလှည့်လည်ခွင့် ရှိကြောင်းကို အသိအမှတ်ပြုရန် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းက လက်ခံကျင့်သုံးနေသည့် လူ့ယဉ်ကျေးမှု တစ်ရပ်လည်း ဖြစ်ပါသည်။၂၀၀၈ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄၊ ပုဒ်မခွဲ (ခ)တွင် ဖော်ပြချက်များအရ ဤအခွင့်အရေးကို ကျင့်သုံးရန် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ဤအခွင့်အရေးကို ကျင့်သုံးခွင့်ရှိကြောင်း ကြိုတင်စည်းကမ်းချက်သုံးရပ် သတ်မှတ်ပြဋ္ဌာန်းပြီး တိတိကျကျ ခွင့်ပြုပြီးဖြစ်သည်။ ထို့ကြောင့် ဤကြိုတင် စည်းကမ်းချက်သုံးရပ်နှင့်အညီ လက်နက်မပါလျှင် မည်သူမဆို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိကြောင်းမှာ အလွန်ထင်ရှားသည့် အချက်ဖြစ်သည်။ သို့ပါလျက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံသားတို့၏ မွေးရာပါ အခွင့်အရေး (Congenital Right) အဖြစ် ခွင့်ပြုထားချက်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တောင်းရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်နိုင်ခွင့် ရှိသည်ဟု အဆိုပါ ဥပဒေပုဒ်မ-၅ တွင် ပြဋ္ဌာန်းထားခြင်းမှာ နိုင်ငံသားတို့၏ အခွင့်အရေးကို တစ်ဖက်လှည့်ဖြင့် ရုပ်သိမ်းခြင်း ဖြစ်သည်။ ယခု ဥပဒေကို ပြင်ဆင်ပြီး ခွင့်ပြုမိန့်တောင်းရန်မလို အကြောင်းကြားရန်သာ လိုသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ခွင့်ပြုမိန့် တောင်းခံရသည့် သဘောပင် ဖြစ်ပါသည်။ ငြင်းပယ်မှုများ ဆက်လက်တည်ရှိမြဲ တည်ရှိနေပါသည်။ မူလဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄(ခ)တွင် ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားချက်အရ ကြိုတင်စည်းကမ်းချက် သုံးရပ်နှင့် ညီညွတ်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ရှိခြင်းမှာ အငြင်းမပွား။ ဤစည်းကမ်းချက် သုံးရပ်နှင့် မကိုက်ညီလျှင် အရေးယူရန်သာ ရှိသည်။ ဤဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းရာတွင် အခြားနိုင်ငံများတွင်လည်း ခွင့်ပြုမိန့် တောင်းခံရကြောင်း အကြောင်းပြသည်။ အခြားဒီမိုကရေစီ နိုင်ငံများတွင် ခွင့်ပြုမိန့်တောင်းခံရခြင်းမှာ လမ်းပိတ်ဆို့မှု မရှိစေရန်နှင့် (အကယ်၍) ဆန္ဒပြသူများမှာ လူနည်းစု ဖြစ်ပါက အခြားသူများ၏ တိုက်ခိုက်နှောင့်ယှက်မှုကို ကာကွယ်ရန် ဖြစ်သည်။ ယခု ဥပဒေတွင်မူ နိုင်ငံသားများ၏ အခွင့်အရေးမှာ အဓိကမကျဘဲ အာဏာပိုင်က ခွင့်ပြုလိုစိတ် ရှိ၊ မရှိ တစ်နည်းအားဖြင့် ငြိမ်းချမ်းစွာ စုဝေးစီတန်းသည့် ကိစ္စမှာ အာဏာပိုင်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်မှု ရှိ၊ မရှိသည်သာ အဓိက ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်ပြုထားသည့် နိုင်ငံသား အခွင့်အရေး တစ်ရပ်ကို မြို့နယ်အဆင့် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ၎င်းစိတ်ကြိုက် စည်းကမ်းသတ်မှတ်ချက်များအရ ငြင်းပယ်ခွင့်ရှိသည့်သဘော ပြဋ္ဌာန်းထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဘောင်ကိုကျော်လျက် ရှိပါသည်။ဥပဒေများ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။၁၉၈။ လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့များက ပြဋ္ဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံသားတို့၏ မွေးရာပါ အခွင့်အရေး (Congenital Right) အဖြစ် ခွင့်ပြုထားချက်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တောင်းရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်နိုင်ခွင့် ရှိသည်ဟု အဆိုပါ ဥပဒေပုဒ်မ-၅ တွင် ပြဋ္ဌာန်းထားခြင်းမှာ နိုင်ငံသားတို့၏ အခွင့်အရေးကို တစ်ဖက်လှည့်ဖြင့် ရုပ်သိမ်းခြင်း ဖြစ်သည်
(က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်။ထို့ကြောင့် ‘ငြိမ်းစုစီ’ ဥပဒေ တစ်ရပ်လုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ နှင့် ကိုက်ညီပါရဲ့လား။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီလျှင်မူ မည်သည့် ဥပဒေမဆို ကနဦးကတည်းက ပျက်ပြယ် (Void abintion) ပေမည်။ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လည်းကောင်း၊ ကျယ်ကျယ်လောင်လောင် တောင်းဆို တင်ပြလျက် ရှိပါသည်။ဥပဒေ တစ်ရပ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၂၂ (ခ)အရ တင်ပြစိစစ်နိုင်မည် ဖြစ်ပါသည်။ ပုဒ်မ-၃၂၅ အရ အောက်ပါပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ဆုံးဖြတ်ချက်သဘောထား ရယူရန် တိုက်ရိုက်တင်သွင်းခွင့် ရှိပါသည်။၎င်းတို့မှာ (က) နိုင်ငံတော်သမ္မတ၊ (ခ) ပြည်ထောင်စုလွှတ်တော် နာယက၊ (ဂ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ (ဃ) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ (င) ပြည်ထောင်စု တရားသူကြီးချုပ်၊ (စ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့ ဖြစ်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၆ အရ အောက်ပါပုဂ္ဂိုလ်များသည်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် ဆုံးဖြတ်ချက် သဘောထားရယူရန် ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခွင့်ရှိသည်။(က) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်၊ (ခ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ (ဃ) ပြည်သူ့လွှတ်တော်(သို့မဟုတ်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များတို့ ဖြစ်ကြပါသည်။ယခု ဥပဒေတွင် ပုဒ်မ-၂ (ခ) တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ‘တစ်ဦးထက်ပိုသော သူများက’ ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ (ဂ) တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ ‘တစ်ဦးထက်ပိုသော သူများက’ ဟု ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ သို့ရာတွင် တစ်ဦးတည်း ဆန္ဒပြသော နိုင်ငံသားပေါင်း မြောက်မြားစွာကို တစ်ဦးတည်း ဆန္ဒပြပါလျက် ဤဥပဒေဖြင့်ပင် အရေးယူ ပြစ်ဒဏ်ချမှတ်နေခြင်းမှာ မူရင်းပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ကိုက်ညီပါရဲ့လား။ ပုဒ်မ -၂၂ တွင် နိုင်ငံသား တစ်ဦးချင်းက ငြိမ်းချမ်းစွာ လှည့်လည်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းတို့ကို ဤဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပြန်ရာ ရှေ့ပုဒ်မများဖြစ်သော ၂(က)၊ ၂(ခ) အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် ဆန့်ကျင်ရာ ကျမနေပေဘူးလား။ဤပြဿနာရပ်များမှာ တစ်နိုင်ငံလုံး အနှံ့အပြား ပေါ်ပေါက်နေခြင်းဖြစ်ရာ နိုင်ငံရေးပါတီ အသီးသီးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅၊ ၃၂၆ တို့ကို ကျင့်သုံး၍ ဤဥပဒေပြဿနာကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြစိစစ်သင့်ပေသည်။