ပင်လုံလူငယ် ဆွေးနွေးပွဲ၊ သဘောတူညီချက်လေးရပ် အလွန် နိုင်ငံရေး

ပင်လုံလူငယ် ဆွေးနွေးပွဲ၊ သဘောတူညီချက်လေးရပ် အလွန် နိုင်ငံရေး
Published 16 February 2015
ဒေါက်တာရန်မျိုးသိမ်း

၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားသည် ရှမ်းပြည်နယ်၊ ပင်လုံမြို့၏ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်နောက်ပိုင်း ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တက်ရောက်သော ပြည်ထောင်စုနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျ င်းပနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပင်လုံမြို့ခံများက မှတ်ချက်ပြုခဲ့ကြသည်။ တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်များ၏ ပင်လုံဆွေးနွေးပွဲသည်လည်း တိုင်းရင်းသား သွေးစည်းညီညွတ်ရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ လူငယ်နိုင်ငံရေး သမားများအကြား နိုင်ငံရေး ပေါင်းကူးတံတားသစ်ကို အုတ်မြစ်ချနိုင်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့သည် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ် ပင်လုံမြို့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် တောင်တန်းနှင့် ပြည်မ ပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် သဘောတူညီပြီး ရှမ်းခေါင်းဆောင်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို အကြောင်းပြုလျက် ကမ္ဘာကျော်ခဲ့သော နယ်ချဲ့အင်္ဂလိပ် အစိုးရကို တုန်လှုပ်စေခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ တောင်တန်းနှင့် ပြည်မ ပူးပေါင်းရေး၊ လွတ်လပ်ရေး၏ ဘူမိနက်သန် နေရာမှန်ဖြစ်သော ပင်လုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီများ၏ လူငယ်ကိုယ်စားလှယ်များ အကြား ပွင့်ပွင့်လင်းလင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများသည် မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အားကောင်းမောင်းသန်သော နိဒါန်းသစ် ဖြစ်သည်။မြန်မာ့နိုင်ငံရေးကို ရေရှည်အမြင်နှင့် ချဉ်းကပ်မည်ဆိုလျှင် တိုင်းရင်းသား လူမျိုးစုများနှင့် သက်ဆိုင်သော စိန်ခေါ်မှုများသည် ထိပ်တန်းနေရာတွင် ရှိနေသည်။ တိုင်းရင်းသား လူမျိုးစု ပြဿနာများကို ပွင့်လင်းမြင်သာ ရိုးသာစွာ ချဉ်းကပ်နိုင်မှု အားနည်းခဲ့သည့် နိုင်ငံရေး သမိုင်းမှတ်တမ်းများကို သင်ခန်းစာယူလျက် သမိုင်းသစ်တစ်ရပ် ရေးထိုးနိုင်ရေးတွင် မျိုးဆက်သစ် လူငယ်များ၏ အခန်းကဏ္ဍသည် အသက်သွေးပင် ဖြစ်သည်။ နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်တာ ကာလတွင် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုနေရာကို ရယူလာမည် ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများ၏ လူငယ်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ လူငယ်များအကြား နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများ၊ အမြင်ဖလှယ်မှုများ၊ ဆွေးနွေး ညှိနှိုင်းမှုများသည် ဗျူဟာမြောက် အရေးပါသော နိုင်ငံရေးအုတ်မြစ်များပင် ဖြစ်သည်။ လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည်။ လူငယ်များ၏ နိုင်ငံရေး အားကောင်းမှသာ တိုင်းပြည်၏ နိုင်ငံရေး အားကောင်းမည်ဖြစ်သည်။တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၏ ဝိညာဉ်အစစ်အမှန် ကိန်းအောင်းလျက်ရှိသော တောင်တန်းနှင့် ပြည်မ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော ကမ္ဘာကျော်၊ သမိုင်းဝင် ပင်လုံမြို့တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့သည် ရှမ်းပြည်နယ် ကော်မတီ၊ ခရိုင်ကော်မတီများနှင့် မြို့နယ်ကော်မတီများ၏ ကူညီဝိုင်းရံမှုနှင့်အတူ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။ ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ တောင်တန်း-ပြည်မ ပူးပေါင်းရေး အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသား လူမျိုးများ၏ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ တိုင်းရင်းသား ပါတီများ၏ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းရင်းသားပါတီများ၏ လူငယ်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ ချင်းတိုးတက်ရေးပါတီမှ လူငယ်ကိုယ်စားလှယ်က အမှတ်တရစကား ပြောကြားခဲ့ပြီး ကရင်ဒီမိုကရက်တစ် ပါတီမှ လူငယ်ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များကို ဖတ်ကြားခဲ့သည်။တိုင်းရင်းသား ပါတီများ၏ လူငယ်ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် လေးရပ်ကို ထုတ် ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီချက် လေးရပ်သည် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းဆော်သြသည့် သဘောတူညီချက်များလည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ လက်ငင်းလိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ထောက်ပြတောင်းဆိုထားသော သဘောတူညီချက်များလည်း ဖြစ်သည်။ တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ၏ ပင်လုံသဘောတူညီချက်များကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရေး ပျက်ကွက်နေသရွေ့ လတ်တလော မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည် နိုင်ငံရေး ဝေလေလေ အဆင့်ထက် မြင့်တက်နိုင်ဖွယ် မရှိဟု သုံးသပ်နိုင်သည်။
ပင်လုံလူငယ် ဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အ၀ အာမခံချက်ပေးနိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်အား အတူတကွ အမြန်ဆုံး ဖော်ဆောင်နိုင်ရေး တိုက်တွန်းခဲ့သည်။ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ်ကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များနှင့်အညီ ထူထောင်ရန် ပျက်ကွက်ခဲ့သည်မှာ . . . . .

တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သဘောတူညီခဲ့ကြပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အညီ အမြန်ဆုံး ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၂၆၁၊ ပုဒ်မ ၂၆၂၊ ဥပဒေပြုခွင့် ဇယား ၁၊ ဥပဒေပြုခွင့် ဇယား ၂ အပါအဝင် တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြဿနာများကို ပွင့်ပွင့်လင်းလင်း၊ ညီရင်းအစ်ကိုပမာ ဆွေးနွေး အမြင်ဖလှယ် ခဲ့ကြသည်။လူငယ် ကိုယ်စားလှယ်များသည် ပင်လုံ ကတိကဝတ်များအပေါ် အခြေခံသော စစ်မှန်၊ ထိရောက်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရေးကိုလည်း တိုက်တွန်းခဲ့သည်။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ၁၂ ဦး တွေ့ဆုံဆွေးနွေးပွဲ၊ ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ပင်လုံကွန်ဖရင့်၏ အသွင်သဏ္ဌာန်အပေါ် အခြေခံသော အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ လက်ငင်းလိုအပ်ချက် ဖြစ်သည်ကို ဆွေးနွေးအမြင်ဖလှယ်ခဲ့ကြသည်။ နိုင်ငံရေး ဆွေးနွေးပွဲများသည် အချိန်ဇယားနှင့် ကျင်းပရန် လိုအပ်နေဆဲဖြစ်ပြီး နိုင်ငံရေး လမ်းပြမြေပုံသစ် တစ်ရပ်လည်း လိုအပ်နေဆဲ ဖြစ်သည်။ပင်လုံလူငယ် ဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အ၀ အာမခံချက်ပေးနိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်အား အတူတကွ အမြန်ဆုံး ဖော်ဆောင်နိုင်ရေး တိုက်တွန်းခဲ့သည်။ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ်ကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များနှင့်အညီ ထူထောင်ရန် ပျက်ကွက်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ လတ်တလော နိုင်ငံရေး အပြောင်းအလဲ ကာလတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အ၀ အာမခံချက် ပေးနိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ လူငယ်ကိုယ်စားလှယ်များသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ သူနိုင်ကိုယ်နိုင်၊ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ်ကို အမြော်အမြင်ရှိရှိ ရေးဆွဲဖော်ဆောင်နိုင်မှသာ မြန်မာ့နိုင်ငံရေး ရှေ့ခရီးသည် အဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်သည်။တိုင်းရင်းသား ပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်သင့်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားများ လုံးဝမရှိမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးကို အားကောင်းမောင်းသန်စေမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်၍ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် လူငယ်ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲက တိုက်တွန်းခဲ့သည်။ပင်လုံမြို့တွင် ကျင်းပသော ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၌ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအား တွေ့ရစဉ်။ (ဓာတ်ပုံ - စည်သာဟိန်း)
လူငယ်ကိုယ်စားလှယ်များသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် ဗျူဟာမြောက် ဆက်စပ်နေမှုကိုလည်း ဆွေးနွေးခဲ့သည်။ တိုင်းရင်းသားပါတီများ၏ လူငယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအကြား ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးချဲ့သွားရေးကိုလည်း သဘောတူညီခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု ထုတ်ပြန်ထားသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများနှင့် ပတ်သက်၍လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် ကျေးရွာအုပ်စုများအထိ ဖြန့်ကြက်နိုင်မည့် လွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့များ၏ အရေးပါမှုကို လည်းကောင်း၊ ကြားနေသော၊ ဘက်မလိုက်သော၊ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး၏ အရေးပါမှုကို လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့် အလွတ်သဘောဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ပါတီများ၏ လူငယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များသည် ဗျူဟာမြောက် ပူးတွဲအလုပ်လုပ်နိုင်မည့် အခင်းအကျင်းတစ်ရပ် အမြန်ဆုံး တည်ဆောက်ရေးကိုလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေး အမြင်ဖလှယ်ခဲ့သည်။ အဆိုပါ ပူးတွဲလုပ်ငန်း ကော်မတီတစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး ရည်ရွယ်လျက် တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သော ဖော်ဆောင်ရေးအဖွဲ့ တစ်ဖွဲ့ကိုလည်း အလွတ်သဘော ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဖော်ဆောင်ရေး အဖွဲ့သည် တိုင်းရင်းသားလူငယ်များ ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖော်ဆောင်ရေးဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို အမြန်ဆုံးခေါ်ယူ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မည် ဖြစ်သည်။ တိုင်းရင်းသားပါတီများနှင့် ဒီချုပ်လူငယ်များ၏ ပူးတွဲလုပ်ငန်း ကော်မတီတစ်ရပ် ဖော်ဆောင်ပြီးပါက တိုင်းရင်းသားပါတီ အများစု၏ လူငယ်ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်ရန် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။ ပူးတွဲလုပ်ငန်းကော်မတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များအား ဘုံသဘောထား၊ ဘုံအမြင်၊ ဘုံချဉ်းကပ်မှု အပေါ်တွင် အခြေပြု တည်ဆောက်နိုင်ရေးကိုလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။တိုင်းရင်းသားပါတီများ၏ လူငယ်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်များ၏ ပဏာမ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ  ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ ပဏာမ တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက် မူကြမ်းများကို ဖေဖော်ဝါရီ ၁၁ ရက် ပင်လုံဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးကာ ထုတ်ပြန်ကြေညာခဲ့သည်။ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေး ပါတီ၊ ကရင် ဒီမိုကရက်တစ် ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ လူငယ်ကိုယ်စားလှယ်များသည် ပင်လုံသဘောတူညီချက် လေးရပ်ကို ထောက်ခံအတည်ပြုခဲ့ကြသည်။ ခမီ အမျိုးသားတိုးတက်ရေးပါတီနှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီတို့၏ လူငယ်ကိုယ်စားလှယ်များသည် မန္တလေးမြို့၊ ပဏာမ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော်လည်း ပင်လုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသားပါတီများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ၏ ပူးတွဲလုပ်ငန်း ကော်မတီတစ်ရပ် ဖော်ဆောင်နိုင်ရေးသည် လက်ငင်းနိုင်ငံရေး စိန်ခေါ်မှုကြီးပင် ဖြစ်သည်။ အနာဂတ် မြန်မာ့နိုင်ငံရေးကို ခေါင်းဆောင်မည့် တိုင်းရင်းသားလူငယ် နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် ယခုကာလကတည်းက ယုံကြည်မှု၊ နားလည်မှု၊ သင့်မြတ်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားနိုင်ရန် ပဓာနကျသည်။ ပင်လုံလူငယ် ဆွေးနွေးပွဲတွင် အတည်ပြုနိုင်ခဲ့သော သဘောတူညီချက် လေးရပ် ဖော်ဆောင်ရေးနှင့် ပိုမိုကျယ်ပြန့်သော ဗျူဟာမြောက်သော နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ပုံဖော်ရေးတို့ကို နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် အားပေးထောက်ခံခြင်းသည် မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါကြောင်း တိုက်တွန်း ဆော်သြလိုက်ရပါသည်။