“ ရွေးကောက်ပွဲကော်မရှင်ကနေ သတ်မှတ်ထားတဲ့ မဲပေးတဲ့စနစ်အတိုင်းပဲ သွားရမှာ . . . အတတ်နိုင်ဆုံးလည်း Free and Fair ဖြစ်အောင် လုပ်ပေးမယ် . . . သမိုင်းမှာ မှတ်တမ်းဝင်သွားမယ့် ကိစ္စရပ်တွေဖြစ်တာကြောင့် အမှားအယွင်းမခံဘူး”တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်းဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Eleven Media Group မှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။မေး။ ။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်မတော်၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တပ်မတော်ရဲ့ အနေအထားကို မေးချင်ပါတယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ကတော့ လွှတ်တော်ထဲမှာ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်။အဲဒီအတွက်ကြောင့် အကယ်၍များ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီ အင်အားစုတွေထဲကပဲ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေမှာ ဒီလူတွေပဲ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင် တပ်မတော်အနေနဲ့ ဘယ်လိုများ ထိတွေ့ဆက်ဆံဖို့ ဘယ်လိုဆက်လက် လုပ်ဆောင်သွားမလဲဆိုတာ ဗိုလ်ချုပ်မှူးကြီးရဲ့အမြင်ကို မေးချင်ပါတယ်။ (အင်း....နောက်ရော)နောက်တစ်ခုက တိုင်းရင်းသား အင်အားစုတွေနဲ့ ပတ်သက်လို့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှုတွေ ရထားတယ်လို့ သိရှိထားပါတယ်။ ဒါပေမဲ့ တချို့အချက်တွေနဲ့ ပတ်သက်ပြီး မပြေလည်တာလေးတွေ နည်းနည်းရှိနေတယ်လို့ သိရပါတယ်။ အဲဒီတော့ ဘယ်လိုအချက်အလက်တွေကြောင့် မပြေလည်မှုတွေ ရှိခဲ့တာလဲဆိုတာ ဗိုလ်ချုပ်မှူးကြီးရဲ့အမြင်ကို သိချင်ပါတယ်။ဖြေ။ ။ ခုနက ဒီမိုကရေစီအင်အားစုနဲ့ တပ်မတော်ရဲ့ကဏ္ဍပေါ့။ ဒီခေတ်ကတော့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာပေါ့။ ဒီလမ်းကြောင်းကို သွားတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သွားတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါ့လေ။ တရားဥပဒေပြုရေး၊ နောက် အုပ်ချုပ်ရေးပိုင်း ဒီနေရာမှာ ဥပဒေနဲ့အညီပဲ ပါဝင်နေတာပြောလိုပါတယ်။ ဒီဥပဒေရဲ့ ခွင့်ပြုထားတာကို ကျော်လွန်ပြီး လုပ်လို့လည်းမရပါဘူး။ လုပ်လည်း မလုပ်ပါဘူး။ လုပ်ဖို့လည်း အစီအစဉ်မရှိပါဘူး။ဥပဒေနဲ့အညီပဲ သွားရမှာပါ။ အဲဒီတော့ အခုလည်း ဒီအုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ တရားဥပဒေပြုရေး အဖွဲ့အစည်းတွေမှာ တပ်မတော်ဟာ လိုအပ်တဲ့ကူညီပံ့ပိုးမှုနဲ့ အကြံပေးမှုတွေကို လုပ်ပိုင်ခွင့်ရှိတဲ့ဟာကိုပဲ ဝင်လုပ်တာပဲ ရှိပါတယ်။ နောင် ၂ဝ၁၅ ခုနှစ် အလွန်ကာလမှာ ဘယ်သူပဲ ဘာပဲ ဖြစ်လာဖြစ်လာ ကိုယ်တို့အနေနဲ့ ဥပဒေနဲ့အညီပဲ ပါဝင်ဆောင်ရွက်မယ်ဆိုတာပဲ ပြောလိုတယ်။ ဘာမှလည်း အဆင်မပြေစရာအကြောင်း မရှိဘူး။ အဆင်ကိုပြေမှာပဲ။ မလုပ်လို့လည်း မရပါဘူး။ ဒါကတော့ ဥပဒေနဲ့အညီ သွားရမယ့်ကိစ္စဖြစ်တော့ တပ်မတော်ဆိုတာကလည်း ဥပဒေကို လေးစားရမယ့်အပိုင်း နံပါတ်တစ်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နံပါတ်တစ်မေးခွန်းနဲ့ လုံလောက်ပါလိမ့်မယ်။နောက် နံပါတ် (၂) တိုင်းရင်းသားနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့။ ဒီမှာကတော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား အဓိက တိုင်းရင်းသားရှစ်မျိုးနဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁ဝဝ ကျော်လောက် ရှိတာပေါ့လေ။ အတိအကျကတော့ လဝက က ထုတ်ပြန်မှပဲ ရမှာပေါ့။အပြောင်းအလဲလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဆိုတော့ သေချာ ပိုင်းခြားသတ်မှတ်ထားတဲ့ နယ်နိမိတ်အတိအကျ ရှိတယ်။ ဒီထဲမှာ တိုင်းရင်းသားတွေစုပြီး နေတယ်။ တိုင်းရင်းသားတွေ စုပြီးတော့ နိုင်ငံတည်ထောင်ထားတာ မဟုတ်ဘူး။ ဒီအထဲမှာ တိုင်းရင်းသားတွေ အကုန်လုံး စုပြီးနေကြတာ။ ဗမာလည်း ရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အကုန်လုံး ရှိကြတယ်။ ဆိုတော့ ဒီဟာအားလုံးဟာ တူညီတဲ့ စိတ်ဆန္ဒပေါ့။ တူညီတဲ့ စိတ်ဆန္ဒနဲ့သွားဖို့ လိုတာပေါ့။ နိုင်ငံတစ်ခုဆိုတာက အခုဒီခေတ်ကြီးမှာ ကမ္ဘာ့နိုင်ငံအနှံ့ကို ကြည့်မယ်ဆိုရင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ဒေသ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာကိုပဲ သွားကြတာ။ မြန်မာနိုင်ငံကလည်း ခုနကထူးခြားချက်က တိကျတဲ့ နိုင်ငံနယ်နိမိတ်အပိုင်းအခြားရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံအတွင်းက အစိတ်အပိုင်းတစ်ခုကို ဖဲ့ထုတ်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် တူညီတဲ့ရည်မှန်းချက်က ဘာဖြစ်မလဲဆိုတော့ တိုင်းပြည်တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ပေါ့။ အဲဒီတော့ ကိုယ့်ညီမေးတဲ့ ဖက်ဒရယ်လို့ ပြောလိုက်တာပေါ့။ဖက်ဒရယ်လို့ဆိုရင် အခုသွားနေတဲ့ လမ်းကြောင်းကလည်း ဖက်ဒရယ် အခြေခံထားတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း Definition ဖွင့်တဲ့အပေါ်မှာ အများကြီး တည်ပါတယ်။ ဒါကတော့ ပြောစရာတွေ အများကြီးရှိတာပေါ့။ ပြောမယ်ဆိုလည်း တော်တော်နဲ့ ပြီးမှာမဟုတ်ဘူး။ အဓိကကတော့ တိုင်းပြည်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်ရှိဖို့ လိုတယ်။ နောက် ဥပဒေနဲ့ အညီ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေကို ရအောင်ဆောင်ရွက်ပြီးတော့မှ တိုင်းပြည်အပေါ်မှာ အလုပ်လုပ်ဖို့ပဲ လိုတယ်လို့ ကိုယ်ကပြောလိုတယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်သည် ဒါကို အမြဲတမ်း ရပ်တည်ဆောင်ရွက်သွားမယ်လို့ ပြောလိုတယ်။မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့မေးချင်ပါတယ်။ သမိုင်းကြောင်းမှာ အနီးစပ်ဆုံး ၁၉၅၈ ရွေးကောက်ပွဲမှာ တပ်မတော်နဲ့ ပတ်သက်လို့ တပ်မတော်အရာရှိတချို့ ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး ထုတ်ပယ်ခံရတာတွေ အပါအဝင် ဝေဖန်မှုအချို့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၁၉၆ဝ နဲ့ ၉ဝ ရွေးကောက်ပွဲတွေမှာ တပ်မတော်အနေနဲ့ ကြားနေခဲ့ပါတယ်။ နောက်တစ်ခါ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ ဝေဖန်မှုအချို့ ရှိခဲ့တယ်။ ၂ဝ၁၂ ရွေးကောက်ပွဲမှာ တပ်မတော်က ကြားနေအနေနဲ့ နေခဲ့ပါတယ်။ အဲ့ဒီတော့ အခု မကြာခင်လာတော့မယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တပ်မတော်ရဲ့သဘောထား ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ ဒီအပေါ်မှာပြောပြနိုင်မယ့်အမြင်တွေကို သိချင်ပါတယ်။ဖြေ။ ။ ရွေးကောက်ပွဲကတော့ တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာပေါ့လေ။ ကံကြမ္မာကို အဆုံးအဖြတ်ပေးတာပေါ့။ တပ်မတော်အနေနဲ့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပါတယ်။ ဒီဖြစ်နိုင်မှုအတွက်လည်း ကိုယ်တို့ ကြိုးစားနေပါတယ်။ဒါ့ကြောင့်လည်း ငြိမ်းချမ်းရေးတွေ ရအောင် ကြိုးစားနေပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ နယ်မြေတွေမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားတာ။ ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆိုတာကတော့ မပြောနိုင်သေးဘူးပေါ့လေ။ ကိုယ်တို့အနေနဲ့ကတော့ စောစောကပြောသလိုပဲ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနောက် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ဒီရွေးကောက်ပွဲတွေမှာလည်း တပ်မတော်က သူ့နေရာနဲ့သူ သူ့ဆန္ဒရှိတဲ့အတိုင်း မဲပေးခဲ့တာ။ ဒါကလည်း မဲပေးတယ်ဆိုတာကလည်း ရွေးကောက်ပွဲကော်မရှင်ကနေ သတ်မှတ်ထားတဲ့ မဲပေးတဲ့ စနစ်အတိုင်းပဲသွားရမှာ။ အဲဒီ့အတိုင်းပဲ ကိုယ်တို့ ဖြစ်အောင် လုပ်ပါမယ်။ အတတ်နိုင်ဆုံးလည်း Free and Fair ဖြစ်အောင်လုပ်ပေးမယ်လို့ ကိုယ်ကတော့ ရည်ရွယ်ထားတယ်။ ဖြစ်လည်း ဖြစ်စေချင်တာပေါ့။ ဒါတွေက သမိုင်းမှာမှတ်တမ်းတင်ဝင်သွားမယ့် ကိစ္စရပ်တွေဖြစ်တာကိုး။ ဒါကြောင့် ကိုယ်တို့အနေနဲ့ အမှားအယွင်းမခံဘူးဆိုတာကိုတော့ ပြောလိုပါတယ်။မေး။ ။ အခု အပြင်မှာ ခန့်မှန်းမှုတွေ၊ သုံးသပ်မှုတွေ ရှိပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲဟာ အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ NLD ပါတီ အခြေအနေကောင်းနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် အကယ်၍များ သုံးသပ်တဲ့အတိုင်းပဲ NLD နဲ့ ပတ်သက်တဲ့သူတွေပဲ အစိုးရတစ်ရပ်အဖြစ်ရှိ လာခဲ့မယ်ဆိုရင် တပ်မတော်အနေနဲ့ ဘယ်လိုများ ထိတွေ့ဆက်ဆံမှုတွေ ရှိသွားနိုင်မလဲ။ ဒါ့အပြင် ဒီရွေးကောက်ပွဲအပေါ် ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ အမြင်ကိုလည်း သိလိုပါတယ်။ဖြေ။ ။ ဒါကတော့ ခုနဟာနဲ့ ဆက်စပ်တဲ့ကိစ္စ ဖြစ်သွားပြီ။ အဲ... တို့က ဘာပဲလုပ်လုပ် အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဥပဒေနဲ့အညီပဲ သွားရမှာပေါ့။ ဥပဒေနဲ့အညီ သွားရမယ်။ အဲဒီတော့ ရွေးကောက်ပွဲမှာ ဘယ်သူပဲ တက်လာ တက်လာ ဥပဒေနဲ့အညီတော့ သူ့မှာ ပြဠာန်းထားတဲ့အတိုင်း ပြောဆိုလုပ်ကိုင် သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒီရွေးကောက်ပွဲမှာ ဟိုလူနိုင်မယ်၊ ဒီလူနိုင်မယ်၊ ဟိုလူရမယ် ဒီလူရမယ်ဆိုတာကတော့ ကြိုတင်မှန်းဆချက်သာ ဖြစ်တာပေါ့။ ကြိုတင်မှန်းဆချက် ဆိုတာကလည်း တချို့ကလည်း ခက်တော့ ခက်ပါတယ်။ မှန်ရင်လည်း မှန်မှာပေါ့။ မှားရင်လည်း မှားသွားမှာပေါ့။ အဲဒီတော့ ဒါကိုလျှောက်ပြီး တွေးနေမယ့်အစား တကယ်လို့ ဒီလိုဒီအခြေအနေဖြစ်လာပြီဆိုရင် ဘယ်လိုသွားမလဲဆိုတာ ရင်ဆိုင်သွားနိုင်ဖို့အတွက် နည်းလမ်း၊ အဲ့နည်းလမ်းက ဘာလဲဆိုတော့ ဥပဒေနဲ့အညီ သွားချင်တယ်။ နောက်နိုင်ငံ့ရင့်ကျက်မှုပေါ့။ ဒီပေါ်မှာလည်း နားလည်မှုရှိဖို့ လိုတာပေါ့။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲလုပ်လို့ရှိရင် ဒီမိုကရေစီရင့်တဲ့ နိုင်ငံတွေကျတော့ ရွေးကောက်ပွဲရလဒ်ကို ပြဿနာမရှိပေမယ့်လည်း ဒီမိုကရေစီ မရင့်ကျက်တဲ့ နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲရလဒ် ထွက်လာပြီဆိုလို့ရှိရင် အနည်းနဲ့အများ ပြဿနာတွေဖြစ်တာကို ကိုယ်တို့တွေ့ရတယ်။ ဒါကို ကျော်လွှားနိုင်ဖို့ပဲ လိုပါတယ်။ဒါကိုကျော်လွှားနိုင်မယ်ဆိုရင် ဘာမှ ပြဿနာဖြစ်စရာမရှိဘူးလို့ ပြောလိုပါတယ်။မေး။ ။ ဒါလေးနဲ့ဆက်စပ်ပြီး ဖြည့်စွက်မေးချင်တာက စောစောကပြောတဲ့ ဒီမိုကရေစီရင့် ကျက်ပြီးနိုင်ငံတွေနဲ့ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲရလဒ်တွေအပေါ် မူတည်ပြီး ကျော်ဖြတ်ဖို့လိုတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သုံးသပ်ချက်စကားပေါ် မူတည်လို့ ကျွန်တော်တို့နိုင်ငံအနေနဲ့ရော ဘယ်လိုမျိုး ထင်မြင်ယူဆပါသလဲ။ အဲဒီ ရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်းနဲ့ ဒီရလဒ်တွေအပေါ်မှာ အမြင်ကို သုံးသပ်ပေးစေချင်ပါတယ်။ဖြေ။ ။ တို့လူမျိုးတွေက ဗုဒ္ဓဘာသာ ကိုးကွယ်သူအများစု ဖြစ်ပါတယ်။ တကယ်တော့ အေးအေးချမ်းချမ်း နေကြတဲ့သူတွေပါပဲ။ ဒီအပေါ်မှာ လှုံ့ဆော်မှုတွေဖြစ်လာပြီဆိုရင်တော့ တစ်မျိုးပြောင်းလဲမှာပေါ့။ ဒါကိုတော့ နည်းနည်းလေး သတိထားရမယ့်သဘောပါ။ ပြင်ပရဲ့ လှုံ့ဆော်မှုတွေမရှိဘူးဆိုရင် ကိုယ်ထင်ပါတယ်။ အေးအေးဆေးဆေးနဲ့ ပြီးသွားမယ့်သဘောပဲ ရှိပါတယ်။ လူဆိုတာတော့ ဒီလိုပါပဲ။ ပြောကြမှာပါပဲ။ ကိုယ့်ရဲ့အခွင့်အရေး ကိုယ်မရနိုင်ဘူးဆိုရင်တော့ မကျေနပ်ချက်တွေ ဖော်ထုတ်မှာပေါ့။ မကျေနပ်ချက်တွေ အဲဒီ မကျေနပ်ချက်တွေအပေါ်မှာ နောက်တစ်ခုကနေ မင်းဟုတ်တယ်လို့ သွားပြောလိုက်ရင်တော့ ပိုပြီး ပေါက်ကွဲလာမှာပေါ့။ ဒါမျိုးမဖြစ်ဖို့ဘဲ လိုတာပါပဲ။မေး ။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အပေါ် သီးခြားဖြည့်စွက်ပြောလိုတာ ရှင်းလင်းအသိပေးလိုတာရှိရင် ပြောကြားပေးစေလိုပါတယ်။ဖြေ ။ ။ နိုင်ငံသားအားလုံးက တူညီတဲ့ရည်မှန်းချက်ရှိဖို့ လိုပါတယ်။ တူညီတဲ့ရည်မှန်းချက်ဆိုတာ တိုင်းပြည် ဘယ်လိုကောင်းအောင်လုပ်မလဲ။ တိုင်းပြည် ဘယ်လို တိုးတက်အောင်လုပ်မလဲ။ ကောင်းအောင်လုပ်တာနဲ့၊ တိုးတက်အောင်လုပ်တာ အဓိပ္ပာယ်ချင်း မတူပါဘူး။ ကောင်းအောင်လုပ်မလား တိုးတက်အောင် လုပ်မလား။ သူများတိုင်းပြည်တွေ တိုးတက်တာသွားပြီး အားကျနေလို့ မရဘူး။ ကိုယ့်တိုင်းပြည်အတွင်းမှာ ကိုယ့်လူတွေ အားလုံးစုစုစည်းစည်း လုပ်နိုင်တဲ့ဟာမျိုးဖြစ်အောင် ဖန်တီးဖို့လိုပါတယ်။တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ သူများတိုင်းပြည် အားကိုးလို့ မရပါဘူး။ သူများတိုင်းပြည် အားကိုးတယ်ဆိုတာ ခဏပဲဖြစ်ပါလိမ့်မယ်။ အမြဲတမ်း ခိုင်အောင်လုပ်ရမှာက ကိုယ့်ပြည်သူ ပြည်သားတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။ အကုန်လုံး အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်လို့ ပြောလိုတယ်။မေး ။ ။ အခု ကျွန်တော့်ရဲ့မေးမြန်းမှုက နောက်ဆုံးပိုင်း ရောက်လာပါပြီ။ ဒီအပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို မေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွင့်ပြုပါ။ဖြေ ။ ။ ဖြေနိုင်တဲ့ဟာလည်း ဖြေတာပေါ့။မေး ။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပုဂ္ဂိုလ်ရေးဘဝ အကျဉ်းချုပ်ကို မိဘအခြေအနေကအစ ဖြတ်သန်းမှုအကျဉ်းမျှ ပြောပြနိုင်သလောက် ပြောပြပေးစေချင်ပါတယ်။ဖြေ ။ ။ ကိုယ့်မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဖေက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက အရာရှိတစ်ယောက် ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် ပန်းချီဆွဲတာပေါ့။ ပန်းချီဆရာပေါ့။ ပန်းချီ ဦးခင်လှိုင်လို့ ခေါ်ပါတယ်။ အဖေရော၊ အမေရော ထားဝယ်သူ၊ ထားဝယ်သားတွေ ဖြစ်ပါတယ်။ အဖေက အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်တဲ့နေရာတွေကို နေရတာဆိုတော့ မန္တလေးမှာလည်း နေခဲ့တယ်။ မင်းဘူးမှာလည်း နေခဲ့တယ်။ ရန်ကုန်မှာလည်း နေတယ်။ ရန်ကုန်မှာ ၁၉၇၂ ခုနှစ် ၁ဝ တန်းအောင်တယ်။အ.ထ.က (၁) လသာ ကနေ ၁ဝ တန်း အောင်တယ်။ အဲဒီကနေ တက္ကသိုလ်တက်တယ်။ ၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာဌာနမှာ ဥပဒေပညာအဓိကနဲ့ တက်တယ်။ ၇၃ ခုနှစ်ကုန်တဲ့အထိ တက်တယ်။ ဒုတိယနှစ် နှစ်ဝက်လောက်အထိ တက်တယ်။အဲဒီကနေ ၇၄ ခုနှစ်မှာ တပ်မတော်ထဲ ဝင်ခဲ့တယ်။ ၇၇ ခုနှစ်မှာ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခံရတယ်။ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကနေ ဆင်းတာ။ အဲဒီတော့ ၇၇ ဒီဇင်ဘာလောက်မှာ ကျောင်းဆင်းပြီး အဲဒီကနေ ဒုဗိုလ်၊ အရာရှိငယ်ဘဝပေါ့။အရာရှိငယ်ဘဝ တောက်လျှောက် များသောအားဖြင့် ခြေလျင်တပ်တွေမှာပဲ နေခဲ့တာများပါတယ်။ ၁၉၉၄ ခုနှစ်မှာ တပ်ရင်းမှူး ဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီး ၉၅ မှာ တင်တာပေါ့လေ။ ၉၉ ခုနှစ်မှာ ဗျူဟာမှူး ဖြစ်ပါတယ်။ကာနယ်အဆင့် ဖြစ်ပါတယ်။ နောက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တက်တယ်။ ၂ဝဝ၁ ခုနှစ်မှာ တပ်မမှူး ဖြစ်တယ်။ တပ်မမှူးကတော့ တပ်မ ၄၄ ပေါ့လေ။ တပ်မ ၄၄ ခြေမြန်တပ်မမှူး ဖြစ်တယ်။ အဲဒီကမှ စစ်တက္ကသိုလ်မှာ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ၂ဝဝ၃ ခုနှစ်ပေါ့။ ၂ဝဝ၄ ခုနှစ်မှာ တိုင်းမှူး ဖြစ်ပါတယ်။ နပခပေါ့။ အဲဒီကနေ ပြီးတော့မှ တြိဂံတိုင်းမှူးအဖြစ်ပြောင်းပြီး ၂ဝဝ၈ ခုနှစ်အထိ တိုင်းမှူးလုပ်ခဲ့တယ်။ ၂ဝဝ၈ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့ ညှိနှိုင်းကွပ်ကဲရေးမှူး၊ နောက် ၂ဝ၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တာပေါ့။ ဒါကတော့ အကြမ်းဖျင်းပေါ့။ ဇနီးရှိတာပေါ့။ သိမှာပေါ့။ ဒေါ်ကြူကြူလှ လို့ခေါ်ပါတယ်။ သမီး တစ်ယောက်၊ သား တစ်ယောက် ရှိပါတယ်။ ဒါကတော့ အကြမ်းဖျင်းပေါ့။မေး ။ ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ မိမိရဲ့ အလုပ်အပေါ်မှာ ခံယူတဲ့ ခံယူချက်နဲ့ ဘဝအပေါ်မှာ ခံယူတဲ့ခံယူချက်ကို ပြောပြပေးစေချင်ပါတယ်။ဖြေ ။ ။ လူဆိုတာကတော့လေ ကိုယ့်အတွက် နံပါတ်တစ်အချက် ကိုယ့် ကိုယ်ကိုယ် တိုးတက်အောင် ဘယ်လိုကောင်းအောင် ဘယ်လုပ်မလဲဆိုတဲ့ ဒီလိုစိတ် ရှိပါတယ်။ ကိုယ်လည်း ဒီလိုပါပဲ။ ငါ့ဘဝကို ဘယ်လိုကောင်းအောင်လုပ်မလဲ။ ငါ့ဘဝ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ စိတ်ရှိပါတယ်။ ဒီလိုနဲ့ ကြိုးစားတာပေါ့။ နောက်တစ်ခုကလည်း ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ရဲ့အောက်က လက်အောက်ငယ်သားတွေ ဒါ အခုကတော့ လက်အောက်ငယ်သားလို့ ပြောလို့ရတာပေါ့။ လုပ်ဖော်ကိုင်ဖက်ဆိုတာလည်း ရှိတာပေါ့။Personal အရ ပြောမယ်ဆိုရင်တော့ ငါ့ကိုယ်ငါ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်၊ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ပေါ့။ ဒါပေမဲ့ သူများအပေါ်မှာတော့ နင်းပြီးတော့ လုပ်မယ့်စိတ် လုံးဝမရှိဘူး။ နောက် ကိုယ့်အောက်က လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သူတို့ ဘယ်လိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်း ကူညီပေးနိုင်မယ့် နည်းလမ်းကို ရှာပါတယ်။ လက်အောက်ငယ်သားကိုလည်း အကြံဉာဏ်ပေးတာပေါ့။ တိုက်တွန်းတာပေါ့။ ဒီလိုပဲ ကိုယ်စိတ် ရှိပါတယ်။ နောက် ကိုယ့်ဒေသကိုယ်တို့ဆို တပ်မတော်ပေါ့။ တပ်မတော်ကို တာဝန်ရှိတယ်။ တပ်မတော်ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ငယ်ငယ်ကတည်းက ကိုယ့်တပ်မှာဆိုရင်လည်း သူများ တပ်စုထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုအားသာအောင်။ ကိုယ့်တပ်ခွဲကိုလည်း သူများတပ်ခွဲနဲ့ ယှဉ်ရင် ဘယ်လိုကောင်းအောင် လုပ်မလဲ။ ကိုယ့်တပ်ရင်းဆိုလည်း သူများတပ်ရင်းနဲ့ ယှဉ်ရင် ကိုယ့်တပ်ရင်း ဘယ်လိုအားသာအောင် လုပ်မလဲ ဒီလိုကြိုးစားတာပေါ့။ ဒါကတော့ စစ်သားရဲ့ ဘဝမှာ ဒီလိုပဲကြိုးစားခဲ့တာပေါ့။ အဲလိုပဲ သူများကိုလည်း ဒီလိုပဲ တိုးတက်စေချင်တဲ့ စိတ်၊ တိုက်တွန်းချင်တဲ့စိတ် ရှိတယ်။ ကောင်းစေချင်တဲ့စိတ် ရှိတယ်။ မကောင်းတဲ့စိတ်ကို အားပေးအားမြှောက်လုပ်တာ ဘာတစ်ခုမှ မရှိဘူး။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရပြောရရင် အသောက်အစား အပျော်အပါးနဲ့ ပတ်သက်ရင် ဆေးလိပ်တို့၊ စီးကရက်တို့ ကွမ်းစားတာတို့ကိုလည်း မလုပ်ပါဘူး။ ဒါတွေလည်း မရှိဘူး။ သူများကိုလည်း အားမပေးဘူး။ အရက်လည်း ဒီလိုပဲ။ ဆင်ဆင်ခြင်ခြင်ပေါ့လေ။ ဆင်ဆင်ခြင်ခြင် သုံးကြပြုကြဖို့ တိုက်တွန်းမှာကြားတာပေါ့။ဒီလိုတော့ရှိတယ်။ နောက်တစ်ခါ တခြားကျန်းမာရေးဆိုလည်း ဒီလိုပဲ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့စိတ် သူများကိုလည်း မင်းဘယ်လိုနေရင်ကောင်းမလဲဆိုတဲ့ အကြံပြုချက်ပဲ ရှိတာပေါ့။ ဒီလိုပဲရှိပါတယ်။ ဒါတွေကတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး လုပ်ဆောင်ချက်လေးတွေပါ။မေး ။ ။ မကြာသေးခင်က 7Day သတင်းမှာ ဖော်ပြထားတဲ့ သတင်းတစ်ခုက ၂ဝ၁၅ ကုန်လောက်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ အသက် ၆ဝ ပြည့်တော့မယ်ဆိုတာ ဖတ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိသလောက် ၂ဝ၁၆ ကျမှသာလျှင် ပြည့်လိမ့်မယ်လို့ ဒါကတော့ ကျွန်တော်တို့ သိရှိချက်ပါ။ မှန်၊ မမှန်တော့ မသိပါဘူး။ အဲဒီတော့ ကျွန်တော်တို့သိချင်တဲ့မေးခွန်းက အကယ်၍များ အသက် ၆ဝ ပြည့်လို့ရှိရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အနားယူဖို့ပြောခဲ့ဖူးတဲ့အတိုင်းပဲဖြစ်မလား (သို့မဟုတ်) သမ္မတအပါအဝင်ကပေါ့ ဒီနေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အခြေအနေ ပေါ်ပေါက်ခဲ့မယ် ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးချင်ကြမယ်၊ လိုလားကြမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမှာ ဘယ်လို သဘောထားများ ရှိမလဲဆိုတာ သိချင်ပါတယ်။ဖြေ ။ ။ လတ်တလောအတွင်း လက်ရှိအခြေအနေအတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ငန်းကတော့ တော်တော်လေး ကျယ်ပြန့်တယ်။ အများကြီးလည်း ရှုပ်ထွေးပါတယ်။ အများကြီးပဲလည်း ကြိုးစားပမ်းစားနဲ့ တကယ်ကို စိတ်ရော၊ ကိုယ်ရောနှစ် ပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေကိုတော့ သိပ်လည်း ခေါင်းထဲမှာမရှိပါဘူး။ အတွေ့အကြုံကတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကတော့ ရှိပါတယ်။ ရှိတဲ့အတွက်ကြောင့် ဦးစားပေးဖို့အစီအစဉ်ထဲမှာတော့ ကိုယ့်မှာမရှိဘူး။ နောက်တစ်ခုက ၂ဝ၁၆ ကတော့ ဟုတ်ပါတယ်။ ၂ဝ၁၅ မှာ မဟုတ်ပါဘူး။ ၂ဝ၁၆ မှာ ပြည့်မှာ ဖြစ်ပါတယ်။ စောလည်း စောပါသေးတယ်။ ၂ဝ၁၅ အောက်တိုဘာ၊ နိုဝင်ဘာရွေးကောက်ပွဲဆိုတော့ အသက်လည်း မပြည့်သေးပါဘူး။ အဲဒီကျတော့ တိုင်းပြည်ရဲ့လိုအပ်ချက် ဘယ်လိုရှိမလဲ။တပ်မတော်ရဲ့လိုအပ်ချက် ဘယ်လိုရှိမလဲဆိုတာကိုတော့ ကိုယ်လည်း မပြောနိုင်သေးဘူး။ ဒီမှာလည်း မျိုးစုံပြောနေကြတာရှိတယ်။ ပုဂ္ဂိုလ်ချင်းတစ်ဦးချင်းရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိတယ်။ ပတ်ဝန်းကျင်ကနေပြီးတော့မှ သုံးသပ်ချက်တွေနဲ့ ပြောနေကြတာတွေ ပြောဆိုမှုတွေလည်း ရှိတယ်။ ဒါတွေကတော့ သူတို့ ရဲ့သုံးသပ်ချက် တစ်ဦးချင်းရဲ့အမြင်သာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး သိပ်ရှေ့တန်းမပေးဘူး ဦးစားမပေးဘူးလို့ပဲ ပြောချင်ပါတယ်။ မေး ။ ။ ဒါနဲ့ဆက်စပ်ပြီး တစ်ခုလောက် မေးခွင့်ပြုပါ။ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ပြီး ဆောင်ရွက်ဖို့များ ရည်ရွယ်ထားတာ ရှိပါသလား။ ဒါမှမဟုတ် လက်ရှိမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမယ်၊ မချဘူးဆိုတာ ဘာမှ မဆုံးဖြတ်ထားရသေးတဲ့ အခြေအနေ၊ အနေအထားမျိုးများ လားဆိုတာ ...။ဖြေ ။ ။ ဘာမှကို မစဉ်းစားထားသေးဘူး။ ခုနကပြောသလိုပေါ့။ ဘာမှ မစဉ်းစားထားသေးဘူး။ ဘာလို့လဲဆိုတော့ တိုင်းပြည်ရဲ့လိုအပ်ချက် တပ်မတော်ရဲ့လိုအပ်ချက် ဘာမှန်းဆိုတာ ကိုယ်တို့မပြောနိုင်သေးဘူး။ လောလောဆယ် ဘာမှမပြောနိုင်သေးပါဘူး။မေး ။ ။ ဒါဆိုရင်ဘာမှ မဆုံးဖြတ်ရသေးတဲ့ အခြေအနေပေါ့။ဖြေ ။ ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးရှိအောင် လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်ဆိုတာ ပြောရဲပါတယ်။မေး ။ ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ပေါ်ပေါက်နေတဲ့ တိုက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး ပြောပြပေးစေချင်ပါတယ်။ဖြေ ။ ။ လက်ရှိနိုင်ငံရဲ့ အနေအထားက ကိုယ်က အတွေ့အကြုံလည်း အင်မတန် နည်းပါသးတယ်။ လေးနှစ်ကာလပဲ ရှိသေးတာဆိုတော့ ဒါကြောင့် ဒီအပေါ်မှာ စိတ်ရှည်သည်းခံပြီး လုပ်ဖို့တော့ လိုလိမ့်မယ်။ မေတ္တာရပ်ခံချင်တာကတော့ တရားဥပဒေနဲ့အညီ သွာကြဖို့ပေါ့။ ကိုယ့်ရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးစားလုပ်ကြဖို့ လိုပါတယ်။ အလုပ်သမားကလည်း အလုပ်သမားအလျောက်၊ လယ်သမားကလည်း လယ်သမားအလျောက်၊ ကျောင်းသားကလည်း ကျောင်းသားအလျောက်ပေါ့၊ တပ်လည်း တပ်အလျောက်၊ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက် သူ့နယ်ပယ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်သွားစေချင်တာပေါ့။ လူဆိုတာက လိုအပ်ချက်ရှိမှာပဲ။ တချို့လိုအပ်ချက်တွေမှာတော့ ပတ်ဝန်းကျင်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်လာတဲ့ ပယောဂတွေကြောင့် ဖြစ်လာတဲ့ဟာတွေမှာ ဒါတွေကို အသိတရားနဲ့ နည်းနည်းထိန်းဖို့ လိုပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့တိုးတက်မှုမှာ အင်မတန်အရေးကြီးတဲ့ကိစ္စပါ။ နောက် ခုနကပြောတဲ့ နယ်စပ်ဒေသကိစ္စကလည်း ဒီလိုပါပဲ။ သတိတရားရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင် ရတယ်။ နောက်တစ်ခါ စည်းလုံးညီညွတ်တဲ့ အင်အားနဲ့လုပ်မယ်ဆိုရင် ရတယ်လို့ ကိုယ်ပြောလိုတယ်။ ဘာမှ ကြောက်စရာမရှိပါဘူး။တိုင်းပြည်ရဲ့အားက ပြည်တွင်းမှာပဲ ရှိပါတယ်။ ကိုယ်ပြည်သူအားကို ယုံပါတယ်။မေး ။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ တခြား ဘာများဖြည့်စွက်ပြောချင်တာ၊ တခြားပြောချင်တာတွေများရှိရင် ပြောကြားပေးပါ။ဖြေ ။ ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ တကယ်တမ်းတော့ တိုင်းပြည်ရဲ့လူထုအနေနဲ့ အမှန်ကိုသိရှိပြီးတော့မှ ဆင်ခြင်တုံတရားနဲ့ လုပ်နိုင်အောင် ဖန်တီးပေးကြဖို့ပဲ ပြောလိုပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်ကနေ သတ်မှတ်ထားတဲ့ မဲပေးတဲ့စနစ်အတိုင်းပဲ သွားရမှာ . . . အတတ်နိုင်ဆုံးလည်း Free and Fair ဖြစ်အောင်လုပ်ပေးမယ် . . . သမိုင်းမှာ မှတ်တမ်းဝင်သွားမယ့် ကိစ္စရပ်တွေဖြစ်တာကြောင့် အမှားအယွင်းမခံဘူး”