အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်နေမှုအပေါ် ထောက်ခံသည့် ဆန္ဒပြမှုနှင့် ကန့်ကွက်သည့် ဆန္ဒပြမှု ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် တစ်နေ့တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုကို ‘ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး ကြိုဆို ထောက်ခံခြင်း ဆန္ဒထုတ်ဖော်မှုကို ‘ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်အား ထောက်ခံပါသည်’ ဆိုသည့် ခေါင်းစဉ်ဖြင့် အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှ သပိတ်ကို စိတ်ဝင်စားသော ကျောင်းသားများနှင့် ပြည်သူများ ပူးပေါင်း၍ ယင်းနေ့ နံနက် ၁၁ နာရီမှစ၍ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှ မြေနီကုန်းအထိ လမ်းလျှောက်၍ သပိတ်အား ထောက်ခံခဲ့ပြီး ဖြတ်သန်းခဲ့သော မြို့နယ်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူးများ လာရောက်သတိပေး တားဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ထောက်ခံသူများသည် မူလသတ်မှတ်ထားသော လှည်းတန်းမှတစ်ဆင့် စမ်းချောင်းမြို့နယ်အတွင်း ချီတက်လမ်းလျှောက်ကာ ပဒုမ္မာကွင်းအထိ ချီတက်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။“အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ လွှတ်တော်က အတည်ပြုတဲ့ အဆင့်နဲ့ သမ္မတကြီးက လက်မှတ်ထိုးတဲ့အဆင့် ကျန်ပါသေးတယ်။ လွှတ်တော်က ပြောတယ်။ လွှတ်တော်ဟာ ဒီမိုကရေစီ သိပ်ကျပါတယ်တဲ့။ ဒါပေမဲ့ အာမခံချက်တော့ ပေးလို့မရဘူး။ မဲခွဲတဲ့အခါ ရှုံးရင်လည်း ရှုံးသွားနိုင်တယ်။ အများစုက ကျောင်းသားတွေ ညှိနှိုင်းမှုတွေ လုပ်နေပြီ။ ဘာကြောင့် မရပ်သေးတာလဲ မေးတယ်။ လွှတ်တော်က အာမခံချက် အခုထိ မရှိသေးဘူး။ ပြဿနာကို ဖြေရှင်းရုံလေး၊ သပိတ်ရပ်သွားရင် ပြီးရောဆိုပြီး ဖြေရှင်းသွားမလားဆိုတာ ကျွန်တော်တို့မှာ သံသယတွေ ရှိပါတယ်။ အရှေ့ကရှိတဲ့ တိုင်းပြည်ပြဿနာတွေကိုလည်း ကောင်းမွန်တဲ့ စေတနာနဲ့ ဖြေရှင်းတဲ့ သာဓက ဘာတစ်ခုမှ မရှိသေးဘူး။ အဲဒါကြောင့် သာဓက မရှိသေးတာကို ကျွန်တော်တို့က မယုံတာကို အပြစ်ပြောရင် ကျွန်တော်တို့ ခံမယ်။ ဒီမိုကရေစီပညာရေး အာမခံချက် မရှိမချင်း သပိတ်ဆက်မှောက်နေမယ်” ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ (သပိတ်မှောက်ကျောင်းသား)မှ ကိုနန္ဒာစစ်အောင်က ယင်းကြိုဆို ထောက်ခံမှုတွင် ပြည်သူများအား ဟောပြောသည်။အင်အား ၃၀၀ ရာခန့် ပါဝင်သော သပိတ်အား ကြိုဆိုထောက်ခံသူများသည် “ကျောင်းသားသပိတ်အား တားဆီးခြင်း လုံးဝမပြုလုပ်ရ၊ ဆွေးနွေးညှိနှိုင်းပွဲ တစ်ဖက်သတ် ရွှေ့ဆိုင်းခြင်းများ ချက်ချင်းရပ်၊ စတုတ္ထ ကျောင်းသားသပိတ်အား အပြည့်အ၀ ထောက်ခံပါ၏” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။“မျိုးဆက်သစ် ကျောင်းသားတွေအတွက် ကျွန်တော်တို့ဘက် အပြည့်အ၀ ထောက်ခံပေးရမယ်။ အစိုးရက တောင်းဆိုချက်တွေကို မူအားဖြင့် သဘောတူတယ်လို့ ပြောထားပေမယ့် ကျွန်တာ်တို့ စောင့်ကြည့်ရပါမယ်။ အစိုးရက သူတို့ပြောတာကိုသူတို့ ချိုးဖောက်တာ အခါခါပဲ။ မယုံဘူး ဆိုပေမယ့် လူတိုင်းမှာ စိတ်ကောင်းဝင်တဲ့အချိန် ရှိတာမို့။ အစိုးရ အဲဒီလိုများ ဖြစ်လာမလားလို့ စောင့်ချင်ပါတယ်” ဟု မြောက်ဒဂုံမြို့နယ်မှ လာရောက် ဆန္ဒထုတ်ဖော်သည့် ဦးဝင်းဇော်ထွေးက ၎င်း၏အမြင်ကို ပြောကြားသည်။ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ တာမွေမြို့နယ် ဟစ်တိုင်သို့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။“အခု ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်သူလူထုနဲ့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ပညာရေးအတွက် ကျောင်းသားများက နောင်ပညာရေးမှာ သူတို့လိုချင်တဲ့ တောင်းဆိုချက်တွေကို သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက အားလုံးကို လက်ခံပြီးပြီ။ မူအားဖြင့်လည်း သဘောတူညီ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောချင်တာက လူကြီးတွေက မူအားဖြင့် သဘောတူ ဆောင်ရွက်ပေးမယ်လို့ ပြောတာမို့ အေးချမ်းစွာနဲ့ပဲ အားလုံးဆောင်ရွက်သင့်ဖို့ လိုပါတယ်။ ရှေ့ကဆရာကြီး ပြောသွားသလိုပဲ ပညာရေးအတွက် တကယ်လိုလားတဲ့ ကျောင်းသားတွေ ရှိသလို အချိန်ကြာမြင့်လာတဲ့အမျှ လူစုလူဝေး အဖွဲ့အစည်းတစ်ခု ဖြစ်လာရင် ဒီထဲမှာ အုတ်ရောရော ကျောက်ရောရောဆိုတာ ပါတတ်ပါတယ်။ အဲဒါတွေကို ပြည်သူတွေ၊ ကျောင်းသားမိဘတွေ၊ တချို့ကျောင်းသားတွေက စိတ်ပူပန်နေတဲ့အတွက် ဒီဆန္ဒထုတ်ဖော်မှုကို လက်လှမ်းမီသမျှ ဆရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သော ဗဟန်းမြို့နယ်နေ ဦးထွန်းလှစိန်က ပြောကြားသည်။ဆန္ဒထုတ်ဖော်သူများသည် ‘ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံ တည်ငြိမ်ရေး၊ ပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ဆွေးနွေးရေး၊ ပညာသင် ကျောင်းသားကျောင်းသူများ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ ကျောင်းသားကျောင်းသူများ အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ပြည်တွင်းဆူပူမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ရခြင်း အလိုမရှိ’ စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ စိတ်သဘောထားခြင်း တိုက်ဆိုင်သော ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အနည်းဆုံး အင်အားတစ်ထောင်ခန့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဗိုလ်တထောင်မြို့နယ်မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက “မနက် ၆ နာရီ ရပ်ကွက်ရုံးကို လာရမယ်ဆိုလို့ ငါးနာရီလောက် ထသွားရတယ်။ မနက် ၇ နာရီခွဲမှ လာခေါ်တယ်။ ဒီရောက်တော့လည်း ဘာမှမဟုတ်ဘူး။ ပင်ပန်းတာပဲ ရှိတယ်” ဟု ပြောကြားသည်။ခရမ်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ရန် သပိတ်မှောက်နေသော သပိတ်စစ်ကြောင်းအား ဆန့်ကျင်ဆန္ဒ ဖော်ထုတ်ခဲ့ရာ သပိတ်စစ်ကြောင်းအား အလိုမရှိ၊ ပြည်သူများကို အနှောင့်အယှက်ဖြစ်စေမည့် ဆူပူလှုပ်ရှားမူများကို အလိုမရှိ၊ မသိနားမလည်သည့် ကျောင်းသားလူငယ်များအပေါ် အသုံးချနေမူများအား ချက်ချင်းရပ်/နိုင်ငံရေး အသွေးအရောင်ပါသည့် သပိတ်အား အလိုမရှိ၊ ကျောင်းသားလူငယ်များ၏ မိဘများအပေါ် ကိုယ်ချင်းစာပါ စသည့် စာသားများပါသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အင်အား ၅၀၀ ခန့်မှ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သိရသည်။
အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်နေမှုအပေါ် ထောက်ခံသည့် ဆန္ဒပြမှုနှင့် ကန့်ကွက်သည့် ဆန္ဒပြမှု ရန်ကုန်မြို့တွင် တစ်နေ့တည်း ပြုလုပ်