ဖျူရီ

ဖျူရီ
Published 15 February 2015
နီမင်းဆွေ

‘လူဆိုတာ ငယ်စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရတယ်၊ အဲဒီလိုမှ မခိုင်းရင် ကြီးလာတဲ့အခါ သူများခိုင်းတာကို လုပ်ရတတ်တယ်’ လို့ မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ ဆရာတစ်ယောက်က လူငယ်တွေအတွက် အလေးအနက်ထားပြီး စေတနာအမှာစကား ပါးခဲ့ဖူးပါတယ်။ စစ်သားတွေရဲ့ လောကမှာလည်း ဆရာရဲ့ အမှာစကားနဲ့ ခပ်ဆင်ဆင်တူတဲ့ စကားတစ်ခွန်းကို ဆိုလေ့ရှိကြပါတယ်။ အဲဒါကတော့ ‘စစ်သားဆိုတာ အသက်နဲ့ရာထူး ငယ်စဉ်ဘဝမှာ အသက်အန္တရာယ်နဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့ရတာဟာ ကောင်းတယ်၊ ကြီးမှကြုံတွေ့ရရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တယ်’ ဆိုတဲ့ စကားပါပဲ။အဲဒီလို အသက်အန္တရာယ်နဲ့ အမြဲရင်ဆိုင် ကြုံတွေ့နေရတဲ့ စစ်ပွဲကာလတွေထဲမှာ စစ်သားတွေဟာ ထွက်ပေါ်လာတဲ့ ဒေါသကြောင့် ယောက်ျားအချင်းချင်းအပေါ်မှာ သာမက မိန်းမတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေပေါ်မှာပါ မကျန် ရံဖန်ရံခါမှာ လူမဆန်စွာ ရက်ရက်စက်စက် ပြုမူကျင့်ကြံကြလေ့ ရှိပါတယ်။ ပြီးတော့ လတ်တလော အရေးပေါ် ဖြေရှင်းရမယ့် ကိစ္စတွေ ဆိုတာတွေကလည်း စစ်ပွဲမှာ အမြဲပေါ်နေလေ့ ရှိတတ်ပါတယ်။ဒီအကြောင်းတွေကို ပြောနေရတာဟာလည်း စစ်မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီလို သဘောသဘာဝတွေကို အလေးထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ‘ဖျူရီ’ (Fury) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်မိလို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးလေးမှာ ဘာလင်မြို့ကြီးဆီကို ဦးတည်ချီတက်နေကြတဲ့ အမေရိကန်စစ်သည်တွေရဲ့ ‘ဖျူရီ’ လို့ အမည်ရတဲ့ တင့်ကားတစ်စီးနဲ့ အဲဒီတင့်ကားပေါ်မှာ တာဝန်ထမ်းဆောင်ကြရတဲ့ စစ်သည်တစ်စုအကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းဆင် ရိုက်ကူးထားတာ ဖြစ်တယ်။ စိတ်ယူးယဉ် ဆိုပေမယ့်လည်း စာရေးဆရာ ဒါရိုက်တာ ‘ဒေးဗစ်အဲယာ’ (David Ayer) ဟာ ဒုတိယကမ္ဘာစစ် အတွင်းက မဟာမိတ် တင့်ကားတပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သူ့မိသားစု အသိုင်းအဝိုင်းထဲက စစ်ပြန်ကြီးတွေကို စစ်စစ်ပေါက်ပေါက် မေးမြန်းပြီးမှ ဒီဇာတ်လမ်းကို ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ဇာတ်ကားမှာပါတဲ့ အဖြစ်အပျက်ကလည်း ရက်ပိုင်းလောက်သာကြာပြီး ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဥရောပ စစ်မြေပြင်ရဲ့ နောက်ဆုံးရက်တွေကို ကာလနောက်ခံထားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘာလင်မြို့တော်ရဲ့ အနောက်ဘက်မိုင် ၁၂ဝ အကွာလောက်မှာ မဟာမိတ် တင့်ကားတပ်စုတစ်စု ရောက်နေပါတယ်။ ဒီဇာတ်ကားထဲက မဟာမိတ်စစ်သည်တွေ ‘ဖျူရီ’ လို့ နာမည်ပေးထားတဲ့ အမေရိကန်လုပ် ‘ရှားမင်း’ အမျိုးအစား တင့်ကားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ‘ဒွန်ခေါ်လီယာ’ (Brad Pitt) ဖြစ်ပါတယ်။ အဲဒီတင့်ကားထဲက လက်ထောက်ယာဉ်မောင်းဟာ တိုက်ပွဲကျသွားပါတယ်။ သူ့နေရာကို လူစားပို့ပေးခြင်း ခံလိုက်ရသူကတော့ စစ်တပ်ထဲကို လက်နှိပ်စက်စာရေးအဖြစ် စာရင်းသွင်းပြီး ဝင်လာတဲ့ ‘နော်မန်’ ဆိုသူ ဖြစ်ပါတယ်။ သူ့ဟာ အရပ်သားစစ်စစ်ကနေ အရေးပေါ် စစ်မှုထမ်းဆောင်ဖို့ တာဝန်ကျလာသူ တစ်ဦးဖြစ်ပြီး စစ်ရဲ့ အနိဋ္ဌာရုံတွေကို မြင်တွေ့ဖူးဖို့ မဆိုထားနဲ့ တင့်ကားတစ်စီးရဲ့ အတွင်းဘက်ထဲကိုတောင် ခဏတစ်ဖြုတ် ဝင်ကြည့်ဖူးသူ မဟုတ်ပါဘူး။ ဒါကြောင့် သူဟာ ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လို စစ်မြေပြင်နဲ့ အကြီးအကျယ် အံမဝင်ခွင်မကျ ဖြစ်နေပါတော့တယ်။ ပြဿနာကတော့ သူ့ပုံစံ သူ့မျက်နှာပေးကိုကြည့်ပြီး တင့်ကားထဲမှာ သူနဲ့အတူ တာဝန်ထမ်းဆောင်ကြရမယ့် ဝါရင့်စစ်သားဟောင်းကြီးတွေ စိတ်ကုန်နေကြခြင်းပါပဲ။
ကိုယ့်ညီအစ်ကို အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက် တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ဒေါသအမျက် ခြောင်းခြောင်း ထွက်နေကြရမယ့် ဘဝမျိုးကို ဘယ်တော့မှ မရောက်စေချင်ပါဘူး။ ဒေါသဆိုတာ ထွက်ပြီးမှ ပြန်မျိုသိပ်ရတာ ခက်ခဲလှပါတယ် . . . . .

နော်မန်ဟာ အဲဒီတပ်စုကို ရောက်ရောက်ချင်း တင့်ကားရဲ့ အတွင်းပိုင်းကို ရေနွေးနဲ့ ဆေးကြောဖို့ ခိုင်းစေတာ ခံရပါတယ်။ ကျဆုံးသွားတဲ့ လက်ထောက်ယာဉ်မောင်းရဲ့ မျက်နှာတစ်ခြမ်းကို တင့်ကားဝမ်းတွင်းမှာ တွေ့လိုက်ရတဲ့အခါ နော်မန်ဟာ တင့်ကားအပြင်ဘက်ကို အပြေးခုန်ထွက်ပြီး တင့်ကားဘေးမှာ တဝေါဝေါနဲ့ ထိုးအန်ပါတော့တယ်။တစ်ခါမှာတော့ သူတို့တင့်ကားငါးစီး ရှေ့နောက်တန်းစီ ချီတက်နေတုန်း လမ်းနံဘေးက ခြုံပုတ်ထဲမှာ ပုန်းနေတဲ့ ဂျာမန်စစ်သားတွေကို ရှေ့ဆုံးတင့်ကားမှာ စီးလာတဲ့ နော်မန်က အရင်စတွေ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်သားတွေဟာ အသက် ၁၄ နှစ် ဝန်းကျင်လောက်သာ ရှိသေးတဲ့ ကလေးတွေဖြစ်နေလို့ နော်မန်က သေနတ်နဲ့ စမပစ်ခဲ့ပါဘူး။ ဒါကြောင့် ဟစ်တလာရဲ့ လူငယ်တပ်ဖွဲ့လို့ခေါ်တဲ့ အဲဒီကလေးစစ်သည်တွေက တင့်ဖျက်ဒုန်းကျည်နဲ့ ပစ်လိုက်လို့ ဒုတိယတင့်ကားကို ထိမှန်ပြီး မီးလောင်သွားပါတယ်။ အဲဒီတင့်ကားထဲမှာ လိုက်လာတဲ့ သူတို့ရဲ့ တပ်စုမှူး ‘ဗိုလ်ပတ်ကား’ ဟာလည်း မီးလောင်ပြီး ကျဆုံးသွားပါတယ်။တပ်စုမှူး ကျဆုံးသွားရုံတင် မကသေးပါဘူး ပါလာတဲ့ တင့်ကားငါးစီးထဲက တင့်ကားတစ်စီးလည်း မောင်းမရအောင် ပျက်စီးသွားခဲ့ရပါပြီ။ ဒီလိုနဲ့ ရှေ့ဆက်ချီတက်ကြတဲ့အခါ ဂျာမန်အမြောက်တပ်သား တစ်ယောက်ကို တိုက်ပွဲအပြီးမှာ အရှင်ဖမ်းမိပါတယ်။ အဲဒီ သုံ့ပန်းကို ပစ်သတ်ဖို့ နော်မန့်ကို တာဝန်ပေးခိုင်းစေတဲ့ အခါမှာ နော်မန်က သူတို့ခေါင်းဆောင် ဒွန့်ကို ‘ကျွန်တော် မသတ်ပါရစေနဲ့ ဆရာကျွန်တော့်ကိုသာ ဆရာသတ်ချင်ရင်လည်း သတ်လိုက်ပါ’ ပြောလို့ နော်မန့်နားရင်းကို ဘယ်ပြန်ညာပြန် အုပ်ရပါတယ်။ ဒါလည်းပဲ မပစ်ရဲတဲ့အပြင် အော်ငိုနေလို့ သူ့လက်ထဲကို ခြောက်လုံးပြူးထည့်ပြီး ဒွန်က သူနောက်ကျောကနေ သူ့ကိုချုပ်ပြီး ခြောက်လုံးပြူးခလုတ်ကို ဝိုင်းညှစ်ပေးရပါတယ်။ ကျည်ဆံထွက်သွားပြီး ဂျာမန်စစ်သား သေသွားတော့လည်း နော်မန်က ရွှံ့ဗွက်ထဲမှာ မှောက်လျက်လှဲပြီး ငိုရှိုက်နေလိုက်ပါသေးတယ်။ နောက် တင့်ကားစက်နှိုးသံကြားမှ အပြေး ထလိုက်သွားခဲ့တာပါ။နောက်တော့ ဖျူရီတင့်ကား ခေါင်းဆောင်တဲ့ တင့်ကားလေးစီးပါတဲ့ တပ်စုဟာ မြစ်နဲ့ ရထားလမ်းဆုံတဲ့နေရာမှာရှိတဲ့ ဂျာမန်မြို့ တစ်မြို့ဆီကို ချီတက်ဖို့ အမိန့်ရောက်လာပါတယ်။ အဲဒီအနားမှာ မဟာမိတ် တပ်စခန်းတစ်ခုရှိပြီး ထောက်ပံ့နဲ့ ဆေးတပ်ဆွယ်တွေလည်း ရှိပါတယ်။ အဲဒီစခန်းကို ရန်သူတွေ မတိုက်နိုင်အောင် အဲဒီတင့်ကားတပ်စုက ရှေ့တက်ပြီး ကာထားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို အသွားမှာ တိုက်ပွဲတွေ အဆင့်ဆင့်ဖြစ်ပွားပြီး နောက်ဆုံးအားလုံး ကျဆုံးကုန်ပြီး နော်မန်တစ်ယောက်သာ အသက်ရှင်သန် ကျန်ရစ်ခဲ့ပါတယ်။ တိုက်ပွဲတွေ အောင်မြင်ခဲ့ရုံမက သူတို့တင့်ကားရဲ့ တာဝန်ကျေပွန်မှုကြောင့် မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပင်မစစ်ဆင်ရေးမှာ အများကြီး အကျိုးဖြစ်ထွန်းသွားတာကို တွေ့ကြရပါတယ်။ဒီဇာတ်ကား မပြီးဆုံးခင် အချိန်လေးမှာ နော်မန်က ဒွန့်လို ဂျာမန်စစ်သားတွေကို သတ်ရတာ သူလက်ယဉ်လာတဲ့အပြင် အရသာလည်း တွေ့လာတယ်လ့ိုတောင် ပြောနိုင်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး စစ်သားဆိုတာ စစ်မြေပြင်မှာ အနေကြာသွားတဲ့အခါ စာနာသနားတတ်တဲ့ လူစိတ်ပျောက်သွားလေ့ ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားမိဆုံး အခန်းတွေကတော့ ဂျာမန်စစ်သားတွေက မဟာမိတ်တွေကို ခံမတိုက်ချင်ရကောင်းလားဆိုပြီး ကိုယ့်ပြည်သူတွေ အပေါ်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး တွေ့ရာဓာတ်တိုင်တွေပေါ်မှာ ဆွဲကြိုးချ သတ်သွားကြတာတွေရယ်၊ မဟာမိတ်တပ်သားတွေက ဂျာမန်တပ်သားတွေ အပေါ်မှာသာမက ဂျာမန်ပြည်သူတွေ အပေါ်မှာတောင် လူစိတ်မထားနိုင်လောက်အောင် ဒေါသထွက်နေကြပြီး သတ်ချင်ဖြတ်ချင် စော်ကားချင်တဲ့စိတ်တွေ ပေါက်နေကြတဲ့ အခန်းတွေပါပဲ။ဒါ့ကြောင့်လည်း ကိုယ့်ညီအစ်ကို အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက် တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ဒေါသအမျက် ခြောင်းခြောင်း ထွက်နေကြရမယ့် ဘဝမျိုးကို ဘယ်တော့မှ မရောက်စေချင်ပါဘူး။ ဒေါသဆိုတာ ထွက်ပြီးမှ ပြန်မျိုသိပ်ရတာ ခက်ခဲလှပါတယ်။ လူဟာ တိရစ္ဆာန်စိတ်ပေါက်ပြီး ပြန်ယဉ်လာအောင် လုပ်ဖို့လည်း အချိန်အတော် ကြာတတ်ပါတယ်။ ပြန်ယဉ်လာရင်တောင်မှ အရိုင်းအစိုင်း ဘဝက သူများအပေါ် ကိုယ်ဒေါသနဲ့ ကျူးလွန်လို့ ဖြစ်သွားခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကုစားဖို့ဆိုတာက မလွယ်လှပါဘူး။ ကုစားလို့ရတောင်မှ အမာရွတ်တွေကတော့ ထင်ကျန်နေရစ်ခဲ့မှာပါပဲ။ ကိုယ့်အတွက် သူဒေါသထွက်ရတာမျိုး သူ့အတွက် ကိုယ်ဒေါသထွက်ရတာမျိုး မဖြစ်အောင် အစကတည်းက ကြိုတင်ဆင်ခြင်နိုင်ကြမယ် ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါပဲ။