လုပ်ပွဲဆိုတာ သေခါနီးတွေလုပ်တဲ့ ကိစ္စပါ

လုပ်ပွဲဆိုတာ သေခါနီးတွေလုပ်တဲ့ ကိစ္စပါ
Published 15 February 2015
မောင်စံပေါ

(၁)အလိမ်အညာတွေ ပြည့်နေတဲ့ လောကကြီးထဲမှာ လုပ်ပွဲဆိုတဲ့စကား ကြားရတတ်ပါတယ်။ ငယ်ငယ်တုန်းက အညာမှာနေစဉ်အခါကပေါ့ဗျာ။ အဖေက ဘောလုံးဝါသနာအိုးဆိုတော့ ညနေခင်းရုံးဆင်းလို့ ဘောလုံးပွဲရှိရင် သားအဖနှစ်ယောက် လမ်းလျှောက်ပြီး ချီတက်ကြတယ်။ မူလတန်းကျောင်းသားပေါက်စပေမယ့် သွားဖန်ကြည့်ဖန်များတော့ အသင်းကောင်း မကောင်းလောက်တော့ သိလာပြီ။ အသင်းကောင်းနှစ်သင်း တွေ့ပြီဆို ရင် ပွဲကောင်းပြီ။ အဲသလိုမှတ်ယူခဲ့တယ်။(၂)တစ်ညနေမှာ ပွဲကောင်းပဟဆိုပြီး ဟင်းကောင်းတဲ့ ညစာတောင် ပစ်ထားခဲ့ပြီး သားအဖနှစ်ယောက် တစ်ကြိုးတည်း လစ်ခဲ့ကြတယ်။ မြို့မျက်နှာဖုံး နာမည်ကြီးမော်တော်ယာဉ်လိုင်းကပေးတဲ့ ဒိုင်းဆိုတော့ စိတ်ဝင်စားကြတယ်။ ရပ်ဝေးအသင်းတွေပါ လာပြိုင်ကြတာကလား။ ပွဲတိုင်းလိုလို လူများတယ်။ အဲဒီညနေကတော့ အသင်းကြီးနှစ်သင်းတွေ့တာလေ။ လက်ရှိချန်ပီယံအသင်းနဲ့ တခြား နာမည်ကြီးအသင်း တစ်သင်းတွေ့ကြတဲ့ပွဲ။ အုပ်စုပွဲပေမယ့် ပွဲရလဒ်က ပထမ၊ ဒုတိယအတွက် အရေးကြီးတော့ ပွဲကတော့ ကောင်းပြီဆိုပြီး လူတိုင်းက တွက်ထားကြတယ်။(၃)ပွဲကောင်းပြီဆိုတာနဲ့ လောင်းတဲ့သူတွေ ရှိတော့တာပါပဲ။ အများဆုံး လောင်းကြေးကတော့ လက်ဖက်ရည်တိုက်ကြေးပေါ့။ ဒီနေ့ခေတ်လို ရုပ်သံကနေ ကမ္ဘာကျော်ဘောလုံးပွဲတွေ တိုက်ရိုက်လွှင့်တာကြည့်ကြ၊ အင်တာနက်ကနေ ဈေးတွေ စုံစမ်းကြ၊ ဈေးဖွင့်ကြနဲ့ လောင်းကစားတွင်ကျယ်တဲ့ခေတ် မဟုတ်ပေမဲ့ သူ့အတိုင်းအတာနဲ့သူတော့ ရှိနေခဲ့တယ်။ လောင်းပြီး အားပေးကြတဲ့လူတွေနဲ့ ရိုးရိုး ပွဲကောင်းကြည့်ချင်ကြသူတွေနဲ့ ကွင်းထဲမှာ ပရိသတ်တွေပြည့်လျှံသွားတယ်။(၄)ပွဲစကစားတာနဲ့ အားပေးသံတွေ ညံနေခဲ့တယ်။ သူ့အသင်း၊ ကိုယ့်အသင်း အော်ဟစ်အားပေးသံတွေ ကွင်းလုံးလျှံနေခဲ့တယ်။ ပွဲစပြီး အချိန်တော်တော်ကြာလာတော့ အားပေးသံအစား ဆဲဆိုသံတွေ စကြားလာရတယ်။  ကောင်းမယ်ထင်ထားတဲ့ပွဲမှာ ဘောလုံးက ကွင်းလယ်မှာပဲ တဝဲလည်လည် ဖြစ်နေတယ်။ ဂိုးတွေရှေ့မှာ ဘောလုံးက ကြောက်ရတဲ့ ဘီလူး၊ သဘက်တွေ ရှိနေတယ်ထင်ရလောက်အောင်ကို ဘောလုံးက မရောက်တာ။စိတ်လှုပ်ရှား၊ ရင်ခုန်ရတယ်ဆိုတာ ဝေးလို့ ကြည့်ရင်းနဲ့ အိပ်ငိုက်ချင်လာခဲ့တယ်။အဖေ့တပည့် ကိုထွန်းပိုင်ကပြောတယ်။“ဆရာကြီး ပွဲကတော့ မဟုတ်တော့ဘူး ထင်တယ်နော်။”“အေးကွာ ဒုတိယပိုင်း စောင့်ကြည့်ရမှာပေါ့။”အဖေပြောပြီး သိပ်မကြာလိုက်ပါဘူး။ ဝစီမှုတ်သံ ကြားရတယ်။ ပထမပိုင်းပြီးပြီ။(၅)ပွဲကောင်းကောင်း မကောင်းကောင်း၊ ပထမပိုင်းအပြီး ပွဲနားချိန်မှာ မုန့်သည်တွေကတော့ ဈေးရောင်းကောင်းစမြဲ။ မုန့်စားရင်း ပထမပိုင်း ကစားသွားကြတာကို ဝေဖန်ကြတယ်။ အားပေးတဲ့အသင်းသာ မတူရင်ရှိရမယ်။ ဝေဖန်တာကတော့ တစ်သံတည်း ထွက်လာတယ်။“နှစ်သင်းစလုံး ကစားတာ လုံးဝအားမရဘူး” တဲ့။“တစ်ခုခုတော့ မှားနေပြီ” တဲ့။“အားပေးတဲ့ပရိသတ်ကို မလေးစားဘူး။ မထီမဲ့မြင်လုပ်တယ်၊ စော်ကားတယ်” တဲ့။ဒီလိုနဲ့ ဒုတိယပိုင်း ပြန်စတယ်။(၆)ဒုတိယပိုင်းပြန်စတော့ နည်းနည်း ပိုကြည့်ကောင်းသလိုလို ဖြစ်လာတယ်။ နှစ်သင်းစလုံး ပိုသွက်လာတယ်။ လိမ်တယ်၊ ခေါက်တယ်၊ ဆွဲတယ်၊ ပေးတယ်၊ ပြေးတယ်၊ ဂိုးရှေ့ရောက်တယ်၊ ပျက်တယ်၊ ဂိုးသွင်းတယ်၊ ဂိုးပေါက်လွဲတယ်၊ ကန်တင်တယ်၊ ပြေးလိုက်တယ်၊ မမီဘူး၊ ပျက်သွားတယ်၊ ချော်သွားတယ်။ ကြာလာတော့ ဝါရင့်သမ္ဘာရင့် ပွဲကြည့် ပရိသတ်က ရိပ်စားမိပြီး ဆဲသံတို့ ကွင်းလုံးလျှံလေပြီ။ပွဲပြီးခါနီး ငါးမိနစ်အလိုမှာ နာမည်ကြီးအသင်းက ထိုးဖောက်လာတယ်။ ချန်ပီယံအသင်းရဲ့ ဂိုးရှေ့ကို လှိမ့်ဘော တင်ပေးလိုက်တယ်။ နောက်ခံလူက ပြေးဖျက်တယ်။ ခြေချော်ပြီး ဘောလုံးနဲ့ လွဲသွားတယ်။ ရှေ့တန်းလူခြေထောက်ထဲ တည့်တည့် ရောက်သွားတယ်။ ဂိုးထဲကို ကန်အသွင်းမှာ ဂိုးသမား ဒိုင်ဗင်ထိုးလိုက်တော့ နဂိုက ဂိုးသမားရပ်နေတဲ့နေရာကနေ ဂိုးဝင်သွားတယ်။နောက်ထပ် ဘာမှထူးထူးခြားခြား ဖြစ်မလာပဲနဲ့ ပွဲပြီးသွားခဲ့တယ်။“လုပ်ပွဲ၊ လုပ်ပွဲ။ ခေါက်ဆွဲ၊ ခေါက်ဆွဲ” တဲ့။အော်သံတွေ ဆူလို့ ညံလို့။ ဆဲသံတွေ မိုးလုံးလျှံလို့။(၇)နောက်ပိုင်းကျတော့ မြန်မာဘောလုံးလောကရဲ့ သမိုင်းဝင်ပွဲတွေအကြောင်း ဖတ်ရတယ်။ ရေဒီယိုက နားထောင်ရတဲ့ပွဲတွေတောင်မှ ကြေညာသူတော်လွန်းလှတော့ အသက်ဝင်တယ်။ ပင်နယ်တီကန်ချိန်ဆိုရင် ရုပ်သံကြည့်နေရသလို စိတ်မှာ မြင်ယောင်တယ်။ကရင်ပြည်နယ် ဂိုးသမားတင်ဌေး လက်စွမ်းပြသွားတာ၊ ခြေစွမ်းပြသွားတာ မော်ကွန်းဝင်ခဲ့တယ်။ အဲဒီပွဲကလည်း ရင်ခုန်မှုတွေ ပေးခဲ့တယ်။ လောင်းထားတဲ့သူ မပြောနဲ့၊ ကွင်းထဲမှာ ကိုယ်တိုင်ကြည့်နေသူ မဆိုထားနဲ့၊ ရေဒီယိုက နားထောင်ရတာတောင်မှ နှလုံးခုန်က ရပ်ချင်ချင်။(၈)လုပ်ပွဲအကြောင်းပြောတော့ စစ်တုရင်လောကသား ညီငယ်တစ်ယောက်က ပေးခြင်း၊ ယူခြင်း၊ ညှိနှိုင်းခြင်းတွေနဲ့ ပတ်သက်လို့ပြောပါတယ်။“ကျွန်တော့်အမြင်က ကိုယ်ညံ့ခဲ့လို့ လုပ်ပွဲကစားခံရတာပါ။ သို့သော် ဒါဟာ ဥပဒေအတွင်းက လုပ်ရိုးလုပ်စဉ်တစ်ခုဆိုပေမယ့် မြင့်မြတ်သူတွေ ဒီအလုပ်မျိုး မလုပ်ဘူးလို့ ကျွန်တော်ယူဆမိပါတယ်” တဲ့။နောက်တစ်ယောက်က ဒီလိုဆိုပါတယ်။“သေချာတာကတော့မင်း လက်ရည်မကောင်းရင် မင်းကို ဘယ်သူမှ လာညှိမှာမဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်ကတော့ ဘယ်သူလာလာ ဖိုက်မယ်ဆိုတဲ့စိတ်ကြောင့် ပထမနေရာနဲ့ လွဲခဲ့သလို၊ အခွင့်အရေးကောင်းတွေလည်း ဆုံးရှုံးခဲ့ဖူးပါတယ်။ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီး လုပ်သင့်တာကို လုပ်ရပါမယ်။ လောကမှာ ဘယ်အရာမှ အစိုးမရပါဘူး။”အမြဲတမ်း အနိုင်ရမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကမ္ဘာ့ချန်ပီယံလည်း ရှုံးတဲ့နေ့ ရှိမှာပါပဲ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး စောင့်ဆိုင်းကွက် (Waiting Move) ရွှေ့တန်ရင် ရွှေ့ရမှာပါ။ စောင့်ဆိုင်းကွက် (Waiting Move) ရွှေ့လိုက်လို့ ကိုယ့်အနေအထား ပျက်မသွားဖို့ လိုသလိုတစ်ဖက်သားရဲ့ ရွှေ့ကွက်အမှားပေါ်လာတဲ့အခါမှာ ချက်ချင်းအခွင့်အရေးယူနိုင်ရပါမယ်။(၉)နောက် စစ်တုရင်သမားတစ်ယောက်ကတော့ လုပ်ပွဲနဲ့ပတ်သက်တဲ့ သူ့အမြင်ကို ရှင်းရှင်းပြောပါတယ်။“အသက်ကလည်း ကြီးလာ၊ ဦးနှောက်ကလည်း မသွက်တော့ မထက်တော့ အကွက်ကလည်း မမြင်တော့ဘူးလေ။ ပုံမှန်ပြိုင်ကြမယ်ဆိုရင် နိုင်လမ်းမမြင်တော့ လုပ်ပွဲ ကစားကြတော့တာပေါ့ဗျာ။ ဒီတော့ ငါကနိုင်မှဖြစ်မှာ၊ ငါ့ကိုအနိုင်ပေး၊ မင်းက ဆုကြေးယူတွေ ဘာတွေဖြစ်လာတာပေါ့။ ဝယ်တာပြုတာတွေ ရှိလာတာပေါ့။”တစ်ခါနိုင်ဖူးတာနဲ့ တစ်သက်လုံးနိုင်ရမယ်လို့ ဘယ်ပြောလို့ရမှာလဲ။ လောကဓံဆိုတာ ရှိတယ်လေ။ အတက်အကျ ရှိတယ်လေ။ ကြိုးစားရမှာပ။ ဖြစ်မလာတော့လည်း အခြေအနေမှန်ကို လက်ခံရမှာပ။ လောဘကြီးတော့ မဆင်ခြင်နိုင်၊ မောဟကြီးတော့ အမှန်မမြင်နိုင်ရင် သောကမီးအပူလောင်ပြီး ဒေါသတကြီးနဲ့ ထင်ရာမြင်ရာလုပ်ရင် ဒုက္ခရောက်ကုန်မှာပေါ့။“ကျွန်တော်ငယ်ငယ်က လုပ်ပွဲလုပ်တဲ့သူတွေကို အလွန်ပဲ မုန်းခဲ့ဖူးပေမယ့် အသက်နည်းနည်းရလာတဲ့အခါမှာ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျွန်တော်တို့ စစ်တုရင်လောကမှာတော့ လုပ်ပွဲတွေကို အိမ်သာကွက်လို့ ခေါ်ပါတယ်။ လူတွေရဲ့အတ္တ၊ မာနတွေ ရှိနေသရွေ့ လုပ်ပွဲတွေ ရှိနေဦးမှာပါ။”ဒါပေမဲ့ ငယ်ရွယ်သူတွေအနေနဲ့ လုပ်ပွဲတွေ လုံးဝမကစားစေချင်ပါဘူး။ ပွဲတိုင်းကို ကျကျနန ပြင်ဆင်၊ လေးလေးစားစားနဲ့ ကစားစေချင်ပါတယ်။ ဒါမှ တိုးတက်မှာလေ။ အချိန်တွေက အများကြီးရှိသေးတယ်။ စောစောစီးစီး ဘူးသီးနုနု အမွေးသပ်မဖြစ်စေချင်ဘူး။“သေခါနီးကြီးတွေကတော့ တစ်မျိုးပေါ့လေ။ မဟုတ်ဘူးလား အစ်ကို။ စစ်တုရင်သမား လုပ်ပွဲကစားပြီးရင် သေပြီ။ သေချင်ရင် ကစားပေါ့။ သေခါနီးရင် လုပ်ပွဲလုပ်ပေါ့”။လုပ်ပွဲနဲ့ပတ်သက်ပြီး စစ်တုရင်ကစားသမားတွေ ဆွေးနွေးကြတာမှတ်သားစရာတွေ အများကြီးရပါတယ်။(၁ဝ)ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော စစ်တုရင် ဂရင်းမာစတာ ဇော်ဝင်းလေးေ ပြောပြဖူးတာလေးနဲ့ အဆုံးသတ်စေချင်ပါတယ်။“ကျွန်တော်က ကလေးတွေကို စစ်တုရင်ကစားနည်း သင်ပေးတယ်ဗျာ။ပြိုင်ပွဲတစ်ပွဲမှာ ကျွန်တော်တပည့်ရဲ့ဦးလေးက လာပြောတယ်။ အဲဒီပွဲနိုင်ရင် သူ့တူ ချန်ပီယံဖြစ်မှာမို့လို့ ပြိုင်ဘက်ကို သွားညှိပေးပါတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ကျွန်တော် စစ်တုရင်ကို စည်းကမ်းတကျ၊ စနစ်တကျ ကစားတတ်အောင် သင်ပေးတတ်တယ်။သူ့ပါရမီအလျောက် ထွန်းပေါက်အောင် လေ့ကျင့်ပေးနိုင်တယ်။ ပွဲ မဝယ်တတ်ဘူးလို့။”“နောက်ပြီးတော့ ကျွန်တော်တပည့်ကိုလည်း ပြောလိုက်တယ်။ဝယ်ပြီးတော့ ရတဲ့အမှတ်တောင်းပြီးတော့ ရတဲ့အနိုင်ညှိပြီးတော့ ရတဲ့အဆင့်လုပ်ပွဲလုပ်မှ ရမယ့်နေရာဘယ်တော့မှ မလိုချင်နဲ့လို့”သတိရမိပါရဲ့ ဇော်ဝင်းလေးရေ။