Confront နှင့် Compromise

Confront နှင့် Compromise
Published 15 February 2015
ဒေါက်တာ အောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

Confront ဟူသည် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေမရှာလိုသည့် အခြေအနေများတွင် အထူးသဖြင့် ဖြစ်ပေါ်လေ့ရှိပြီး၊ Compromise ဟူသည် နှစ်ဦးနှစ်ဖက် လိုလိုလားလား ညှိနှိုင်းအဖြေရှာလိုသည့် အခြေအနေပင် ဖြစ်သည်။ (ဤတွင် အမျိုးသားလုံခြုံရေး (National Security) ကို ထိခိုက်စေသည့် အခြေအနေများ မပါဝင်ပေ။) စီးပွားရေးပညာသည် Game Theory ပင် ဖြစ်သည်။
Confront  သဘောအခြေအနေသည် “အစွယ်” ရှိသူက “အစွယ်” ကို အားကိုးသကဲ့သို့၊ “ဦးချို” ရှိသူက ၎င်း၏ “ဦးချို” ကို အားထားသကဲ့သို့သော သတ္တလောကတွင်ပင် အနေအထား အခြေအနေပေါ်မူတည်ကာ သုံးလေ့ရှိသကဲ့သို့ပင်ဖြစ်သည်။
သို့သော် လူသားတို့သည် သတ္တလောကတွင် အမြင့်ဆုံးဖြစ်ရာ၊ Confront ဟူသော အခြေအနေကို မလိုအပ်လျှင် (လတ်တလော မလိုအပ်လျှင်လည်းကောင်း) မသုံးဘဲ Compromise ဟူသော အခြေအနေသည် ဘေးထွက်ဆိုးကျိုးများ(Side effects)၊ အနုတ် လက္ခဏာဆောင်သော သက်ရောက်မှုများ (Negative Impacts) ကို ရှောင်လွှဲနိုင်ခြင်းပင် ဖြစ်သည်။
ဤသို့သော အနေအထားတွင် ညီညွတ်မှု (Unity Solidarity) လည်းမရှိ (သို့မဟုတ်) လွန်စွာအားနည်းပြီး၊ တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) လည်းမရှိ (သို့ မဟုတ်) လွန်စွာအားနည်းသော နိုင်ငံများ၏ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မလွယ်ကူနိုင်ဟု စီးပွားရေးပညာရှင် Hamilton က ပြောခဲ့ဖူးသည်။
ဆိုလိုသည်မှာ ယနေ့မတည်မငြိမ်ဖြစ် နေသော၊ ပြည်တွင်းစစ်ပွဲများကို ရင်ဆိုင်နေရသော နိုင်ငံများသည် ပြည်တွင်းညီညွတ်မှု (Internal Unity) နှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) တို့ အားနည်းခြင်းဟူသော အခြေခံ အကြောင်းတရားများ အပေါ်တွင် များစွာမူတည်နေခဲ့ခြင်းပင် ဖြစ်သည်။
ယင်းသို့သော အခက်အခဲများကို ကျော်လွှားရာတွင်  အထက်တွင် ဆိုခဲ့သည့်အတိုင်း ဆွေးနွေးတိုင်ပင်အဖြေရှာခြင်း၊ အပေးအယူ ပြုလုပ်ခြင်းဟူသော နည်းလမ်းများဖြင့် ယနေ့အဘက်ဘက်တွင် နိမ့်ကျနေခဲ့ရသော၊ မဆင်းရဲသင့်ဘဲ ဆင်းရဲခဲ့ရသော နိုင်ငံအနေဖြင့် အတုယူ သင်ခန်းစာ ယူရပေလိမ့်မည်။
ပြည်တွင်းရှိ ကျဲပြန့်နေသော အင်အား များကို ပြန်လည်စုစည်းကာ မြန်မာနိုင်ငံအနေ ဖြင့် အနာဂတ်တွင် ရင်ဆိုင်ရနိုင်ဖွယ်ရှိသော အန္တရာယ်များနှင့် စိန်ခေါ်မှုများအတွက် ပြင် ဆင်ရန် အချိန်ဖြစ်သည်။ အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်ကြသော ဓလေ့စရိုက်ပုံ သဏ္ဌာန်မှသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးနိုင်မည့် (တစ်နည်းအားဖြင့် အချိန်မရွေး အစားထိုးနိုင်မည့်) လူသားအရင်းအမြစ် များစွာလိုအပ် နေပေလိမ့်မည်။
သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို ကျင့်သုံးသော နိုင်ငံများ၊ အာဏာရှင်စနစ်ကို ကျင့်သုံးသောနိုင်ငံများ ပြိုလဲပျက်စီးသွားခဲ့ရသော အဓိကအကြောင်းရင်းများထဲတွင် အကျဉ်းချုပ်အားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်ငြိမ်မှုကို အပြန်အလှန် ဆက်နွှယ်သည့် အချက်ကို ပုံဖော်ရာတွင် အားနည်းခဲ့ခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။
အကျုပ်အားဖြင့် မလိုအပ်ဘဲ Confront လုပ်ခြင်းသည် မလိုလားအပ်သော (မမျှော်မှန်းထားသော) အကျိုးဆက်များနှင့် ရင်ဆိုင်ရလေ့ရှိသဖြင့် မိမိနိုင်ငံ၏ ရေရှည်တည်ငြိမ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် အမျိုးသား အကျိုးစီးပွား (National Interest) နှင့် အမျိုးသားလုံခြုံရေး (National Security) တို့ ပိုမိုအားကောင်း စေနိုင်သော နည်းလမ်းများဖြင့် ဖြေရှင်းလျှင် ပိုမိုသင့်လျော်ပေလိ့မ်မည်။
သို့မဟုတ်ပါက စည်းလုံးညီညွတ်မှု (Unity Solidarity) နှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) ကို တည်ဆောက်ရန် (တည်ဆောက်ရန်) မလွယ်ကူတော့ဘဲ နောက်ဆုံးတစ်နေ့တွင် တဝဲလည်လည်သံသရာ (Vicious Circle) အတွင်းမှ ရုန်းထွက်နိုင်ခြင်း မရှိတော့ဘဲ စုံးစုံးမြုပ်သွားသော နိုင်ငံများ ဖြစ်သွားလေ့ရှိသည်။ တစ်နည်းအားဖြင့် “ဗိုက်နာလေ ဆရာကြိုက်လေ”၊ “ဆန်ကောထဲ ထည့်အလှိမ့်ခံရသော ဆီးဖြူသီးများ” ကဲ့သို့ဖြစ်သွားပေနိုင်သည်။ ယင်းကဲ့သို့သော အတိတ်ကို ဝေဖန်ပိုင်းခြားသော “အဓိက” နှင့် “သာမည” ကို စဉ်းစားရပေလိမ့်မည်။