မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် နိုင်ငံရေးဈေးကွက် ဆစ်ပိုင်းတတ်စေဖို့

မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် နိုင်ငံရေးဈေးကွက် ဆစ်ပိုင်းတတ်စေဖို့
Published 13 February 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ဈေးကွက်သဘောတရားမှာ ပစ်မှတ်ဈေးကွက် Target Market ဈေးကွက်ဆစ်ပိုင်းမှု Market Segmentation နဲ့ ဈေးကွက်နေရာချထားမှု Market Positioning တွေအနက် အခုရေးသားမယ့် ဆောင်းပါးက ဈေးကွက်သဘောတရားမှာ ဈေးကွက်ဆစ်ပိုင်းတတ်မှုက ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတာမို့ ဒီသဘောတရားကို စံနမူနာရယူပြီး မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ပုံဖော်လုပ်ဆောင်ကြစေဖို့ပါ။ဈေးကွက်သဘောတရားမှာ လူ (Men) ငွေကြေး (Money) နဲ့ ပစ္စည်း (Material) လို့ဆိုတဲ့ အင်္ဂလိပ်လို(M) သုံးလုံးကို အဓိကထား စဉ်းစားကြရတာ ဖြစ်တယ်။ လူတွေ ထုတ်လုပ်ကြတဲ့ ထုတ်ကုန်ပစ္စည်းတွေကို လူတွေကပဲ ဝယ်ယူကြတာဖြစ်တယ်။ မှန်ကန်တဲ့ ထုတ်ကုန်ပစ္စည်းကို မှန်ကန်တဲ့လူတွေက မှန်ကန်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်စေကြရမှာ ဖြစ်တယ်။ အဲဒီလို မှန်ကန်မှုရှိစေဖို့ ပစ်မှတ်က အဲဒီထုတ်ကုန် ပစ္စည်းတွေကို ဘယ်သူ ဝယ်ယူကြမှာလဲ။ ဝယ်ယူကြမယ့်သူတွေက ပမာဏ ဘယ်လောက်ရှိသလဲဆိုတဲ့ ဈေးကွက်အရွယ်အစားကို သိအောင် လုပ်ကြရတယ်။လူ့အလွှာ သုံးခု ချမ်းသာတဲ့ လူ့အလွှာ အလယ်အလတ် လူ့အလွှာနဲ့ ဆင်းရဲတဲ့ လူ့အလွှာတွေ ဖြစ်တယ်။ ချမ်းသာတဲ့ လူ့အလွှာက လူနည်းစုဖြစ်ပြီး ဆင်းရဲတဲ့ လူ့အလွှာက လူအများစု ဖြစ်တယ်။ Unilever က အိန္ဒိယနိုင်ငံမှာ ဆပ်ပြာတွေ ထုတ်လုပ်ရောင်းချရာမှာ ချမ်းသာတဲ့ လူနည်းစုဈေးကွက်ကိုသာ ဈေးကွက်ပစ်မှတ်ထားတဲ့အတွက် ပြိုင်ဆိုင်သူ များလာတဲ့အခါ ဈေးကွက်ဝေစု ကျဆင်းလာခဲ့တယ်။ နောက်ပိုင်းမှာ ဆင်းရဲသားဈေးကွက်ကို အလိုက်သင့် ဝင်ရောက်လာတဲ့ အခါကျမှ ဈေးကွက်ဝေစု ပြန်လည်မြင့်မားလာခဲ့တယ်လို့ ဆိုတယ်။ဒီမိုကရေစီခေတ်မှာလည်း အလားတူ နိုင်ငံရေးဈေးကွက်က လူအများစုကို ပစ်မှတ်ထားပြီး ဆင်းရဲတဲ့ လူတန်းစားတွေရဲ့ ဘဝအရည်အသွေး မြင့်မားအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ ဈေးကွက်ပစ်မှတ် မှန်ကန်ပြီး ဈေးကွက်ဆစ်ပိုင်းတတ်ကြရမှာ ဖြစ်တယ်။ ဈေးကွက်ဆစ်ပိုင်းမှု သဘောတရားကို နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် ဖရဲသီးကို အလုံးလိုက်ရောင်းရင် ဝယ်ယူစားသုံးနိုင်သူက ချမ်းသာတဲ့လူနည်းစုသာဖြစ်တယ်။ သို့ပေမဲ့ အဲဒီဖရဲသီးကို ရှစ်စိတ်စိတ်လိုက်ရင် ဝယ်ယူသူ ပိုများလာမယ်။ နောက်ထပ် ၁၆ စိတ်စိတ်လိုက်ပြီး ရောင်းလိုက်ရင် အရောင်းပိုသွက်လာစေမှာ ဖြစ်တယ်။ ဖရဲသီးတစ်လုံးကို လတ်တလောပေါက်ဈေး တစ်လုံးကို ကျပ် ၃၀၀၀ ဆိုပါစို့။ ရှစ်စိတ်စိတ်ပြီး ၅၀၀ ကျပ်နဲ့ရောင်းရင် တစ်လုံးကို ကျပ် ၁၀၀၀ အမြတ်ရမှာ ဖြစ်တယ်။ ၁၆ စိတ်စိတ်ပြီး တစ်စိတ်ကို ကျပ် ၃၀၀ နဲ့ရောင်းရင် ပိုရောင်းချရမှာ ဖြစ်သလို အမြတ်လည်း များများရရှိစေတာ ဖြစ်တယ်။ ဒါကြောင့် ဈေးကွက်ဆစ်ပိုင်းမှု သဘောတရားကို သိရှိနားလည် လုပ်ဆောင်ရင် များများရောင်းရပြီး အမြတ်လည်း များများရရှိစေတာ ဖြစ်တယ်။
ဗဟိုချုပ်ကိုင်စနစ်က ဖရဲသီးကို အလုံးလိုက်ရောင်းတာမျိုးဖြစ်ပြီး ဖက်ဒရယ်စနစ်က ဖရဲသီးကို စိတ်ပြီးရောင်းတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် နိုင်ငံရေးဈေးကွက် ဆစ်ပိုင်းလုပ်ဆောင်မှု . . . . .

အလားတူ ဒီကနေ့ စာရေးသူတို့နိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ သန့်ရှင်းသော အစိုးရပုံစံနဲ့ လျှောက်လှမ်းရာမှာ နိုင်ငံရေးဈေးကွက် ဆစ်ပိုင်းလုပ်ဆောင်တတ်ဖို့ လိုအပ်တယ်။ အကယ်၍ စာရေးသူတို့ နိုင်ငံက လွတ်လပ်ရေး စတင်ရရှိကတည်းက ဖက်ဒရယ်စနစ်ကိုသာ ကျင့်သုံးလာခဲ့ရင် အခုလောက်ဆို နိုင်ငံဘယ်လောက် တိုးတက်နေမလဲ မျှော်မှန်းတွေးဆကြည့်လို့ ရပါတယ်။ဒီမိုကရေစီစနစ်မှာ ပြည်သူက အုပ်ချုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားကြရတဲ့ အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိသလို ပြည်သူတွေရဲ့ ပေါင်းစည်းပါဝင်မှုကလည်း အရေးကြီးတယ်။ဒီနေရာမှာ ဈေးကွက်ဆစ်ပိုင်းမှု သဘောတရားနဲ့ ဆင်တဲ့နိုင်ငံရေး ဈေးကွက်ဆစ်ပိုင်းမှု သဘောတရားကို ရှင်းပြလိုတယ်။ နိုင်ငံရေးဈေးကွက်ဆစ်ပိုင်းမှု သဘောတရားက ဖက်ဒရယ်စနစ်ပုံစံ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံလုံးကို အုပ်ချုပ်သူအစိုးရ တစ်ဖွဲ့တည်းအားကနေ ဖက်ဒရယ်စနစ်က ပြည်နယ်တိုင်းဒေသကြီးတွေကို အုပ်ချုပ်ပိုင်ခွင့်၊ တရားဥပဒေပြုပိုင်ခွင့်နဲ့ တရားစီရင်ပိုင်ခွင့် အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့စနစ် ဖြစ်ပါတယ်။ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရင်တော့ ဒါကို Decentralization လို့ခေါ်တဲ့ ဗဟိုကနေဘေးကို ဖြန့်ကြက်ပြီး အာဏာခွဲေ၀ လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဟိုယခင်ကတော့ Centralization လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုလွန်ကဲတဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်တယ်။ဖက်ဒရယ်စနစ်မှာ သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီးတွေက မိမိတို့ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့်အားလုံးကို မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့် ရရှိစေတာဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးကနေ ပြည်ထောင်စုအစိုးရကို သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုနဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေကို ပြန်လည်ပံ့ပိုး ပေးသွင်းကြရတာဖြစ်တယ်။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ အဓိကပိုင်းကိုတော့ ကိုင်တွယ်ထားတယ်။ ဥပမာ နိုင်ငံရပ်ခြားကနေ ကျူးကျော်မှုတွေ ဖြစ်လာရင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်မှုက ပြည်ထောင်စုမှာ တာဝန်ရှိစေတာ ဖြစ်တယ်။ ပေါင်းစည်းလုပ်ဆောင်မှုတွေကနေ မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုးပြီး မိမိနိုင်ငံသားတွေ ဘဝအရည်အသွေး တိုးတက်မြင့်မားစေဖို့က အဓိက ဖြစ်ပါတယ်။ဗဟိုချုပ်ကိုင်စနစ်က ဖရဲသီးကို အလုံးလိုက်ရောင်းတာမျိုးဖြစ်ပြီး ဖက်ဒရယ်စနစ်က ဖရဲသီးကို စိတ်ပြီးရောင်းတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် နိုင်ငံရေးဈေးကွက် ဆစ်ပိုင်းလုပ်ဆောင်မှုကနေ မိမိနိုင်ငံတိုးတက်ပြီး မိမိနိုင်ငံသားတွေ ဘဝအရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။