သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်းနှင့် သခင်စိတ်

သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်းနှင့် သခင်စိတ်
Published 13 February 2015
မောင်တင်ဦး (မြောင်းမြ)

သခင်စိတ်‘သခင်စိတ်ကို မွေးကြပါ။ သခင်ကျင့်ကို ကျင့်ကြပါ’ ဒီလိုစာသား၊ တေးသွားတွေ မကြာခဏ ကြားရတယ်။ ဒီလိုနဲ့ သခင်စိတ်အကြောင်းကို နည်းနည်း အတွေးနယ်ချဲ့မိတယ်။ သခင်စိတ်ဆိုတာ ဘာလဲ၊ ဘယ်လိုစိတ်မျိုးလဲ၊ ကျွန်သပေါက်ဘဝနဲ့ နှစ်ပေါင်း ၁၀၀ နေလာခဲ့ရတဲ့စိတ်နဲ့ သခင်စိတ်နဲ့ ဘယ်လိုတွေ ကွာခြားသလဲ။မြန်မာတွေကို “မောင်မင်း၊ လူကလေး” လို့ ချိုးနှိမ်နှိမ့်ချခေါ်ပြီး သူတို့ (မျက်နှာဖြူ) ကိုကျတော့ “ဘုရား” လို့ ထူးရပြန်သတဲ့။ ဒီနေရာမှာ နာတတ်သူနဲ့၊ မနာတတ်သူဆိုတဲ့ လူစားနှစ်မျိုး ပေါ်လာတာပေါ့။ မနာတတ်သူတွေကတော့ မောင်မင်းခေါ်ခေါ်၊ လူကလေးခေါ်ခေါ် မနာပါဘူး။ မနာရုံမကဘူး နှစ်နှစ်ခြိုက်ခြိုက် အခေါ်ခံပြီး ချကြွေးသမျှ အရွတ်၊ အရေ၊ အရိုး ရသမျှစားရဖို့ပဲ အရေးကြီးတဲ့ လူမျိုး။ မြို့ပိုင်၊ နယ်ပိုင်၊ ဝန်ထောက် မစို့မပို့ ရာထူးလေးနဲ့ မြန်မာအချင်းချင်း အာဏာပြ၊ အနိုင်ကျင့်ရရင် သဘောတွေ့၊ မနောခွေ့နေတဲ့ လူမျိုး၊ ထိုထိုသော လူမျိုးတွေဟာ ကျေးတော်မျိုး၊ ကျွန်တော်မျိုးဘဝမှာ ရသမျှ အခွင့်အရေးကို မှိန်းယူတတ်ကြလေရဲ့။ သူတို့ကို အလိုတော်ရိပဲ ခေါ်မလား။ သူခိုးဓားရိုးကမ်းလို့ ဆိုမလား။ အချောင်သမား၊ အခွင့်အရေးသမား၊ သစ္စာဖောက် ခေါ်ချင်သလိုခေါ် သူတို့ မမှုရေးချ မမှု။ ခေတ်ပျက်သူဌေးဖြစ်ဖို့ ရသမျှ အခွင့်အရေး အသုံးချ။ အင်္ဂလိပ်ကို ဘုရားထူး ခေါင်းငုံ့ခံ၊ ပြန်မပြောရဲပေမယ့် မြန်မာအချင်းချင်းကို အနိုင်ကျင့်၊ မြန်မာအချင်းချင်း နှိမ်ချဆက်ဆံ၊ သူတို့ကိုယ်သူတို့ လူရည်လည်၊ လူရာဝင် လူတွင်ကျယ်တွေပေါ့။ ‘အိုင်ဆေး’ (I Say) ဆိုတဲ့ စကားလုံးကို တွင်တွင်သုံး။ သူတို့မှာ သခင်စိတ် ရှိသလား။ ကျွန်စော် နံသလား။ မမေးနဲ့ သူတို့ စိတ်မဝင်စား။ သူတို့ စိတ်ဝင်စားတာ အရချောင်ဖို့။ အနေချောင်ဖို့။ အစားချောင်ဖို့။နာတတ်သူကတော့ နာတယ်။ ဆတ်ဆတ်ခါနာတယ်။ အသည်းထဲ ရင်ထဲထိ နာတယ်။ မျက်နှာဖြူရှေ့ ဒူးတုပ်ပြီး ဘုရားထူးနေတဲ့ သူတွေကိုမြင်ရင် သူတို့အတွက်ပါ ဆီဆီဆိုင်ဆိုင် နာမိသေးတယ်။ သူတို့ ဘုရားထူးရအောင် ဒါ သူတို့မြေလား။ သူတို့တိုင်းပြည်လား။ ကိုယ်က ကျူးကျော်စော်ကားတာလည်း ခံရသေး။ ဘုရားလည်း ထူးရသေး။ ကိုယ့်ပြည်ပေါ်က ကိုယ့်မြေကသယံဇာတလည်း အသိမ်းခံရသေး။ ဒါတရားလား။ ကိုယ်ကသာ မတရားဘူး ထင်နေတာ။ သူတို့က တရားတယ် ထင်ရုံသာမက သူတို့အတွက် သခင်ကြီးတွေက သူတို့ကို နတ်ရေကန်ထဲ ချပေးလိုက်သလို၊ ကိုယ့်ကိုတော်သလို၊ ဥုံဖွမန်းပြီး နေ့ချင်းညချင်း သူဌေးထဖြစ်စေလိုက်တာ နည်းနည်းနောနော ကျေးဇူးတရားမှ မဟုတ်တာ။ဒါတွေ တွေ့လေလေ၊ ဒါတွေ တွေးမိလေလေ၊ နာလေလေပဲ။ ဒီလို နာနေရုံနဲ့ မပြီးသေးဘူး။ လူဆိုတာ ကိုယ့်ဘ၀ ကိုယ်ပိုင်တယ်။ ကိုယ့်ဘာသာ ကြိုက်သလို ပြဋ္ဌာန်းခွင့် ရှိတယ်။ သူတို့ကို သခင်လို့ ခေါ်နေမယ့်အစား ကိုယ်ကရော သခင်မဖြစ်နိုင်ဘူးလား။ ကိုယ့်ပြည်ပေါ်ကိုယ်နေ၊ ကိုယ့်ရေကိုယ်သောက်တဲ့ လူမျိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် သခင်လို့ မသတ်မှတ်နိုင်ဘူးလား။ သူများခိုင်းတာမလုပ်။ ကိုယ်ကြိုက်တာ လုပ်မယ်။ သူတို့ဥပဒေဟာ သူတို့အတွက်။ ကိုယ့်ဥပဒေ ကိုယ်ပြဋ္ဌာန်း။ အဲဒါကိုယ့်အတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ့်ဘ၀ ကိုယ်ရွေးချယ်ခွင့်၊ ဒါတွေဟာ သခင်စိတ်ပဲ။ ဒီလို ရဲရဲတောက်အတွေးနဲ့ လွတ်လပ်တဲ့ဘဝကို ရွေးချယ်နိုင်မှ သခင်ဖြစ်မှာ။ တစ်နည်းပြောရင် သခင်စိတ်ရှိမှ သခင်ဖြစ်မှာ။ သခင်လိုကျင့်မှ သခင်ဖြစ်မှာ။ ဒီလိုစိတ်တွေနဲ့ မြန်မာတွေရဲ့ ဘဝကို သခင်ဘဝဖြစ်အောင် တိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ပဲ။ 
သခင်ကိုယ်တော်မှိုင်းဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ရွှေတောင်နယ်၊ ဝါးလည်ရွာမှာ ၁၈၇၅ ခုနှစ်မှာ မွေးဖွားတယ်။ ဆရာကြီး အသက် ၁၀ နှစ်မှာ ဆရာကြီးရဲ့ ဇာတိမာန် နိုင်ငံချစ်စိတ်ကို နှိုးဆွပေးတဲ့ မြင်ကွင်းတစ်ခုကို မျက်ရည်ရစ်ဝဲ၊ စိတ်ထဲ မခံချိမခံသာနဲ့ တွေ့လိုက်ရတယ်။ မြင်ကွင်းက မြန်မာတို့ရဲ့ဦးသျှောင် ဘုရင်သီပေါမင်းကို မျက်နှာဖြူတွေက ကြက်ကလေး ငှက်ကလေးကို ဖမ်းသလို ဖမ်းသွားတဲ့ မြင်ကွင်းပါ။ မြတောင်ကျောင်း လက်ရန်းပေါ်မှ မြင်လိုက်ရတဲ့ ထိုမြင်ကွင်းကို ဆရာကြီးဟာ တစ်သက်တာ မမေ့စရာ ရင်ထဲထိ ငြိစွဲခဲ့တော့တာပဲ။ ဘုရင်ဂေါဝိန်ဆိပ်ကမ်းကို ဆင်းသွားတဲ့ အချိန်ဆရာကြီးဟာ ကျောင်းဦးဘုရားကို သွားတယ်။ ဘုရားကို ရိုသေစွာ ကန်တော့ပြီး “တပည့်တော်က ကမ္ဘာပျက်ခါနီးမှ လူလာဖြစ်ရပါသည်။ ယခု တပည့်တော်တို့လူမျိုး ကျွန်ဖြစ်ခဲ့ပါပြီ။ နောင်ဖြစ်လေရာ ဘဝ၌ ဘုရားတပည့်တော်တို့သည် ကျွန်လူမျိုး၌ မဖြစ်ပါရစေနှင့် ဘုရား” လို့ တိုင်တည်ရင်း ပူဆွေးသောက ရောက်ခဲ့ရတယ်။
သခင်စိတ်ရှိမှ သခင်ဖြစ်မှာ။ သခင်လိုကျင့်မှ သခင်ဖြစ်မှာ။ ဒီလိုစိတ်တွေနဲ့ မြန်မာတွေရဲ့ ဘဝကို သခင်ဘဝဖြစ်အောင် တိုက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ . . . .

၁၀ နှစ်သားကတည်းက ရင်ထဲကိန်းအောင်းနေတဲ့ ဇာတိမာန် စိတ်ဓာတ်ဟာ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ ပထမ သပိတ်မှောက်ကြတဲ့အချိန် ပွင့်ထွက်လာပါတယ်။ အဲဒီအချိန်မှာ သူရိယသတင်းစာတိုက်မှာ ဆောင်ရွက်နေရုံနဲ့ အားမရနိုင်ဘဲ ကျောင်းသားတွေ ပင့်ဖိတ်တဲ့ နေရှင်နယ်ကောလိပ်မှာ မြန်မာဆရာ၊ ရာဇဝင်ဆရာ ဝင်လုပ်တယ်။ သူရိယသတင်းစာတိုက်မှ လခကောင်းကောင်း မရပေမယ့် နိုင်ငံ့အရေး ဖြစ်နေလေတော့ ဆရာကြီးဟာ ချို့ချို့တဲ့တဲ့နဲ့ စာပြပေးတယ်။ ဒီနောက် ၁၉၃၄ ခုနှစ်မှာ တို့ဗမာ အစည်းအရုံးကိုဝင်ပြီး အမည်ရှေ့က ‘မစ္စတာ’ နေရာမှာ ‘သခင်’ ပြောင်းတပ်လိုက်တယ်။ သခင်ဋီကာကိုလည်း စရေးကြတယ်။ သခင်မြ၊ သခင်နု၊ သခင်အောင်ဆန်းတို့နဲ့လည်း တွေ့ကြပြီး နိုင်ငံရေးကို ခြေစုံပစ်ဝင်လိုက်တယ်။ ထိုအချိန်မှစလို့ မောင်လွန်း (ခေါ်) မစ္စတာမောင်မှိုင်းဟာ ‘သခင်ကိုယ်တော်မှိုင်း’ ရယ်လို့ သမိုင်းဝင် အမည်တွင်လာတော့တယ်။ 
သခင်အောင်ဆန်း၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ မကွေးခရိုင် နတ်မောက်တောင်ရွာကြီးတွင် ဖခင်ဦးဖာ၊ မိခင်ဒေါ်စုမှ အငယ်ဆုံးသားအဖြစ် မွေးဖွားလာတယ်။ စနေသားဖြစ်လို့ နေ့သင့်နံသင့် မောင်ထိန်လင်းလို့ အမည်မှည့် ခေါ်ပေမယ့် အစ်ကိုဦးအောင်သန်း အမည်ကို လိုက်ပြီး အောင်ဆန်း အမည်တွင်လာတယ်။ အဲဒီအောင်ဆန်းဟာ စကားဆိုးတယ်။ လောကွတ် မရှိဘူး။ ဟန်မဆောင်တတ်၊ ပရိယာယ် မရှိ။ စကားပြတ်ပြတ်၊ တိုတိုတုတ်တုတ် ပြောလေ့ရှိတယ်။ သူဟာ အသက်ကြီးရင့်လာတာနဲ့အမျှ လူမှုရေးထက် နိုင်ငံရေးကို ပိုလို့ စိတ်အားထက်သန်လာတယ်။ ထိုစိတ်အားထက်သန်မှုကြောင့် တ.က.သ အမှုဆောင် ပြန်ကြားရေးတာဝန်ခံ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ တ.က.သ ဒုတိယဥက္ကဋ္ဌ ပဲခူးဆောင်သဟာယနှင့် စာဖတ်အသင်းဥက္ကဋ္ဌ၊ ဗ.က.သ ဥက္ကဋ္ဌ တာဝန်များကို တက္ကသိုလ်ပညာသင်ရင်း ထမ်းဆောင်ခဲ့တယ်။ ၁၉၃၆ ခုနှစ်မှာ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖြစ် ထမ်းဆောင်နေစဉ် ထိုမဂ္ဂဇင်းပါ ‘ငရဲခွေးကြီး လွတ်နေပြီ’ ပေးစာရေးသူ အမည်ကို ကျောင်းအာဏာပိုင်များက ထုတ်ဖော်ရန် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အောင်ဆန်းက ထုတ်ဖော်မပြောတဲ့အတွက် ကျောင်းထုတ်ခံလိုက်ရတယ်။ ၁၉၃၆ ခုနှစ်မှာ ပဲခူးဆောင် သဟာယအသင်းမှာ အမှုဆောင်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရတယ်။ နောက် အဆောင်ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရတယ်။ အဆောင်ဖွင့်ပွဲနေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပင့်ဖိတ်ပြီး မြန်မာစာယဉ်ကျေးမှုအကြောင်း ဟောပြောစေတယ်။ ဆရာကြီးက နိုင်ငံချစ်စိတ်နဲ့ နိုင်ငံရေးတရားတွေကို သွယ်ဝိုက်ဟောပြောခဲ့တယ်။ သခင်စိတ်ရှိတဲ့ သခင်ကိုယ်တော်မှိုင်းနဲ့ သခင်စိတ်ရှိတဲ့ သခင်အောင်ဆန်းတို့ သခင်ဖြစ်ရေးတိုက်ပွဲမှာ လက်တွဲမိကြပါပြီ။သခင်အောင်ဆန်းကလည်း မဂ္ဂဇင်း သတင်းစာများမှ စာပေရေးသားရင်း ကျွန်စိတ်ပျောက်ဖို့၊ သခင်စိတ်မွေးဖို့ တိုက်တွန်းခဲ့တယ်။ တက္ကသိုလ်ကျောင်းသားများ နိုင်ငံချစ်စိတ်ရှိရန်၊ ကျွန်ပညာရေးကို တိုက်ဖျက်ရန်၊ မကြောက်သင့်သည့်နေရာ ကြောက်၊ မရဲသင့်သည့်နေရာ ရဲနေခြင်းများ ဖျောက်ကြရန်၊ နိုင်ငံခြားသားများကို အထင်မကြီးရန်၊ မကိုးကွယ်မိကြရန် စသဖြင့် သခင်စိတ်ဓာတ် မွေးမြူစေဖို့ လှုံ့ဆော်ခဲ့တယ်။ ထိုသို့ သခင်စိတ် မြင့်မားလာမှုကြောင့် အယူအဆ ကွဲနေသော တို့ဗမာအစည်းအရုံးဝင် ဂိုဏ်းနှစ်ဂိုဏ်းဟာ လွတ်လပ်ရေးအတွက် ပြန်လည်ပေါင်းစည်းလိုက်တယ်။ ထိုအချိန်က မြန်မာပြည်ကြီး လွတ်လပ်ရေးအတွက် အဖွဲ့အစည်းပေါင်းစုံ တက်ညီလက်ညီ ညီညွတ်သောကာလလို့ မှတ်တမ်းဝင်ခဲ့တယ်။ စည်းလုံးခြင်းသည် ခွန်အားဖြစ်ခဲ့ချိန်လို့ ဆိုရမယ်။ 
သခင်စိတ်ရှိမှ သခင်ဖြစ်တယ်သခင်စိတ်ကို အစပျိုးပေးလိုက်တာက တို့ဗမာ အစည်းအရုံး ဖြစ်တယ်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက် သခင်ဘသောင်းရဲ့အိမ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ တို့ဗမာအစည်းအရုံးက သခင်ဆိုသည်မှာ တို့ဗမာဝါဒကို ယုံကြည်လက်ခံသူတိုင်းကို ဆိုလိုသည်လို့ ဖွင့်ဆိုထားတယ်။ ၁၉၃၆-၃၇ ခုနှစ်မှာ သခင်နု၊ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်သိန်းဖေတို့ဟာ သခင်များအဖြစ် ဦးဆောင်ပါဝင်လာတယ်။ ခေတ်ပညာတတ် လူငယ်များ ရှေ့နေများဟာ တို့ဗမာဝါဒ၊ သခင်စိတ်ကို နှစ်ခြိုက်လက်ခံလာကြတယ်။နဂိုစိတ်ဓာတ် အခံရှိထားတဲ့ သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ဟာ ကျွန်ဖြစ်ရတာကို ခါးခါးသီးသီး နာကြည်းခဲ့ကြသလို၊ ငါတို့လည်း သခင်ဖြစ်ရမယ်။ ငါတို့ ပြည်သူလူထုလည်း သခင်ဖြစ်ရမယ်။ လွတ်လပ်ရေးသာ ပထမ၊ လွတ်လပ်ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယဆိုတဲ့ ခိုင်ကျည်တဲ့ အဓိဋ္ဌာန်နဲ့ မြန်မာပြည်ကြီး လွတ်လပ်အောင် ကြိုးပမ်းခဲ့ကြတယ်။ အဲဒီလို ကြိုးပမ်းဖြစ်အောင် အဓိက တွန်းအားက သခင်စိတ်ပဲ ဖြစ်တယ်။ သူ့ကျွန်မခံချင်ရင် ကျွန်စိတ်မရှိမှ။ ကျွန်ဆိုတာ မိမိကိုယ်ပိုင် အသိဉာဏ်နဲ့ မရပ်တည်နိုင်ဘူး။ ခိုင်းမှ လုပ်တတ်တယ်။ ခိုင်းတဲ့ အလုပ်ရဲ့ တန်ဖိုး၊ အမှန်တရား၊ လုပ်လိုက်လို့ ပေါ်ထွက်လာမယ့် အကျိုးကျေးဇူးရဲ့ တရားမျှတမှု၊ ဒါတွေကို မတွေးတတ်၊ မတွေးမိဘဲ မိမိကိုယ်ကျိုး တစ်ခုတည်း ကွက်ကွက်ကလေးပဲ တွေးတတ်၊ တွေးနိုင်သူဟာ ကျွန်စိတ်မှတစ်ပါး အခြားစိတ်တွေးနိုင်မှာ မဟုတ်သလို သခင်စိတ်ဆိုတာ ဝေးနေမှာ အသေအချာပေါ့။ ဒါကြောင့် သခင်စိတ်ဆိုတာ ယခင်ကရော ယခုပါ ထာဝရရင်ထဲမှာ ရှိနေရမယ့် စိတ်ပါ။ မိမိတစ်ဦးချင်းစီက တစ်ဦးတစ်ယောက်ရဲ့ ကျွန်အဖြစ်မခံရဖို့ သတိကပ်ထားပြီး သခင်စိတ်ကို မွေးထားရမယ်။ သခင်စိတ် ပျောက်သွားတာနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကျွန်အဖြစ် သွတ်သွင်းဖို့ ပတ်ဝန်းကျင်တစ်ခုလုံးက အလစ်စောင့်ဆိုင်းနေတယ်ဆိုတာ မမေ့နဲ့။ တံစိုးလက်ဆောင်ကောင်းကောင်း၊ ရာထူးဌာနန္တရကြီးကြီး၊ အိမ်ကြီးကြီး၊ ကားကောင်းကောင်း လိုချင်တာ အကုန်ရမယ်။ ဒါပေမဲ့ သခင်စိတ်တော့ ဖျောက်ခဲ့။သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ဟာ အသက်အားဖြင့် ၃၉ နှစ် ကွာခြားပေမယ့် သီပေါမင်း ပါတော်မူတာကို မျက်မြင်တွေ့ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းနဲ့ ကျွန်ပညာရေးအောက် မလွတ်လပ်တဲ့ဘဝနဲ့ ပညာသင်ခဲ့ရတဲ့ သခင်အောင်ဆန်းတို့ဟာ သခင်စိတ်ကိုယ်စီ ရှိခဲ့ကြလို့ နိုင်ငံရေးမှာ အတူတက်ညီလက်ညီ ပေါင်းစည်း တိုက်ပွဲဝင်ခဲ့ကြတာကြောင့် မြန်မာပြည် လွတ်လပ်ရေးရခဲ့တာ ဖြစ်တယ်။မြန်မာပြည် ထာဝရလွတ်လပ်နေစေချင်ရင် ပြည်သူတိုင်း ကိုယ်စီကိုယ်စီ သခင်စိတ်မွေးကြ။ ကျွန်စိတ်ဖျောက်ကြ။ အမှန်တရားအတွက်၊ တိုင်းပြည်တိုးတက်ဖို့အတွက်၊ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းဖို့အတွက်၊ သခင်နိုင်ငံတော်ကြီး တည်တံ့ဖို့အတွက် သခင်အောင်ဆန်းကဲ့သို့ သခင်စိတ်ကို မွေးကြဖို့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်နေ့မှစလို့ အဓိဋ္ဌာန်ပြုကြပါစို့။