မိန်ရာသီလတပေါင်း

မိန်ရာသီလတပေါင်း
Published 13 February 2015
နီငြိမ်း

“မိန်ရာသီ လတပေါင်းမို့၊ ညှာညောင်း စွန့်ချိန်၊ ညို့ညို့ငယ်ညီးပါလို့၊ ရှို့မီးငယ်ထိန်၊ ဂိမှေပထမ ပုရစ်ဖူးတန် သစ်ထူးဟန် သတာမို့၊ လ,ဘရဂုဏ္ဏီ၊ ယုဂန်လမ်းက ယုန်စန်းငယ်ချီ၊ ရွှေဖီဖူးခိုက်၊ ကြင်သူငယ်ဝေးလင်ရေးမို့၊ လိုက်ခဲ့ရ”
(ဦးကြော့ရေးစုံနံ့သာမြိုင်)
“ရာသီကြက်ဆောင်း၊ လတပေါင်း”
“တပေါင်းသာခေါင်၊ လများနောင်”
“တပေါင်းလည်းကူး မိုးသားကျူး”
“နေ့ပူညချမ်း တပေါင်းလဆန်း”
“မာသခါကောင်း၊ လတပေါင်း”
“ရွှေလျှံတောလုံး၊ အိုင်တုံးမြစ်ခွင်၊
ကြည်စင်ချမ်းမြ၊ တပေါင်းလ”
စသည်ဖြင့် ရှေးစာဆိုတို့ အမှတ်အသား ပြုခဲ့ကြပေသည်။
အဘယ်ကြောင့် တပေါင်းဟု ခေါ်
ထန်းဖိုပင်မှထွက်သည့် ညှပ်ရည်နှင့် ထန်းမပင်မှထွက်သည့် သီးနုရည်တို့ပေါင်း စပ်ကြိုချက်ရသဖြင့် ဘိုးဘွားများခေတ်ကပင် (ထန်းပေါင်းလ) ဟုခေါ်ခဲ့ပါသည်။ ပညာရှိကဝိသူမွန်တို့ကမူ တပံအာတပံ၊ သြဂစ္ဆန္တော၊ ဂစ္ဆတိတပေါင်း ဟုဝိဂြိုဟ်ပြုခဲ့ကြလေသည်။
အဓိပ္ပာယ်သော်ကား တပံအာတပံ = ပူသောနွေရာသီသို့ သြဂစ္ဆန္တော = သက်လျက်၊ ဂစ္ဆတိ = သွားတတ်၏၊ ဣတိတ္တမာ = ထို့ကြောင့် တပေါင်း တပေါင်းမည်၏ဟု အနက်ဖွင့်သော် သင့်နိုးဖွယ်ရာ ရှိပါမည်။
လှေသင်းမင်း ဦးချိန်ကမူ “တပေါင်းလ မြန်မာဘာသာ ခေါ်ကြသည်မှာ “အမရ ကောသအဘိဓာန်ကျမ်း”၊ သဂ္ဂဝဂ်၌ တပသျား ပူပန်ခြင်းကောင်းသော တပေါင်းလ၊ ပဂ္ဂနီကာ ပုဂ္ဂုနပုဏ္ဏမီနှင့် ယှဉ်သောလဟူ၍ ပရိယာယ်များရှိသည်။ ကာလရှည်ညောင်းသော် တပသျားပျက်ယွင်းကာ တပေါင်း = တပေါင်း ဖြစ်လာသည် ယူပါမည်ဟု ဝေါဟာရလီ နတ္ထဒီပနီကျမ်းတွင် ရေးခဲ့လေသည်။
ဦးချိန်ကပင် “မိန်ရာသီ” ဟူသောအသုံး အနှုန်းနှင့် စပ်လျဉ်းကာ၊ ရှေးစာဟောင်းများတွင် (မိနော၊ အနမိနော်ချသော) ဟူသော ပရိယာယ်သုံးမျိုးဖြင့် မိန်ရာသီကို ပြခဲ့၏။ ထိုပရိယာယ်အားလုံးပင် ငါးသတ္တဝါကိုဆိုလိုကြောင်း ငါးကြင်းပွတ်အဆင်း သဏ္ဌာန်နှင့် တူသောရာသီ၊ ငါးတို့ရွှင်မြူးသော ရာသီဖြစ်၍ မိန်ရာသီဖြစ်ကြောင်း ရေးမှတ်ထားခဲ့သည်။
ဖလဂုနီနက္ခတ်
ထိုမိန်ရာသီလ တပေါင်းတွင် ဖလဂုနီနက္ခတ်သည် လမင်းနှင့်ယှဉ်လျက် ကောင်းကင်၌ ထွန်းပသည် zvH = အကျိုးစီးပွားကို၊ ဂဏှာပေတိ = ယူစေတတ်၏၊ ဣတိ တသ္မာ = ထို့ကြောင့် ဖလဂုနီ = ဖလဂုနီ မည်၏ဟု ဝိဂြိုဟ်ပြုကြသည်နှင့် အားလျော်စွာ ထိုနက္ခမှာ အကျိုးစီးပွားကို ဆောင်စေတတ်ခြင်း (ဝါ) ယူစေတတ်ခြင်းသဘော သဘာဝရှိကြောင်း ရှေးစာဟောင်းများတွင် ဆိုသည်။
ဖလဂုနီနက္ခတ်တွင် ပြုဗ္ဗာဖလဂုနီ၊ ဥတ္တရာဖလဂုနီဟူ၍ နှစ်မျိုးနှစ်ထွေရှိသည်။ နက္ခတ်တစ်မျိုးတွင် လုံးရေနှစ်ခုရှိပြီး ပေါင်းလျှင် လေးလုံးဖြစ်လာ၏။ သွင်ပြင်မှာ နွားလားဥဿဖသဏ္ဌာန်၊ ညောင်စောင်းခြေလေး ခုသဏ္ဌာန်၊ လှည်းဦးကင်းသဏ္ဌာန်၊ နွားမသဏ္ဌာန်ရှိကြောင်း နက္ခတ်ကျမ်းအစောင်စောင်၌ ကွဲလွဲစွာ ဆိုကုန်သည်။
တပေါင်းလ၏ ထူးခြားချက်မှာ
မြတ်စွာဗုဒ္ဓသည် ဘုရားစင်စစ်ဧကန် ဖြစ်တော်မူပြီး မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးအား တရားထူးများ ဟောခဲ့ပါသည်။ ထို့နောက် ရာဇဂြိုဟ်ပြည်အနှံ့ခရီးဆန့်ကာ တရားဓမ္မများ ဟောကြားခဲ့သည်။ သို့အတွက် ဘုရားရှင်မှာ ကပိလဝတ်ပြည်သို့ကြွမြန်း တော်မမူနိုင်ခဲ့ပါ။
သုဒ္ဓေါဒနမင်းကြီးမှာမူ သားဘုရားကို သာ မျှော်မှန်းတမ်းတလျက်ရှိ၏။ သို့အတွက် အမတ်လိမ္မာတစ်ဦးကို အခြွေအရံတစ်ထောင်နှင့် စေလွှတ်၍ အပင့်ခိုင်းသည်။ မြတ်စွာဘုရားမှာ လိုက်ပါလာခြင်းမရှိခဲ့။ ဒုတိယမ္ပိ၊ တတိယမ္ပိအမတ်များနှင့် ခြွေရံသင်းပင်းတစ် ထောင်စီလွှတ်သော်လည်း သားဘုရားမှာ ပါလာခြင်း မရှိခဲ့ပါ။ အမတ်အားလုံး ရဟန်း ဖြစ်ကုန်သည်။
ဆယ်ကြိမ်မြောက်တွင် ဖွားဖက်တော် ကာဠုဒါယီကို လွှတ်လိုက်သည်။ ကာဠုဒါယီမှာလည်း ဧဟိဘိက္ခုခေါ်၍ ရဟန္တာဖြစ်ခဲ့သည်။ သက္ကရာဇ် ၁၃ဝ ပြည့်နှစ်၊ တပေါင်းလပြည့် ကြာသပတေးနေ့တွင် ကာဠုဒါယီ ရဟန္တာသည် လတပေါင်း၏ သာမောဖွယ်ရာများကို ၆၄ ဂါထာဖြင့် လျှောက်ထားရာ ဘုရားရှင်လည်း ကပိလဝတ်သို့ ကြွခဲ့လေသည်။ ဤသည်ကို စာဆိုတော်ကြီးဦးပုညက
“ဖြေမရဲပ ကြေကွဲကြုံအောင်၊ ငွေသဲ စိန်မှုံ စေတီဆင့်လို့၊ ဘရဂုဏ်နှင့် ယုန်ပွင့်ချိန်ခါ၊ မိန်ဦးသာတင့်ဆွ၊ ကာဠုဒါ့ ကြောက်ဖွယ် လျာ ငယ် ခြောက်ဆယ်ဂါထာသီကုံး ပေးရလေး” ဟု စပ်ဆိုထားခဲ့သည်။ သို့အတွက် ဘုရားရှင် ကပိလဝတ်သို့ ကြွသောလဖြစ်၍ တပေါင်းလမှာ မာသခါကောင်း - လတပေါင်း ဖြစ်ခဲ့ရလေသည်။
သဲပုံစေတီပွဲကျင်းပသော်
တပေါင်းလကို ရှေးကပင် သဲပုံစေတီ ပွဲကျင်းပသောလအဖြစ် သတ်မှတ်ခဲ့ပါသည်။ ဖြစ်ပေါ်လာပုံအကျဉ်းမှာ တင်ပြပါမည်။ ရှေးအတီတေက အမရိက မည်သောမြစ်ကမ်း နဖူးတွင် နာရဒရသေ့ကြီးသည် တပည့်ငါးရာ နှင့် တရားအားထုတ်ကာ သဲပုံစေတီကိုတည်ခဲ့ သည်။ တပည့်တို့က အကျိုးမဖြစ်သောအလုပ်ကို လုပ်၏ဟုစွပ်စွဲ၏။ ငါကားအကျိုးမရှိသော အလုပ်ကိုလုပ်ခြင်းမဟုတ်။ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးသော ဘုရားရှင်တို့၏ ဂုဏ်တော် ကျေးဇူးတော်များကို ရည်မျှော်၍ဤသို့ သဲပုံစေတီပြုကာ ဝတ်ပြုခြင်းဖြစ်သည်ဟု ပြောလိုက်ကြောင်း တပည့်များလည်း ဆရာရသေ့ကြီးနည်းတူ သဲပုံစေတီများ ပြုလုပ်ကိုးကွယ်ရာမှစတင်၍ သဲပုံပွဲဖြစ်ခဲ့ ကြလေသည်။ သို့အတွက် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပင် သဲပုံပွဲပေါ်ခဲ့ကြောင်း တွေ့ရှိရ၏။
တပေါင်းလဆိုင်ရာရာသီဖွဲ့များ
မဟာအတုလမင်းကြီး၏လွမ်းချင်း
“မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းရယ် တဲ့ ရွှေဖီဝတ်မှုန်ငယ်စီသည်၊ မြစ်နဒီသောင်တခိုက မောင်မယ်ညို မြူးပြန်တော့တယ်လေး၊ ရာသီမိန်ငယ် ဂိမာန်ရက်ပြောင်း လတပေါင်းမို့၊ ရွက်ဟောင်းကြွေကာ ဥတ္တရာနှင့် ကြယ်မှာ ဘဒြာပိုဒ်လေးချက်ချိန်ကို တိမ်ညိုဆိုက်လို့ စရိုက်ကယ်ဖွေရှာ ကိုတံငါလည်း ဘာသာဒေါင်ဒင် ပျော်မြူးကာ ရွှင်တော့တယ်။ သဘင်လခါမှီကို သဲစေတီ သောင်ကမ်းက လွမ်းလှတယ်လေး”
ဉာဏ်မခိုင် ဈာန်ယိုင်လျှော
ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်၊
သဇင်ကြွင်းငယ်နှင့် အင်ကြင်း
သန္တာညွန့်ငယ်တို့        
ဖူးကျန်ကိုက်စီ
အမရာရွှေပိတုန်းငယ်တို့
ခြွေသုံးကြဝတ်ရည်
ညွတ်ကြည်ဖွယ်ဖော်ကွဲ၊
ယင်းသည့် နေ့ဆိုင်ရသေ့သူတော်တိုင်မှ
Óဏ်မခိုင်ဈာန် ယိုင်လျှောရတယ်။
ရာသီတွင်စာညီဖြေပေးပါ့
ပြော၍သာမြဲ
ဟူ၍ဖြစ်ပါသည်။ နိဂုံးအနေဖြင့် စာဆိုတော်မယ်ခွေ၏ မိန်ရာသီအဲချင်းကို ဖော်ပြပါမည်။
မယ်ခွေ၏မိန်ရာသီအဲချင်း
ကသိုဏ်းငယ်မှ ညိုညိုလေ၊
ကြယ်ရေဝတီ နယ်သိဂÐမှာ နာရီငါးရပ်
သုညပါဒ်နှင့်
ရဟတ်ကယ်ဆင်ဟန်ရေးပြင်
တောင်တွင်မြင်းမိုရ်ငယ်နှင့်လေး
နွေဦးငယ်မှတိမ်းစ၊
တောတောင်က တစ်လီ
မှိုင်းဝေရီနှင့်
ကတåီပါပေါင်းရွက်တစ်သောင်း
ရွက်ဟောင်းကြွေကျ၊
မြေမှာခလို့
ငှက်ကျေးငယ်ချေသည်၊
တောင်လေပြည်မုန်တိုင်းနှင့်
ရေလှိုင်းသံတိုး။
သို့သည်လကို၊
မရရင်ငွေ့ တကိုယ်လေ့မို့
မွေ့မွေ့သိမ်သိမ်၊
ကြည်နူးရန်ကြိမ်လိမ့် မယ်၊
မိန်ရာသီလတပေါင်းမို့
တသောင်းလုံး စိတ်ငယ်အောင်
ပတ်လည်မှာမှုန်ရီမှိုင်းပါလို့
မျှော်တိုင်းညိုး။
မောင်ဖေငယ်၏နွေဘွဲ့တေးထပ်
သည်ရာသီ နွေပေါက်ရင်ဖြင့်
သေမလောက်ကြောက်တယ်။
ဖေတစ်ယောက်အားငယ်လို့
ထောက်ကွယ်လို့ ရှုစမ်း၊
နေခြည်ပြောက်တစ်ပွင့်ပူရင်
ခင့်လူမှာ သုံးနှစ်မလန်း။
သစ္စာကြွေစက်ညောင်မှာ
မှေးမျက်တောင်ယှက်သန်း၊
တကိုယ်ရေဆောင်ခန်းမှာလ
လောင်ခမန်းအိုက်တယ်။
နေမရွှင် ဖေခင်လူးရ၊ ရွှေသင်ဖျူး
ခင်းပေးပါ့ကွယ်။
ချွေးရုန့်ဆွေးမှု ကြွယ်တယ်။
လေးပုမယ်ရင်မလို့
ဆင်သတဲ့ဖဲပွင့်ပုဝါ ဆွဲခွင့်မသာ၊
ငိုလိုလုမျက်နှာကို သက်သာအောင်
ယှပ်လှဲ့ပါလေး ဟုတောင်သမန်စား မောင်ဖေငယ်ကလည်း တပေါင်းနွေ၏အကြောင်း အထွေထွေကို ကဗျာသီစာစီခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။
ကျမ်းကိုး
- မြန်မာစာညွန့်ပေါင်းကျမ်း (စတုတ္ထတွဲ)
- စာပေဝတ်ဆံ (ဒဂုန်နတ်သျှင်)
- ဝေါဟာရလီနတ္ထဒီပနီ (ဦးချိန်)
- စာဆိုတော်များ၏ရတုပေါင်းချုပ်