ပြည်ထောင်စုကို ညီအောင်ပြုကြမှသာ

ပြည်ထောင်စုကို ညီအောင်ပြုကြမှသာ
Published 12 February 2015
မောင်ဆွေဝင်း (ပဲခူး)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်  ၂၂ ဦးတို့သည် ပြည်ထောင်စုကို ညီအောင်ပြုကြသည့် စာချုပ်တစ်ရပ်ကို စိတ်တူသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနေ့ ကို “ပြည်ထောင်စုနေ့” ဟုသတ်မှတ်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၆၈ နှစ်မြောက် ရှိလာပြီဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာပြည်ကို ပြည်နယ် ပြည်မခွဲခြား၍ သွေးခွဲစနစ်ဖြင့် သွေးခွဲအုပ်ချုပ်လိုသေးသော နယ်ချဲ့ဗြိတိသျှတို့၏ နည်းပရိယာယ် ကျဆုံးသွားသောနေ့ဟုလည်း ဆိုနိုင်သည်။  ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေး၏ အရုဏ်ဦးလည်း ဖြစ်သည်။ အကြောင်းမှာ ပင်လုံစာချုပ် ချုပ်ဆိုအပြီး နောက်တစ်နှစ်ဖြစ်သော ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ် ခံ့ညားထည်ဝါစွာ ပေါ်ထွန်းလာခြင်းကြောင့်တည်း။
 
သို့တိုင် “ပြည်ထောင်စု” (Union) ဖြစ်လာရေးမှာကား လွယ်ကူခဲ့သည် မဟုတ်။ ဗြိတိသျှတို့က လွတ်လပ်ရေးတောင်းလာသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား ပြည်နယ် တောင်တန်းဒေသမှ တိုင်းရင်းသားတို့ သဘောတူ မတူ မေးခွန်းထုတ်ခဲ့သည်မှ အခက်အခဲက စတင်ခဲ့ခြင်း ဖြစ်သည်။ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ်တို့အဖွဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်နေစဉ် မြန်မာပြည်မှ ကပျက်ယပျက်ခေါင်းဆောင်အချို့က ဗိုလ်ချုပ်အောင်ဆန်းမှာ တိုင်းရင်းသားအားလုံး၏ ခေါင်းဆောင် မဟုတ်ကြောင်း ကြေးနန်းစာတစ်စောင် ရောက်လာသည်။ နယ်ချဲ့ ဗြိတိသျှတို့အကြိုက် ကြေးနန်းဖြစ်၏။ ယင်းအခြေအနေတွင် ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၇ ရက်၌ တိုင်းရင်းသားခေါင်းဆောင်များက အင်္ဂလန်သို့ အောက်ပါအတိုင်း စာပို့ခဲ့သည်။
 
(၁) မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်လျှင် ချင်း၊ ကချင်၊ ကရင်၊ ကယားများ၏ လွတ်လပ်ရေးကို လျင်မြန်စွာရမည်ဟု ယုံကြည်ကြောင်း၊
 
(၂) ဒီမိုကရေစီစနစ်အရ မြန်မာတို့ကို လွတ်လပ်ရေးပေးလျှင် တိုင်းရင်းသားများကိုလည်း တန်းတူအခွင့်အရေးပေးဖို့လိုကြောင်း
 
(၃) ရှမ်း၊ ကရင်၊ ကချင်၊ ချင်းခေါင်းဆောင်များက ကာကွယ်ရေး၊ နိုင်ငံခြားဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း  အားလုံးတွင် မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊
 
ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် အောင်ဆန်း-အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရန် လက်တစ်ကမ်းသာ လိုတော့သည့် အရေးကြီးအချိန်မှာပင် ညီညွတ်မှု မရှိကြခြင်းက ပေါ်လာသေးသည်ကို သတိပြုရပါလိမ့်မည်။  ပြည်နယ် ပြည်မနှင့်တောင်တန်းဒေသများ လက်တွဲညီညီ စည်းလုံးနေမှသာ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် လွတ်လပ်ရေးရမည်ကို ဗိုလ်ချုပ်က ကောင်းကောင်းကြီးတွက်ဆပြီး ဖြစ်ဟန်တူပါသည်။ ထို့ကြောင့် အင်္ဂလန်မှ ပြန်လာပြီး မြန်မာပြည်ပြန်ရောက်လျှင်ပင် ဗိုလ်ချုပ်သည် ဦးတင်ထွတ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်လေးတို့နှင့်အတူ ရှမ်းပြည်နယ်သို့ ခရီးထွက်သည်။ ပြည်ထောင်စုအတွက် ညီအောင်ပြုရန် ဖြစ်၏။ ၁၉၄၇ ဖေဖော်ဝါရီလ ၈ ရက်၌ ဗြိတိသျှအရာရှိများလည်း စုံညီစွာ တက်ရောက်ခဲ့သည့် စုံညီအစည်းအဝေးတွင် ပြည်ထောင်စုနှင့် ပတ်သက်၍ ဗိုလ်ချုပ်က အောက်ပါအတိုင်း ပြတ်သားစွာပြောကြားခဲ့သည်။
 
(၁) ဘိလပ်မှာ အကျေအလည် ဆွေးနွေးနိုင်ခဲ့သဖြင့် မြန်မာပြည်လွတ်လပ်ရေးရတော့မည်မှာ သေချာကြောင်း။
 
(၂) သို့တစေ၊ တောင်တန်းသားများကိစ္စမှာ ကျန်နေသေးကြောင်း၊ ဗြိတိသျှတို့ ကဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ချန်ထားလျှင် လွတ်လပ်ရေးအစစ်အမှန်ဟု မခေါ်နိုင်ကြောင်း၊ တောင်တန်းမြေပြန့် မခွဲခြားဘဲ ပြိုင်တူလွတ်လပ်ရေးပေးရန် လိုကြောင်း။
 
(၃) ဗြိတိသျှတို့က တောင်တန်းဒေသကို ဆက်လက်ချုပ်ကိုင်လိုသဖြင့် တိုင်းရင်းသားများအား လွတ်လပ်ရေးပေးရန် စောနေသေးကြောင်း ပြောဆိုချက်ကို မိမိအနေဖြင့် လက်မခံကြောင်း။
 
(၄) မြန်မာတို့က ဗြိတိသျှတို့၏ ကျွန်အဖြစ် မနေချင်သလို တောင်တန်းသားများကလည်း လုံးဝမနေလိုကြကြောင်း။
 
(၅) တောင်တန်းဒေသ စီမံခန့်ခွဲရေးကို တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ကောင်စီဖြင့် ဆောင်ရွက်သင့်ကြောင်း။
 
(၆) ဗြိတိသျှတို့က မြန်မာပြည်ကို ကြာရှည်စွာ ချုပ်ကိုင်မထားသင့်ဘဲ ကမ္ဘာ့အခြေအနေအရ လွတ်လပ်ရေးပေးသင့်ပြီ ဖြစ်ကြောင်း၊ ထိုသို့လွတ်လပ်ရေးပေးရာတွင်  အဖြူအမည်း မခွဲခြားဘဲ တောင်တန်းများကိုပါ လွတ်လပ်ရေးပေးရမည် ဖြစ်ကြောင်း။
 
ပင်လုံစာချုပ်သည် အောင်ဆန်း-အက်တလီစာချုပ်ကို ရှင်းလင်းပြတ်သားစေခဲ့ပြီး လုံးဝလွတ်လပ်ရေးရရှိရေးအတွက် အခိုင်မာဆုံးသော အုတ်မြစ်လည်း ဖြစ်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ပင်လုံစိတ်ဓာတ်ကို တိုင်းရင်းသားအချို့ ဥပေက္ခာပြုခဲ့ကြခြင်း ဖြစ်၏။ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်နေခြင်းအတွက် ဂုဏ်ယူစရာမဟုတ်ချေ။ လွတ်လပ်ရေးရသည်မှစ၍ ပြည်တွင်းသောင်းကျန်းမှုများ မည်မျှများပြားခဲ့သနည်းဆိုလျှင် ရောင်စုံသူပုန် ထကြသည်ဟု ကင်ပွန်းတပ်ရသည်အထိ ဖြစ်ခဲ့သည်။
 
ဗိုလ်ချုပ်အောင်ဆန်း အသက်ပေး၍ စွမ်းဆောင်ပေးခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံသည် ညီညွတ်မှုမရှိခဲ့သဖြင့် လည်းကောင်း အာဏာရှင်အစိုးရများ နှစ်ရှည်လများ ကြီးစိုးခဲ့၍လည်ကောင်း အဆင်းရဲဆုံးနိုင်ငံစာရင်းပင် ဝင်သွားခဲ့ရသည်မှာ ယုံတမ်းစကား မဟုတ်ချေ။ 
ဗိုလ်ချုပ်မွေးနေ့ နှစ် (၁ဝဝ) ပြည့် ခရီးတွင် လက်နက်ကိုင်သောင်းကျန်းမှုများ ချုပ်ငြိမ်းသွားမည်ဆိုပါက ဗိုလ်ချုပ်အား ကျေးဇူးဆပ်ရာရောက်ပါလိမ့်မည်။

Most Read

Most Recent