အမှားကိုဝန်ခံသော ခေါင်းဆောင်

အမှားကိုဝန်ခံသော ခေါင်းဆောင်
Published 12 February 2015
မောင်သိန်းညွန့် (ကော့ကရိတ်)

ကျောင်းသားဘဝမှ ယနေ့အထိ ခေါင်းဆောင်ဆိုသူ တော်တော်များများနှင့် ကျွန်တော် ပတ်သက်ခဲ့ဖူးပါသည်။ အနီးကြည့် အဝေးကြည့်ခဲ့ရ၍ အဲဒီခေါင်းဆောင်ဆိုသူများ၏ ရပ်တည်ချက်နှင့်လုပ်ဟန်များကို ထဲထဲဝင်ဝင် လေ့လာခွင့်ရခဲ့ပါသည်။
 
မိမိသိကျွမ်းခဲ့သော ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များကို အကဲခတ်ခွင့် စံတစ်ခုအနေဖြင့် အဲဒီခေါင်းဆောင်များသည် မိမိ၏ ချို့ယွင်းချက်များ၊ အမှားများကို ဘယ်ကဲ့သို့ သဘောထားပါသနည်း။ အခြားသူများ၏ ချို့ယွင်းချက်နှင့် အမှားများကို ဝေဖန်ရာတွင်လည်း နှုတ်စွာသကဲ့သို့ မိမိ၏ အားနည်းချက်များကိုသုံးသပ်ရာတွင် အဘယ်မျှအသံတိတ်နေကြပါသလဲ။ ထိုသူများသည် လူသိရှင်ကြား မိမိ၏အမှားကို ဝန်မခံဘဲ ဘယ်ကဲ့သို့ ရှောင်တိမ်းသည်ကိုလည်း သတိချပ်မိပါသည်။
 
တချို့တချို့  တော်တော်များများ ခေါင်းဆောင်ဆိုသူများသည် မိမိ၏ ချို့ယွင်းချက်နှင့် အမှားများကို အခြားသူက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်လာလျှင်လည်း လက်မခံပါ။ ထိုသူများအဖို့ ဝေဖန်ရေးနှင့် ကိုယ့် ကိုယ်ကိုယ်ဝေဖန်ရေး မရှိသဖြင့် မိမိ၏ အမှားကိုလည်း မမြင်၊ အမှားကို လက်ခံ၍ အများပြည်သူရှေ့၌ ဝန်ခံရန်ကား ပို၍ပို၍ အလှမ်းဝေးပါသည်။
 
ယနေ့အထိ ကျွန်တော်တို့ စံပြုလေးစားနေရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကား အဲဒီခေါင်းဆောင်ဆိုသူများကဲ့သို့ မဟုတ်ပါ။ မိမိ၏ အမှားချို့ယွင်းချက်များကို ရဲဝံ့စွာ ဝန်ခံဝံ့သော စိတ်ဓာတ်ရှိသူ ခေါင်းဆောင်ကောင်း ဖြစ်ပါသည်။
 
သာဓကဖြစ်ရပ်များကို “ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အပြုအမူနှင့် ဩဝါဒများ” စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
 
“တာရာမဂ္ဂဇင်း ပထမဆုံးစာစောင်တွင် စာရေးဆရာဒဂုန်တာရာက အောင်ဆန်းသို့ မဟုတ် အရိုင်းဟူသောခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးတစ်စောင်ရေးခဲ့၏။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ်ဖြစ်၏။ ထိုဆောင်းပါးတွင် အောင်ဆန်းသည် တက္ကသိုလ်အစည်းအဝေးသမဂ္ဂတစ်ခု၌ ညိုမြ (အိုးဝေ) နှင့် အငြင်းအခုံဖြစ်ကာ ညိုမြအား တော်တော်ပြောပစ်လိုက်ကာ နောက်တစ်ပတ်လောက်ကြာသောအခါ မိမိ၏ အမှားသိလာ၍ ညိုမြအပေါ် ပြောမိသောစကားများကို ပြန်လည်ရုပ်သိမ်းပါကြောင်း ကျောင်းသားထုသို့ ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို အောက်ပါအတိုင် ရေးသားဖော်ပြထားပါသည်။”
 
“ကုလားဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဘမော်၏ တက္ကသိုလ်ဥပဒေပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ (အိုးဝေ) ညိုမြ (အမေရိကန်ပြန်) အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်း ညိုမြကို ဒေါပွကာ ဥက္ကဠ ကုလားထိုင်မှနေ ညိုမြအတင်းကို အတော်ပြောလိုက်၏။ ဒီလို စိတ်လိုက်မာန်ပါပြောပြီး နောက်တစ်ပတ်လောက်ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုတ်ချပါသောစကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာစာကို တက္ကသိုလ်ကျောင်းအသီးသီးတွင် ထွက်ပေါ်လာ၏။”
 
“ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂဥက္ကဠအဖြစ် ဆောင်ရွက်နေစဉ် သူ၏လုပ်ဖော်ကိုင်ဖက် အပေါင်းအဖော်များနှင့် မကြာခဏဆိုသလိုပင် သဘောကွဲလွဲတတ်၏။ အငြင်းအခုံဖြစ်ပွားတတ်၏။ ကိုအောင်ဆန်းတွင် မိမိမှန်သည်ဟုယူဆကာ ဇွတ်ပြောတတ် လုပ်တတ်သော ဝါသနာရှိ၏။ ဤအချက်ကိုပင် သူ၏ ရဲဘော်ရဲဘက်များက သူသည် ဆရာလုပ်သည် အပေါ်စီးကပြောသည်ဟု အထင်ရှိတတ်ကြ၏။ သူတို့က ဤအချက်ကို ဝိုင်း၍ စွပ်စွဲသောအခါ ကိုအောင်ဆန်းက မသွယ်မဝိုက်ပင် ရှင်းရှင်းဝန်ခံခဲ့ဖူးကြောင်းကို ဗိုလ်လကျ်ာ (သခင်လှဖေ) ရေး အောင်ဆန်းအကြောင်း သိကောင်းစရာဟူသော ဆောင်းပါးတွင် အောက်ပါအတိုင်း တွေ့ရပေသည်။”
 
“သူ သမဂ္ဂလုပ်စဉ်အတွင်း တချိန်တွင် အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်တချို့နှင့် ပဋိပက္ခ ဖြစ်၏။ ထုံးစံအတိုင်းပင် ကိုကြီးနုထံသို့ ဖြေရှင်းပေးရန် ချဉ်းကပ်ကြ၏။ နှစ်ဦးနှစ်ဖက်စလုံးသည် မိမိတို့၏ အမြင်များကို တင်ပြကြသည်။ အဖွဲ့ဝင်များဘက်မှ အောင်ဆန်းသည် ဆက်ဆံရာ၌ မောက်မာကြောင်း ဇွတ်လုပ်ကြောင်း၊ တင်စီးကြောင်း၊ လူထုနှင့် ဆက်ဆံရာတွင် ပြေပြစ်မည်မဟုတ်ကြောင်း နှင့် အချို့သော အဖွဲ့အစည်းများကမူ အောင်ဆန်းနေရာတွင် လူစားခန့်ရန်ကိုပင် တင်ပြကြပေသည်။ အောင်ဆန်းသည် ငြိမ်၍ နားထောင်နေရာမှ “အားလုံးကို ကျုပ်ဝန်ခံတယ်” ဟု ရှင်းရှင်းပင် အဖြေပေးလိုက်၏။ ဤတွင် အောင်ဆန်း၏ ရိုးသားမှုနှင့်စေတနာကို မည်သူမျှသံသယရှိနိုင်စွမ်း မရှိတော့ချေ။
 
“ဗိုလ်လကျ်ာကပင် ထိုဆောင်းပါး၌ ဆက်လက်ဖော်ပြထားသည်မှာ ၁၉၃၆ ခုနှစ် ကျောင်းသားများသပိတ်ကြီးအတွင်း တစ်နေ့တွင် ကိုအောင်ဆန်း၌ အင်္ဂလိပ်ပါမောက္ခ Mr. Rhodes နှင့်သွားရောက်တွေ့ဆုံရန်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့သည်။ ကိုအောင်ဆန်းသည် ပါမောက္ခ Mr. Rhodes ထံသို့ သွားရောက်တွေ့ဆုံရာ၌ ကိုလှဖေ (ဗိုလ်လကျ်ာ) ကိုလည်း ခေါ်သွား၏။ သူတို့နှစ်ဦးသည် ပါမောက္ခနှင့် တွေ့ဆုံစကားပြောကြပြီးနောက် ပြန်လာခဲ့ကြ၏။ လမ်းတွင် ကိုအောင်ဆန်းက “ကိုလှဖေ ခင်ဗျားပါမောက္ခပြောတာ အကုန်နားလည်ရဲ့လား” ဟု ရှင်းရှင်းပင် မေးတော့၏။ ကိုလှဖေကလည်း “ ယေဘုယျသဘောလောက်တော့ နားလည်ပါတယ်” ဟု ပြန်ပြောလိုက်သည်။ ထိုအခါ ကိုအောင်ဆန်းက “အေးဗျာ ကျုပ်လဲ ကောင်းကောင်းကို နားမလည်လိုက်ပါဘူး။ ကျုပ်တို့ဟာ တကယ့်ကို ညံ့သေးတာပဲဗျို့။ ရှေ့လျှောက် အများကြီး လေ့ကျင့်ရဦးမှာပဲ” ဟု သူနားမလည်ကြောင်းကို ဝန်ခံရင်း ညည်းတွားလိုက်တော့၏။ ဤနေရာမျိုး၌ ခေတ်ပညာတတ်အမည်ခံ ပုဂ္ဂိုလ်များသည် အများအားဖြင့် ဝန်ခံလေ့မရှိကြချေ။ နားမလည်သော်လည်း နားလည်သယောင် ပြုတတ်ကြ၏။ မိမိကို အထင်သေးမည်စိုးသောကြောင့် နားမလည်ဟု ထုတ်ဖော်ပြောရန် (သို့မဟုတ်) မေးရန် စမ်းရန် အထူးဝန်လေးတတ်၏။ လွဲမှားသောဟန်လုပ်ခြင်း တစ်ရပ်ပင်။
 
ချို့ယွင်းချက်နှင့် အမှားကိုဝန်ခံခြင်းသည် ကိုယ့် ကိုယ်ကိုယ်ဝေဖန်ရေး အလေးထားသူများသာ စွမ်းဆောင်နိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘယ်လိုခေါင်းဆောင်မျိုး ဖြစ်သည်ကို “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၁၅-၁၉၄၇” စာအုပ်၌ အောက်ပါအတိုင်း သုံးသပ်ရေးသားခဲ့ပါသည်။
 
“သခင်အောင်ဆန်းသည် ဝေဖန်ဆန်းစစ်တတ်သူ ဖြစ်သည်။ သခင်အောင်ဆန်းပြုစုသည့် မော်လမြိုင်ညီလာခံ မှတ်တမ်းတွင် အစည်းအရုံး၏ ပျော့ကွက်ဟာကွက်အချို့ ကို ထောက်ပြလျက် အစည်းအရုံးအကြောင်းများကို ငါတို့ဖော်ပြရခြင်းသည် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းချင်၍ မဟုတ်။ ငါတို့၏ ချို့ယွင်းချက်များကို မထိမ်ဝှက်ပဲ သိမှသာ ငါတို့ပြုပြင်နိုင်မည်။ မိမိအမှားကို ဝန်ခံရဲသူသည် ပညာရှိမည်၏ဟု ဗမာစကားပင်ရှိသည် မဟုတ်လော အမှားသိမှ အမှန်မြင်နိုင်ပေမည်ဟု ရေးသားဖော်ပြခဲ့လေသည်။”
 
ချုပ်၍ တင်ပြရလျှင် ယနေ့နိုင်ငံတော်၏ ကံကြမ္မာကို ဖန်တီးနေသော ခေါင်းဆောင်ဆိုသူများသည် “ဗိုလ်ချုပ်ရာပြည့်” နှစ်အခါသမယတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မိမိ၏ ချို့ယွင်းချက်နှင့် အမှားကိုဝန်ခံရဲသော ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။