မူလတန်ဖိုးထက် ပိုကြီးမားသော ဆုံးရှုံးမှု

မူလတန်ဖိုးထက် ပိုကြီးမားသော ဆုံးရှုံးမှု
Published 11 February 2015
အေသင်ဇော်ဇော်

လူရယ်လို့ တံဆိပ်ကပ်လိုက်ပြီး ကမ္ဘာကြီးထဲကို ပစ်ချလိုက်ကတည်းက ကျွန်တော်တို့မှာ ဆုံးရှုံးရမယ့်အရာ အပုံအပင်ကို သယ်ဆောင်လာခဲ့ပြီးသား။ အဲဒီဆုံးရှုံးစရာတွေက ကျွန်တော်တို့ရဲ့ဘဝတွေထဲမှာ အချိန်မရွေး၊ နေရာမရွေး၊ ပုံစံမရွေးနဲ့ တွယ်ကပ်လိုက်ပါ လာကြတယ်။ ကျွန်တော်တို့တွေဟာ ပိုက်ဆံပျောက်မယ်။ အသည်းကွဲမယ်။ ချစ်ခင်သူတွေနဲ့ ဝေးရမယ်။ သူတို့ သေဆုံးတာနဲ့လည်း ကြုံရမယ်။ ကိုယ်လည်း တစ်နေ့ သေရမယ်။
 
ဆုံးရှုံးမှုတွေဟာ ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ မလိုချင်ဘူးဆိုပေမယ့် ရှောင်လွှဲဖို့ မဖြစ်နိုင်လောက်တဲ့ အားအင်မျိုးတွေနဲ့ ကျွန်တော်တို့ဆီ ပုံမှန်၊ ဖြည်းဖြည်း၊ မှန်မှန်၊ မြန်မြန်ကြွရောက်လာလေ့ ရှိပါတယ်။ ဒီလို လာရောက်ကြတဲ့အခါ တချို့ဆုံးရှုံးမှုတွေဟာ မူလဆုံးရှုံးမှုထက် ပိုပြီးတန်ဖိုးကြီးမားနေတာကို တွေ့ရတယ်။ ဘယ်လိုဆုံးရှုံးမှုမျိုးတွေလဲ။
 
 တကယ်လို့ လူတစ်ယောက်ဟာ သူအရမ်းယုံကြည်တဲ့ပတ်ဝန်းကျင်မှာ သူမမျှော်လင့်တဲ့အရာတစ်ခု ကြုံလိုက်ရတယ်ဆိုပါတော့။ ဥပမာ ပစ္စည်းတွေကို ဘယ်လိုထားထား မပျောက်ဘူးလို့ သူယုံကြည်နေတဲ့ နေရာတစ်ခုမှာ ပစ္စည်းအခိုးခံလိုက်ရတယ်ပေါ့။ သူ ဘယ်လိုခံစားရမယ် ထင်လဲ။ အဲဒါဟာ ပျောက်သွားတဲ့ပစ္စည်းရဲ့ တန်ဖိုးနဲ့အတူ သူယုံကြည်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုပါ ပျောက်ဆုံးသွားရတာ ဖြစ်တယ်။ သူ့စိတ်ဟာ ခဲမှန်ဖူးတဲ့ စာသူငယ်ဖြစ်သွားရတယ်။ သူဟာ အဲဒီပတ်ဝန်းကျင်ကို အရင်ကလို နှလုံးသားနဲ့ကြည့်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့အတွက် ဂုဏ်ယူစရာကောင်းတဲ့ ပတ်ဝန်းကျင်ဟာလည်း တန်ဖိုးမဲ့သလို ဖြစ်သွားတယ်။ ဒါတွေဟာ မူလပျောက်ဆုံးသွားတဲ့အရာရဲ့ တန်ဖိုးထက် ပိုပြီးကြီးမားတဲ့ တန်ဖိုးတစ်ခု ဆုံးရှုံးလိုက်ရခြင်းပါပဲ။ 
 
မကြာခဏဆိုသလို ကျွန်တော်တို့ဟာ ဒီလိုမူလတန်ဖိုး သတ်မှတ်ထားမှုထက် ပိုပြီး နစ်နာဆုံးရှုံးရတဲ့ အဖြစ်အပျက်လေးတွေကို ကြားရတတ်တယ်။ မြင်တွေ့ရတတ်တယ်။ ကြုံရတတ်ပါတယ်။ မိသားစုတွေကြားမှာ၊ ဆရာနဲ့တပည့် ကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာနဲ့ တခြား တခြားပေါ့။ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့အခါ ကိုယ့်ပေါ့ဆမှုကြောင့်လို့ စိတ်ဖြေသိမ့်လို့ ရနိုင်စရာ ရှိကောင်းရှိနိုင်ပေမယ့် ဖြေသိမ့်ဖို့မလွယ်တဲ့ ပျောက်ရှမှုတွေ၊ ဆုံးရှုံးမှုတွေကလည်း ကျွန်တော်တို့ ဘဝတွေထဲကို ရောက်ရောက်လာကြတာ အကြိမ်ကြိမ်ရယ်။ ဒီလို အခြေအနေတွေမှာ ဆုံးရှုံးမှုတစ်ခုနဲ့အတူ ကပ်ပါလာတဲ့ ထိခိုက်မှုတွေသာမကဘဲ အဲဒီနောက်မှာ ထပ်ပြီး မှားယွင်းလုပ်ဆောင်လို့ ဖြစ်လာရတဲ့ ထိခိုက်မှုတွေလည်း ရှိနေတတ်ပါသေးတယ်။ 
 
လူတစ်ဦးတစ်ယောက် သေဆုံးတဲ့အခါ ဒီအဖြစ်အပျက်ဟာ များသောအားဖြင့်တော့ သက်ဆိုင်တဲ့သူတွေအတွက် ဝမ်းနည်းစရာ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားနားလည်ရပါတယ်။ ဒါပေမဲ့ တချို့သေဆုံးမှုတွေကတော့ အဲလောက်နဲ့ မပြီးလောက်အောင်ကို ဆုံးရှုံးမှုများပါတယ်။ 
တစ်စုံတစ်ယောက် သေဆုံးခြင်းကို အကြောင်းပြုပြီး လူပေါင်းများစွာ သေဆုံးရတာတွေ၊ သူတို့ သေဆုံးခြင်းနောက်မှာ သက်ဆိုင်သူတွေနဲ့ မသက်ဆိုင်သူတွေပါ ပုံစံမျိုးစုံ ထိခိုက်နစ်နာရတာတွေ၊ လူသန်းပေါင်းများစွာရဲ့ နိုင်ငံချစ်စိတ်နဲ့ အမျိုးသားရေးစိတ်ဓာတ် ပြိုကွဲရတာတွေ၊ ဆယ်စုနှစ်နဲ့ ရာစုနှစ်တွေချီ အာဃာတ စွန်းထင်း ညစ်ပေရတာတွေ အစရှိတဲ့ မူလတန်ဖိုးထက် ပိုကြီးမားတဲ့ နစ်နာမှုတွေကိုပါ သင်ကြားခံစားမိပါတယ်။
 
လူတွေရဲ့ဘဝ၊ နိုင်ငံတစ်နိုင်ငံရဲ့ဖြစ်တည်မှု၊ နိုင်ငံသားတွေရဲ့အနာဂတ်ဟာ ပညာရေးအပေါ် မူတည်ဆိုတဲ့အချက်ကို လက်ခံရမယ်။ ပညာရေးကို ပြုပြင်ပြောင်းလဲရေး၊ အဆင့်မြှင့်တင်ရေး၊ နိုင်ငံကို အဓိကဦးဆောင်နေတဲ့ အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်။ ဒီအမှန်တရားကို လူအများစုဟာ တွေးလာနိုင်ပေမယ့် ပညာရေး လိုအပ်ဆာငတ်ဆဲ နေရာဒေသများစွာကို ကျွန်တော်တို့ မြင်တွေ့နေရဆဲပါ။ (ဒီစာပုဒ်ကို ထည့်ရေးရတာက ကျွန်တော်ပြောချင်တဲ့ တန်ဖိုးထက် ပိုကြီးမားတဲ့ဆုံးရှုံးမှုတွေအကြောင်းကို ပိုမိုပေါ်လွင်စေချင်လို့ပါ။)
 
အဲလို ပညာရေးလိုအပ်ချက်ကြီးမားတဲ့ အရပ်ဒေသ၊ သေစာရှင်စာ ဖတ်တတ်ဖို့ ရုန်းကန်နေရတဲ့ အရပ်ဒေသ၊ အတန်းပညာ သင်ယူရေးမှာ ကွက်လပ်ပေါင်းများစွာနဲ့ အားနည်းနေတဲ့အရပ်ဒေသမှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမဆိုတာ ဘုရားသခင်က ပေးတဲ့ အကြီးမားဆုံးဆုလဒ်လို့ ပြောရင်တောင် မလွန်လောက်ပါဘူး။ ကျွန်တော့်အနေနဲ့ စာနဲ့ချရေးဖို့တောင် စိတ်မကောင်းဖြစ်မိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဥပမာပေးရရင် ကချင်သာသနာပြု ကျောင်းဆရာမနှစ်ယောက် အဓမ္မပြုကျင့် အသတ်ခံခဲ့ရတဲ့အကြောင်းလေးကို ပြန်ညွှန်းဆိုရမယ်။ အစိုးရအနေနဲ့ ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက်ချပေးဖို့ အားနည်းချက်ရှိနေတဲ့အရပ် မှာ စေတနာ့ဝန်ထမ်း တာဝန်ယူထားရတဲ့ ဆရာမလေးတွေရဲ့ သေဆုံးမှုဟာ လူနှစ်ယောက် သေဆုံးတာမဟုတ်ဘဲ ကျွန်တော်တို့ အားလုံး သေဆုံးသွားကြရခြင်းပါ။ 
 
ဘယ်လိုသေဆုံးတာလဲ။ ခေါင်းစဉ်တွေ အများကြီးတပ်လို့ ရသွားတယ်။ အမျိုးသားရင်ကြားစေ့ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အိပ်မက်တွေကို ဒီအဖြစ်သနစ်က သတ်လိုက်တယ်။ လတ်တလော အဲဒီအရပ်ဒေသမှာ ပညာသင်နေကြားနေရတဲ့ ကျောင်းသားလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်သွားရတယ်။ ဆရာမလေးတွေကို ပို့လွှတ်တဲ့အဖွဲ့အစည်းဟာလည်း နောက် ဘယ်သူ့ကိုမှ ပို့လွှတ်ဖို့ လွယ်လွယ် တွန်းအားမပေးရဲလောက်တဲ့ ထိခိုက်ခံစားမှုမျိုး ဖြစ်သွားရတယ်။ သေချာတာတစ်ခုက အားလုံး တုန်လှုပ်ချောက်ချားဖြစ်ကြရတာပါပဲ။ ဒါထက်မကတဲ့ ဆုံးရှုံးမှုတွေ ရှိနိုင်ပါသေးတယ်။ ချုပ် ပြောရရင် ဒါဟာ လူနှစ်ယောက် သေဆုံးခဲ့တယ်ဆိုတာထက် ပိုပြီးဆုံးရှုံးခဲ့ရတယ်ပေါ့။ 
 
ဒါထက်မက ပေးနိုင်တဲ့ အလားတူ ဥပမာတွေဟာ ကျွန်တော်တို့ နိုင်ငံမှာရော၊ ကမ္ဘာအနှံ့အပြားမှာပါ ဖြစ်နေကြတယ်။ ကျွန်တော်တို့ ဘယ်လိုရှောင်လွဲကြမလဲ။ အဖြေဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့ဆက်ဆုံးရှုံးရပါဦးမယ်။ ဒါဆို ဘာလုပ်သင့်လဲ။ ဘယ်လိုဖြေရှင်းပါဆိုတဲ့ လမ်းညွှန်သာဓကတွေဟာ ဆုံးရှုံးရခြင်းတွေကို ကာကွယ်ပေးဖို့ ဒါမှမဟုတ် ကုစားပေးဖို့ အဖြေကောင်းကောင်းတွေ မဖြစ်နိုင်လို့ ကျွန်တော်တို့တွေက ကျင့်သုံးစရာအဖြစ် လက်မခံဘူးဆိုရင် တကယ်ကြုံတွေ့လာရတဲ့အခါ ဘာကို ကိုးစားရမလဲ။ ဘာကို ယုံကြည်ရမလဲ။ ဟုတ်တယ်။ ဘဝဆိုတာ မသေချာတာတွေကို အဖော်လုပ်ပြီး အသက်ဆက်ရှင်သန်နေရခြင်းပဲ။ ကျွန်တော်တို့တွေ လွယ်လွယ်သေလို့မှ မရတာလေ။
 
“ဟိုတစ်နေ့က ကျွန်တော့်ပိုက်ဆံအိတ် အခိုးခံရတယ်။ ပိုက်ဆံသိပ်မများပေမယ့် အမေနဲ့အတူ ရိုက်ထားတဲ့ တစ်ပုံတည်းသော ရှားပါးဓာတ်ပုံလေး ပါသွားတယ်။ အမေဆုံးတာ အခုဆို ကိုးနှစ်ကျော်သွားပြီ။ ကျွန်တော် အမေနဲ့အတူ ဓာတ်ပုံတစ်ပုံလောက် ထပ်ရိုက်ခွင့် မရှိတော့ဘူးဗျာ”