ကလေးတွေအတွက် စဉ်းစားပေးကြပါ

ကလေးတွေအတွက် စဉ်းစားပေးကြပါ
Published 10 February 2015
တိုးနှောင်မိုး

ကလေးများသည် နောင်တစ်ခေတ်အတွက် လူကြီးတွေဖြစ်သည်။ ကလေးတွေကို လူကြီးတွေဖြစ်သော ကျွန်တော်တို့က စဉ်းစားပေးရမည်။ ကလေးတွေအတွက် ပြုစုပျိုးထောင်ခြင်းများကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ပြုလုပ်ပေးဖို့ လိုအပ်လှပါသည်။ လူကြီးများက ကလေးများအပေါ် ငယ်ငယ်က ချစ်စရာလေး ကြီးလာတော့ ထုလေရိုက်လေ အိုငါးဖယ် ဆိုသလို ဂျစ်ကန်ကန်လေးဆိုတာ တစ်မျိုး ကလေးများအပေါ် လျစ်လျူရှုသလို ဆက်ဆံလာကြတယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်ဆောင်ရမည်က ကလေးတွေကို အရိုင်းအစိုင်းလေးများ မဖြစ်အောင် ကြိုးစားအားထုတ် စဉ်းစားပေးရမည်ဖြစ်၏။ ဒါမှလည်း မျိုးဆက်သစ်များအတွက် အနာဂတ် စိတ်ချရမည်ဖြစ်သည်။ကလေးများဖြင့် စကားပြောရာတွင် ညင်ညင်သာသာ ကြင်ကြင်နာနာ ပြောသင့်၏။ တကယ်ပြုလုပ် ဆောင်ရွက်မပေးနိုင်ဘဲ ကတိကို လွယ်လွယ်နဲ့ မပေးဖို့လည်း အရေးကြီးသည်။ယခုကာလတွင် မိသားစု စားဝတ်နေရေးအတွက် တစ်မိသားစုလုံး ရုန်းကန်လှုပ်ရှားရတယ်။ ထိုအခါ ကလေးများအတွက် သူတို့၏ စိတ်ခံစားမှုကို အလေးထား စဉ်းစားပေးတာမျိုးတွေ နည်းပါးလာ၏။ တစ်ချိန်က အဖေ့လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ ရသည်။ ယခုတော့ လူနေမှုစနစ်နဲ့ လူ့အဖွဲ့အစည်းက ရှာဖွေနိုင်မှဖြစ်သည်။ ငွေသည် မိသားစုအတွက် အရေးကြီးသော ပင်မရေစီး ဖြစ်လာ၏။ ပညာရေး၊ ကျန်းမာရေးနဲ့ လူအဖြစ် ရပ်တည်နိုင်ဖို့ ငွေမရှိလျှင် မဖြစ်။ ထိုအခါ ကလေးများအတွက် ပေးနိုင်သော အချိန်ကပါ ရှားနေသည်။ ကလေးများအတွက် မိသားစုဆိုတာ တဖြည်းဖြည်း ကင်းကွာသလို ဖြစ်လာသည်။ ထို့ပြင် ကလေးများကလည်း ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ကျောင်း ကစားချိန်ပင် မရတော့။ ကလေး၏ စိတ်ခံစားမှုတွင် မိသားစု အသိအမှတ်ပြုသော အနေအထားကို သဘောမတွေ့တော့ဘဲ အထီးကျန်လာသည်။ ထိုကဲ့သို့ မဖြစ်သင့်။ကလေးအတွက် မိသားစုက အချိန်ယူ စဉ်းစားပေးရမည်။ ကလေးအတွက် အချိန်ပေး၍ ဆော့ကစားပေးရမည်။ နွေးထွေးစွာ ကလေးအပေါ်တွင် နားလည်မှု အပြည့်ပေးရမည်။ ထိုကဲ့သို့ လူကြီးက ဆက်ဆံရာတွင်လည်း ဘာရယ်မဟုတ် ကလေးကို ငိုအောင်စတာမျိုးကအစ ရှောင်ကြဉ်ရမည်။ ကလေးကိုစ၍ အဟုတ်ထင်ပြီး ငိုသောအရသာကို ခံပြီး ပျော်ရွှင်တတ်သော စိတ်က ဆိုးရွားသည်။ ချစ်လို့စတာဆိုသော စကားက လူကြီးတွေအတွက် ဟုတ်သော်ငြား ကလေးများစိတ်ထဲ နာကျင် အမာရွတ် ထင်သွားနိုင်၏။ ကလေးများအတွက် ပျော်ရွှင်အောင် ပုံပြောခြင်း၊ အတူကစားပေးခြင်း၊ မရောက်ဖူးသော နေရာများသို့ လိုက်ပို့ပေးခြင်းဖြင့် ကလေးများကို သူတို့၏ စိတ္တဇအား ပျော့ပျောင်းအောင် ပြုပြင်ပေးနိုင်သည်။ အသိအမှတ်ပြု၍ လုပ်ဆောင်ခွင့်ရသော ကလေးသည် ရည်မှန်းချက်ထားခြင်း၏ ကောင်းကွက်ကို သိလာသည်။ နားလည်တန်ဖိုးထားလာသည်။ကလေးတို့တွင် ဝေဖန်အပြစ်ရှာမှုနဲ့ နေနေရသောအခါ ကလေးသည် ပြစ်တင်ရှုတ်ချ တတ်လာ၏။ ရိုင်းပျမှုဖြင့် နေနေရသော ကလေးသည် ရန်ဖြစ်တတ်လာ၏။ ကြောက်ရွံ့မှုဖြင့်နေရသော ကလေးသည် စိုးရိမ်ကြောက်ရွံ့နေတတ်သည်။ သနားမှုဖြင့် နေရသော ကလေးသည် ဝမ်းနည်းမှုကို ခံစားနေရမည်။ မနာလိုမှုဖြင့် နေရသော ကလေးသည် ဝန်တိုတတ်လာ၏။ ပြက်ရယ်ပြုမှုနဲ့ နေရသော ကလေးသည် ရှက်တတ်လာ၏။ ရှက်မှုဖြင့် နေနေရသော ကလေးသည် အပြစ်ရှိသည်ဟု ခံစားလာရ၏။ အားပေးမှုဖြင့် နေနေရသော ကလေးသည် ယုံကြည်စိတ်ချမှု ရှိလာ၏။ သည်းခံမှုနှင့် နေနေရသော ကလေးသည် သည်းခံနိုင်စွမ်း ရှိလာသည်။ ချီးမြှောက်မှုဖြင့် နေနေရသော ကလေးသည် နားလည်တန်ဖိုးထား တတ်လာ၏။ လက်ခံမှုနဲ့ နေနေရသော ကလေးသည် ချစ်ခင်တတ်လာ၏။ နှစ်သက်ထောက်ခံမှုကိုရသော ကလေးသည် မိမိကိုယ်မိမိ ယုံကြည်လာ၏။အသိအမှတ်ပြုမှုနှင့် နေရသော ကလေးသည် ရည်မှန်းချက်ထားခြင်း၏ ကောင်းကွက်ကို သိလာပါသည်။ မျှဝေခံစားမှုနှင့် နေနေရသော ကလေးသည် စိတ်ထားကောင်းပြီး စာနာတတ်လာ၏။ ရိုးသားမျှတမှုနှင့် နေနေရသော ကလေးသည် အမှန်တရားနဲ့ မျှတမှုကို နားလည်လာ၏။ လုံခြုံမှုနှင့် နေနေရသော ကလေးသည် မိမိကိုယ်၌ လည်းကောင်း ပတ်ဝန်းကျင်လူများ အပေါ်တွင် လည်းကောင်း ယုံကြည်မှု ရှိလာသည်။ ချစ်ခင်ရင်းနှီးမှုနှင့် နေနေရသော ကလေးသည် လောကကြီး၌ ပျော်ရွှင်လာ၏။ တည်ငြိမ်အေးချမ်းမှုနှင့် နေနေရသော ကလေးသည် အေးဆေးစွာ တည်တည်ငြိမ်ငြိမ် နေတတ်လာသည်။ကလေးတွေကို အပေါ်စီးကကြည့်၍ မဆက်ဆံပါနှင့်။ ကလေးတွေကို တန်းတူဆက်ဆံပါ။ ကလေးများမေးသော မေးခွန်းတို့ကို မဖြေနိုင်လျှင် မဖြေပါနှင့်။ မသိဘဲ မမှန်တာကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။ ကလေး၏ စူးစမ်းချင်စိတ်ကိုလည်း မပိတ်ပင်ဖို့ အရေးကြီးသည်။ ကလေးတွေ မေးတာကို ကိုယ်ကမသိလျှင် သိတဲ့သူကို မေး၍ ပြန်ဖြေပေးပါ။ ကလေးများသည် ပုံပြင်နဲ့ အသားကျဖို့ လိုအပ်၏။ ကျွန်တော်တို့က ကလေးများအား ကဗျာများ၊ ပုံပြင်များဖြင့် ရင်းနှီးအောင် ယဉ်ကျေးလိမ္မာရှိအောင် သင်ကြားပေးရမည်။ သူတို့မရှင်းတာကို ဘာမေးမေး စိတ်ရှည်ရှည်ဖြင့် ဖြေပေးရမည်။ မာန်တာဟောက်တာမျိုး အသိအမှတ် မပြုတာမျိုး မလုပ်သင့်။သူ့ကို မိဘတွေက မချစ်ဘူး၊ သူနဲ့ စကားမပြောချင်ဘူးထင်ပြီး ကလေးက အားငယ်တတ်သည်။ ထိုအခါ ထုံတုံတုံအေးစက်စက်ဖြင့် ဉာဏ်ရည်မသွက်လက်တော့ဘဲ သူ့ဘာသာသူ အားငယ်နေ၏။ ပတ်ဝန်းကျင်တွင် ပျော်ရွှင်နေသော ကလေးများ ဂရုစိုက်မှုခံရသော ကလေးများကိုမြင်လျှင် မသိသလို မုန်းတီးလာပြီး ပတ်ဝန်းကျင်ကို ရန်ပြုတတ်လာသည်။ ဒါမျိုး အခြေအနေဆိုလျှင် ကလေးဟာ မကောင်းတဲ့ စိတ်ကျမှုကို ရင်ဆိုင်နေရပြီဖြစ်သည်။ ထိုအခြေအနေမျိုးဆို မကောင်းသော လက္ခဏာဖြစ်၏။ ကိုယ်က လုပ်မပေးနိုင်ဘဲ ကလေးတွေကို ကတိမပေးသင့်။ အားလပ်ရက်မျိုး၌ ကလေးများအား ‘ပန်းခြံ’၊ ‘ကစားကွင်း’ တို့ကို လိုက်ပို့ပေးရမည်။ ထိုမှ သူတို့အပေါ် ဂရုစိုက်နားလည်ပေးခြင်း အတွက် ပျော်ရွှင်မည်မှာ အမှန်။ကလေးများကို မခြောက်လှန့်သင့်။ ထိုကဲ့သို့ ခြောက်လှန့်မှုများဖြင့် ကြီးပြင်းလာသော ကလေးတစ်ယောက်သည် ကျိုးကြောင်းဆင်ခြင်တတ်သည့်ဉာဏ် လျော့နည်းသွားတတ်ပြီး သူများပြောတိုင်း ယုံလွယ်တတ်သော လူစားမျိုး ဖြစ်တတ်သည်။ ဘယ်အရာမဆို ဆင်ခြင်စဉ်းစားနိုင်သော အလေ့အထရှိအောင် ကလေးကို ဆုံးမသောနေရာတွင် အကျိုးသင့်အကြောင်းသင့် ပြောဆိုသင့်သည်။ ထို့ကြောင့် ကလေးများကို ဆုံးမရာတွင် ရိုက်ပုတ်မဆုံးမရ၊ မာန်ဟောက်မဆုံးမမိဖို့ အရေးကြီးသည်။နုနယ်သော ကလေးဘဝသည် အရေးကြီးသောကာလ ဖြစ်သည်။ ထိုကာလတွင် နည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်ပေးမှ ကလေးတို့၏ ဘဝရှေ့ရေး ဒဏ်ရာဒဏ်ချက်ကင်းစွာ ရှင်သန်နိုင်မည်ဖြစ်သည်။ ကလေးများဟာ ကိုယ်လိုရာ ပုံသွင်းလို့ရမည့် သစ်သားတုံး၊ သံ၊ ခဲ၊ ရွှံ့တုံးများ မဟုတ်။ သက်ရှိများ ဖြစ်သည်။ လူကြီးများက ရုပ်ခန္ဓာဖွံ့ဖြိုးမှုကို ဂရုမစိုက်ဘဲ စိတ်ဖွံ့ဖြိုးမှုကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ကလေးများက သူ့ဝါသနာဘာလဲဟူသော မေးခွန်းကို မေးသော အခြေအနေမျိုးဆိုလျှင် ထိုကလေး၏ အနာဂတ်မှာ ရင်လေးစရာ ဖြစ်နေပါသည်။မြန်မာနိုင်ငံတွင် ကလေးသူငယ်များအတွက် စဉ်းစားပေးဖို့ အထူးလိုအပ်သည်။ သူတို့၏ ခံစားမှုကို ဥပေက္ခာမပြုဘဲ အလေးထားနားလည်၍ အနားမှာ ထိန်းကျောင်းပေးသင့်သည်။ ပတ်ဝန်းကျင်ဖြင့် အဆင်ပြေသော ကလေးသူငယ်များ များပြားလာမှ နိုင်ငံ့အနာဂတ်လည်း လှပသေချာမှာဖြစ်သည်။ လူကြီးများက ကလေးတွေစိတ်ထဲ ဘာခံစားနေရသလဲဆိုတာ အမြဲသတိရှိဖို့ လိုအပ်၏။ သူတို့ လုပ်ချင်တာကို ပျော်ရွှင်စွာစဉ်းစားပြီး ကူညီပေးသင့်သည်။ လူ့ပတ်ဝန်းကျင်တွင် ဒဏ်ရာကင်းစင်သော ကလေးသူငယ်များ မွေးဖွားပေးဖို့ လိုအပ်ကြောင်း လူကြီးများက အမြဲစဉ်းစားပေးရန် ဖြစ်ပါတော့သည်။