ကညန၏ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိမပေးမှုကြောင့် ကားသွင်းသူများ ရက်လွန်ဒဏ်ကြေး နစ်နာစွာ ပေးဆောင်ရမည့် အခြေအနေ ကြုံတွေ့

ကညန၏ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိမပေးမှုကြောင့် ကားသွင်းသူများ ရက်လွန်ဒဏ်ကြေး နစ်နာစွာ ပေးဆောင်ရမည့် အခြေအနေ ကြုံတွေ့
Published 6 February 2015
မာန်သူရှိန်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အများပြည်သူ သိရှိရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်အသိပေးမှု မရှိခြင်း၊ ထုတ်ပြန်ပေးမှု အားနည်းချက်ကြောင့် ကားသွင်းသူအချို့မှာ ရက်လွန်ဒဏ်ကြေး များပြားစွာ ပေးဆောင်ရမည့် အခြေအနေ ကြုံတွေ့နေရကြောင်း ကားသွင်းသူ အချို့ထံမှ သတင်းရရှိသည်။ကနဦး ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးအား ယခင်က မည်မျှရက်လွန်သည်ဖြစ်စေ အမြင့်ဆုံး ဒဏ်ကြေးငွေအဖြစ် ကျပ် ၁ သိန်းသာ ပေးဆောင်ရန် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တစ်ရက်လွန်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် လွန်သမျှရက်အတွက် ကောက်ခံမည့် အစီအစဉ်အား ပြောင်းလဲခဲ့သည်။သို့သော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ကနဦး ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး ပြောင်းလဲကောက်ခံမည့်အပေါ် ကြေညာချက် ထုတ်ပြန်ရာတွင် ကညနဝက်ဘ်ဆိုက်နှင့် ကညနရုံးများတွင်သာ ကြေညာခဲ့ပြီး အများပြည်သူ ကျယ်ပြန့်စွာ သိရှိစေရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် မထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ မထုတ်ပြန်သည့်အတွက် အဆိုပါ ကြေညာချက် ထုတ်ပြန်ထားသည့် အတောအတွင်း ကညနရုံးသို့ မရောက်ရှိခဲ့သည့် ကားသွင်းသူများမှာ ယခုအခါ ကျပ်သိန်းပေါင်းများစွာ ဒဏ်ကြေးတပ် ရိုက်ခံရမည့် အခြေအနေ ကြုံခြင်းဖြစ်ကြောင်းလည်း ကားသွင်းသူအချို့ထံမှ သိရသည်။ကညနမှ တာဝန်ရှိသူများကလည်း ၎င်းတို့အနေဖြင့် ဝက်ဘ်ဆိုက်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း၊ ကညနရုံးများတွင်လည်း ကပ်ထားကြောင်း၊ ယခင်ထုတ်ပြန်ချက် အများစုကိုလည်း ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည့်အတွက် ယခုအခါတွင်လည်း နိုင်ငံပိုင် သတင်းစာများတွင် မထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
မူဝါဒတွေက တစ်ခါမှ တစ်သမတ်တည်း မရှိဘူး။ ကညနဆိုလည်း ကားဟောင်းအပ်ခံတဲ့ မူဝါဒကိုပဲ ခဏခဏ ပြောင်းနေတယ်။ တော်ကြာ ရာခိုင်နှုန်း လျော့ပေါ့ခံစားခွင့် ရှိတယ်။ နောက်ခံစားခွင့် မရှိဘူးဆိုပြီး သူတို့ပဲ ပြောင်းနေတယ်။ အခုဟာကလည်း ပြောင်းရင် အရင်ကလိုပဲ သတင်းစာမှာပါ ထည့်ရမှာပါ။ ပြောင်းတာပြောင်းရတယ် ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီးမှ ပြောင်းသင့်တယ်။ မဟုတ်ရင် ကိုယ့်ရဲ့ အသိမပေးနိုင်မှုကြောင့် ပြည်သူနစ်နာရတယ်ဆိုရင် သူတို့ကိုယ်တိုင် တာဝန်ပြန်ယူသင့်တယ် . . . . .

ကညန ရက်လွန်ဒဏ်ကြေး များပြားစွာ ပေးဆောင်ရတော့မည့်အပေါ် ကားသွင်းသူ ကိုထူးက “အရင်ထုတ်ပြန်တာက ရက်ဘယ်လောက်လွန်လွန် ကျပ် ၁ သိန်း ဒဏ်ကြေးပေးဆောင်ရတယ်။ အခု ထုတ်ပြန်လိုက်တဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကားအားလုံး ရက်လွန်ရင် ဥပမာ - ၂၀၁၄ ခုနှစ်မှာ သွင်းထားတဲ့ ကားဆိုရင်လည်း တစ်နှစ်လုံးစာကို Back Date နဲ့ ပြန်တွက်ပြီး တစ်ရက် ၃၀၀၀ ကျပ် ထည့်ကောက်တယ်ဆိုတော့ ဒဏ်ကြေးတင် ၁၁ သိန်းလောက် ပေးရဖို့ ဖြစ်နေတာပေါ့။ သူက ကြေညာတယ်သာ ပြောတယ် သတင်းစာထဲပါတာ မဟုတ်တော့ မသိဘူး။ ကိုယ်ကလည်း နှစ်လ သုံးလ တစ်ခေါက်လောက် ကညနရုံး ရောက်တာဆိုတော့ မသိလိုက်ရဘူးပေါ့။ ဒါနဲ့ ကျွန်တော်လည်း ဟုတ်ပြီ နောက်ဆုံး အမိန့်ထုတ်ထားတဲ့ရက် နောက်ပိုင်းကို တစ်ရက် ၃၀၀၀ ပေးမယ်၊ နောက်ဆုံး အမိန့်မထုတ်ခင် အထိကို ကျပ် ၁ သိန်း ပေးဆောင်မယ် ဆိုတော့လည်း မရဘူးတဲ့ အဲဒီရှေ့ရက်တွေကိုပါ ကျပ် ၃၀၀၀ ကောက်မယ်လို့ပြောတော့ တော်တော်လေး နစ်နာသွားတယ်။ သတင်းစာထဲ ထည့်ကြေညာလို့ ကိုယ့်ဟာကိုယ် မှားတယ်ဆိုလည်း ခံနိုင်ပါတယ်။ ခုက ဝက်ဘ်ဆိုက်ဆိုတာမျိုးက ကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်ဗျ။ သိတဲ့သူလည်း ရှိချင်ရှိမယ် ဒါပေမဲ့ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ထည့်ပေးပြီးလုပ်မှ သဘာဝကျမှာပေါ့” ဟု ပြောပြသည်။ကညန၏ ထုတ်ပြန်ချက် အားနည်းမှုကြောင့် ယခုကဲ့သို့ နစ်နာမှုများ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်းနှင့် ယခင်ကလည်း ဝန်ကြီးဌာန အချို့၏ အချိန်နီးကပ်မှ ထုတ်ပြန်မှု၊ အားလုံးသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် မထုတ်ပြန်မှုများကြောင့် နစ်နာခဲ့ရသည့် သာဓကပေါင်းများစွာ ရှိကြောင်းလည်း ကားသွင်းသူများက ပြောကြားသည်။ကားသွင်းသူ ဦးဝင်းထွဋ်က “ထုတ်ပြန်ချက် ကိစ္စတွေက ခဏခဏ ခံနေရတယ်။ သူတို့ပြောတဲ့ ဝက်ဘ်ဆိုက်တို့ ဘာတို့ဆိုတာက လူတိုင်း ဝက်ဘ်ဆိုက်ကြည့်တတ်တာ မဟုတ်ဘူးဗျ။ အခြား ဝန်ကြီးဌာနတွေလို သတင်းစာထဲတော့ ထည့်သင့်တာပေါ့။ အခုက ကိုယ့်ထဲမှာ ကိုယ်ကြေညာနေတော့ မသိတဲ့သူတွေ နစ်နာတာပေါ့။ စီးပွားကူးသန်းတုန်းကလည်း ပါမစ်ပိတ်မယ့်ရက် ကပ်ကြေညာလို့ ဝရုန်းသုန်းကား ဖြစ်ခဲ့သေးတယ်။ အခုလည်း ကညနထုတ်ပြန်တာ အားနည်းတော့ နစ်နာပြန်ပြီ။ ဟိုဘက်နှစ်က ရက်တွေပါ ထည့်ပြီး ၃၀၀၀ နဲ့ ကောက်မယ်ဆိုတာတော့ တစ်ခုတော့ရှိတယ် နောက်ဆုံးထုတ်ပြန်တဲ့ရက် မတိုင်ခင်က ဟာကိုတော့ အရင်အမိန့်အတိုင်း ရှိရမှာ ထုံးစံပဲ။ နောက်ဆုံးထုတ်ပြန်တဲ့ ဒီဘက်ကိုတော့ အဲ့ဒီအမိန့်အတိုင်း ပေးရမှာပါ။ ဒါက နည်းမှန်လမ်းမှန်ပါ။ တကယ်လို့ အဲ့လိုမဟုတ်ဘူး ဆိုရင်လည်း အစကတည်းက ဝန်ကြီးဌာနတွေ ထုတ်ပြန်နေကြအတိုင်း သတင်းစာထဲကနေပါ ကျယ်ကျယ်ပြန့်ပြန့် တရားဝင် ကြေညာရမှာပါ။ အခုဟာကလည်း ကညန ထုတ်ပြန်တာ သူ့ဟာသူ အားနည်းလို့ ဖြစ်ရတဲ့ကိစ္စ ခံတော့ ကားသမားပဲ ခံရတယ်။ CIF မထုတ်တော့ဘူး။ အကောက်ခွန်နဲ့ ပြန်သွားမယ် ဆိုတုန်းကလည်း ဒီလိုပဲ ကပ်ပြီး ထုတ်ပြန်လို့ အကုန်လုံး အခက်အခဲတွေ ဖြစ်ကုန်ခဲ့ကြသေးတာပဲ” ဟု သုံးသပ်ပြောကြားသည်။ယင်းအပြင် စည်းမျဉ်းများ၊ မူဝါဒများ မကြာခဏ ပြောင်းလဲမှုကြောင့်လည်း ကားသွင်းသူများ တစ်ကြိမ်ပြောင်းတိုင်း တစ်ကြိမ် အခက်အခဲ ကြုံရသည့်အပေါ် ကားသွင်းသူ ဦးအောင်မျိုးက “မူဝါဒတွေက တစ်ခါမှ တစ်သမတ်တည်း မရှိဘူး။ ကညနဆိုလည်း ကားဟောင်းအပ်ခံတဲ့ မူဝါဒကိုပဲ ခဏခဏ ပြောင်းနေတယ်။ တော်ကြာ ရာခိုင်နှုန်း လျော့ပေါ့ခံစားခွင့် ရှိတယ်။ နောက်ခံစားခွင့် မရှိဘူးဆိုပြီး သူတို့ပဲ ပြောင်းနေတယ်။ အခုဟာကလည်း ပြောင်းရင် အရင်ကလိုပဲ သတင်းစာမှာပါ ထည့်ရမှာပါ။ ပြောင်းတာပြောင်းရတယ် ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီးမှ ပြောင်းသင့်တယ်။ မဟုတ်ရင် ကိုယ့်ရဲ့ အသိမပေးနိုင်မှုကြောင့် ပြည်သူနစ်နာရတယ်ဆိုရင် သူတို့ကိုယ်တိုင် တာဝန်ပြန်ယူသင့်တယ်” ဟု ပြောကြားသည်။

Most Read

Most Recent