ရန်ကုန်မြို့ ရထားစနစ်မြှင့်တင်ရန် စောစီးစွာ ချေးငွေရရှိရေး အပါအဝင် ရန်ကုန်-သီလဝါ ရထားပြေးဆွဲရေး လိုအပ်သည့် အကူအညီများပေးရန် မြန်မာ-ဂျပန် ဆွေးနွေး

ရန်ကုန်မြို့ ရထားစနစ်မြှင့်တင်ရန် စောစီးစွာ ချေးငွေရရှိရေး အပါအဝင် ရန်ကုန်-သီလဝါ ရထားပြေးဆွဲရေး လိုအပ်သည့် အကူအညီများပေးရန် မြန်မာ-ဂျပန် ဆွေးနွေး
Published 4 February 2015
အောင်ရဲကို

ရန်ကုန်မြို့ရထားစနစ် မြှင့်တင်ရေးအတွက် ချေးငွေစောစီးစွာရရှိရေး အပါအဝင် ရန်ကုန်-သီလဝါ ရထားပြေးဆွဲရေးအတွက်  လိုအပ်သည့် အကူအညီများပေးရန် မြန်မာ- ဂျပန် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံဘက်မှ ဂျပန် -မြန်မာအသင်းဥက္က|ဖြစ်သူ Mr. Hideo WATANABE  နှင့်အဖွဲ့နှင့်  မြန်မာနိုင်ငံမှ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးမှုအရ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ လူနေမှုများပြားသော ရန်ကုန်မြို့အတွင်း  ရထားပို့ဆောင်ရေးစနစ်တွင် ရထားများလေအေးပေးစက် တပ်ဆင်ရေး၊ အဆင့်မြင့်ရထားများ အစားထိုးပြေးဆွဲရေး၊ ပြေးဆွဲချိန်လျှော့ချရေးနှင့် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရေးတို့ကို လုပ်ဆောင်ရန်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ ပြောကြားချက်အရ ရန်ကုန်မြို့ပတ်ရထား လမ်းစနစ်ကို အဆင့်မြှင့်တင်ရေးအပိုင်းတွင် ဂျပန်နိုင်ငံမှပေးမည့် ODA ချေးငွေကို လျင်မြန်စွာရရှိရေး၊ ပြည်သူများသွားလာသော ပို့ဆောင်ရေးလုပ်ငန်းများအပြင် ဂျပန်နိုင်ငံမှ အကူအညီပေးမည့် RBE ရထားတွဲများ ဆောလျင်စွာ ရရှိရေးအတွက် ပြောကြားသည်။
၎င်းအပြင် သီလဝါအထူးစီးပွားရေးဇုန်နှင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့အတွက် သယ်ယူပို့ဆောင်ရေးစနစ်တွင် အဓိကကျသည့် ရန်ကုန်-သီလဝါ ရထားလမ်းပိုင်းပြန်လည် ပြေးဆွဲရေးအတွက် ရထားစက်ခေါင်း၊ ကုန်တင်တွဲများနှင့် လူစီးတွဲများ ကူညီဆောင်ရွက်ပေးရေးတို့ကို မြန်မာနိုင်ငံအတွက် အမြန်ရရှိအောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆက်လက် ပြောကြားသည်။
ရန်ကုန်မြို့ပတ်ရထားများကို အဲယားကွန်းရထားများအဖြစ် ပြောင်းလဲပြေးဆွဲမှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဲယားကွန်း ရထားများအဖြစ် ပြောင်းလဲပြေးဆွဲမည့် အစီအစဉ်ကို လာမည့် ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိပြေးဆွဲနေသော အဲယားကွန်းရထားထက် ပိုမိုကောင်းမွန်သည့် ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ခနှုန်းထားကိုလည်း နေ့စဉ်အသုံးပြုမည့် သာမန်လူတန်စားများအတွက် အဆင်ပြေမည့် ငွေကြေးဖြင့် ကောက်ခံသွားမည်ဟုလည်း သိရသည်။
ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ် ပြောင်းလဲမှုတွင် မိုးပျံရထားစနစ်ကိုလည်း ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ဆောင်နိုင်မည့် အခြေအနေရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားထားသည်။
သို့သော်လည်း ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ဆောင်မည်ဟု ပြောကြားထားသည့် ရထားပို့ဆောင်ရေး စနစ်များကို ဂျပန်နိုင်ငံ၏ အကူအညီရရှိမှသာ အကောင်အထည်ဖော်နိုင်မည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိုးပျံရထားစနစ်တွင် ရထားလမ်းကြောင်း အတိုများ၊ ပြေးဆွဲမှု အရှိန်နှုန်းများကို နိုင်ငံတကာမှ ပညာရှင်များနှင့် ဆွေးနွေးလျက်ရှိပြီး တည်ဆောက်မည့် စီမံကိန်းအတွက် ကုန်ကျမည့်ငွေကြေးများအတွက် ချေးငွေရရှိရန် ဂျပန်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိသည်။
ရန်ကုန်ရထားပို့ဆောင်ရေးစနစ်ကို ပြောင်းလဲရန်အတွက် အနည်းဆုံးဒေါ်လာ နှစ်ဘီလျံခန့်ရှိမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းမှ ခန့်မှန်းတွက်ချက်ထားသည်။