ကန္တာရဖန်မီးအိမ်

ကန္တာရဖန်မီးအိမ်
Published 4 February 2015
မောင်သာမည

“ကာရန်ချိုမြ၊သွေးစ စွန်းထင်းနေတယ်။တယောကြိုးလည်း၊  တီးတိုးငိုကြွေးနေတယ်။ဂီတာတစ်လက်၊အုတ်ခုံထက်မှာ၊  အသက်မရှိရှာတော့ဘူး”ကဗျာဆရာကြီးတင်မိုး၏ နာမည်ကျော် “အိမ်လည်ကြူးတဲ့သား” ကဗျာမှ  ပထမဆုံးအပိုဒ်များ ဖြစ်ပါ၏။ လောကကို  အလှဆင်သည့် စာပေဂီတအနုပညာများ ပျက်သုဉ်းခြင်းကို နိမိတ်ပုံယူပြီး  အမှောင်ခေတ်ကို  သရုပ်ဖော်လိုက်ခြင်းဟု  ခံစားရသည်။    ယင်းကဗျာ၏ နောက်ဆုံးအပိုဒ်ဖြစ်သော “အမေ့သား၊ စကားတိုးတိုး ပြောလှည့်ပါ” ဆိုသည့်စာသားသည်  ကဗျာဖတ်သူ၏ ရင်တွင်းသို့ ထုတ်ချင်းခတ် ဝင်ရောက်ခဲ့သည့်  ရသမြားတစ်စင်းဖြစ်သည်။ ခေတ်ဆိုးခေတ်ပျက်အတွင်း  အိပ်ကောင်းခြင်း  မအိပ်ရသော  ကျောင်းသားမိဘများ၏ သောကဗျာပါရနှင့်  ချစ်ခြင်းတရားသည် ယင်းစာသားတွင်  ပီပီပြင်ပြင် ထင်ဟပ်နေသည်။ ထိုကဗျာကို  ရေးခဲ့စဉ်က ဆရာကိုယ်တိုင်လည်း  ကျောင်းသားများအတွက် စိုးရိမ်စိတ်များဖြင့် ရင်လှိုင်းခတ်ကာ  စားမဝင် အိပ်မပျော် ဖြစ်ခဲ့ပေလိမ့်မည်။  ကဗျာဆရာကြီးကား  ကျောင်းသားများကို ချစ်ခင်၍ ကျောင်းသားများကို  ယုံကြည်သော ဆရာလည်း ဖြစ်သည်ကိုး။    ဘဝတက္ကသိုလ်သို ့  ကျောင်းသားချစ်သော ဆရာကြီးတင်မိုးသည် ဒေါ်အောင်ဆန်းစုကြည်  ငြိမ်းချမ်းရေးနိုဘယ်ဆုရသော ၁၉၉၁ ခုနှစ်တွင်  ကျောင်းသားဆန္ဒပြပွဲတစ်ခုကို  သွားကြည့်ရင်း  အဖမ်းခံခဲ့ရသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရသော  နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်   ကျောင်းသားများ ဆန္ဒပြသည်ကို သွားရောက်ကြည့်ရှု အားပေးခဲ့ရာမှ အကွက်ချောင်းနေသော လက်မရွံ့တို့၏  ဖမ်းဆီးချုပ်နှောင်ထောင်ချမှုကို  ခံခဲ့ရခြင်းဖြစ်သည်။  ထိုကာလသည်ကား “ပျားတို့သည် မချို၊ မှိုတို့သည် မပေါက်၊ ယာတို့သည်  ခြောက်ကုန်၏” ဟု ဆရာရေးဖွဲ့ခဲ့တဲ့ “ကန္တာရနှစ်များ”  ဖြစ်၏။ “ကလိန်စိ  ငြမ်းဆင်၊  ငြိမ်ပိလမ်းစဉ်” ဟု  ဆရာ သမုတ်ခဲ့သည့် ကာလဆိုးကြီးဖြစ်၏။  ပါးကွက်သားတို့က တောတွင်းဥပဒေကို  ကြက်တူရွေးလေသံဖြင့် ရွတ်ဖတ်နေသော  အာဏာခေတ်ကြီးဖြစ်၏။ သို့ဖြင့် ကဗျာစာဆိုကြီးသည်  သံတိုင်များနောက်ကို လေးနှစ်တာ သွားရောက်ခဲ့ရသည်။  အုတ်ရိုးမြင့်မြင့်ကြီးများဖြင့် ကာရံထားသည့် အင်းစိန်ငရဲခန်းသို့ အရောက်တွင်ကား “အိမ်လည်ကြူးသည့် သား များ” က ဆရာ့ကို  စိတ်မကောင်းခြင်းတစ်ဝက်ဖြင့်  လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။  သူတို့ချစ်၍၊ သူတို့ယုံကြည်သောဆရာ၊  သူတို့ဆီလာပြီ။ ဒီလိုနှင့် ထောင်အုတ်ရိုးအတွင်းတွင် ဆရာ၏ စာပေဝိုင်းကလေး ပေါ်ပေါက်လာခဲ့သည်။  စာငတ်ကဗျာငတ်သော  ကျောင်းသားလူငယ်များ ဆရာ့ဘေးမှာ ဝိုင်းကြသည်။  ဆရာက ကဗျာတွေရွတ်ပြသည်။ သူ လေးစားသော ကဗျာစာဆိုတော်များအကြောင်း  ပြောပြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊  ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊  ဆရာကြီးဒဂုန်တာရာတို့မှသည်   နောက်ပိုင်းခေတ် ကဗျာဆရာများဖြစ်သော  မောင်ချောနွယ်၊ အောင်ချိမ့်၊ အောင်ဝေးတို့အထိ။    ထို့ပြင် သူနှစ်သက်သော စာအုပ်စာပေတွေအကြောင်းလည်း  မိတ်ဆက်ပေးသည်။  သူလေးစားသော စာပေပညာရှင်များအကြောင်းလည်း ဖောက်သည်ချသည်။ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးရွှေဥဒေါင်း၊  ဆရာကြီး ဖာနီဗယ်၊ ဆရာကြီးသခင်ဘသောင်း၊  ဆရာကြီးလုစ်၊ ဆရာကြီးပါရဂူ၊  ဆရာကြီး  ဒေါက်တာသန်းထွန်းစသော ပညာရှင်များ၏  ဘဝနှင့် ပညာအကြောင်းကို ညွတ်ညွတ်နူးနူး  ပြောပြသည်။ ၁၉၆၂ ခုနှစ်  စစ်အာဏာရှင် စနစ်မတိုင်မီက လွတ်လပ်သော  တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ  ပညာရှင်များအကြောင်း၊  ကျောင်းသားလှုပ်ရှားမှုများအကြောင်းကို တမ်းတမ်းတတ ပြောပြသည်။ ယင်းပညာရှင်ကြီးများကို ဖိနှိပ်ပြီး ပညာရပ်ဝန်းကို ပျက်သုဉ်းအောင်လုပ်ခဲ့သည့်  အာဏာရှင်စနစ်နှင့်  အာဏာရှင်ခေတ်အကြောင်းကို ခံပြင်း နာကြည်းသည့်လေသံဖြင့် ပြောပြသည်။  အာဏာရှင်တို့အကြောင်း ပြောသည့်အခါတိုင်း  နူးညံ့သော ဆရာ့မျက်နှာသည် ကျောက်သားစိုင်တစ်ခုအဖြစ်  ပြောင်းလဲသွားတတ်သည်။  စင်စစ်  ကဗျာဆရာကြီးတင်မိုးသည်  အလွန်နူးညံ့ချိုသာသော ကလေးကဗျာများကို ဖွဲ့ဆိုခဲ့သူဖြစ်သည်။ ဆရာ၏ “အမေ့ကျောင်း” ကဗျာသည် ကလေးငယ်တို့တွင် သာမက ကလေးမိခင်တို့၏ နှုတ်ဖျားတွင်ပါ  ရေပန်းစားခဲ့သည့်  ကဗျာတစ်ပုဒ်ဖြစ်သည်။  ကလေးကဗျာနှင့် ပတ်သက်သော အဖြစ်အပျက်တစ်ခုကို  ဆရာပြောပြတတ်သည်။  ဆရာ့ကို ဖမ်းဆီးစဉ်က ရဲစခန်းတစ်ခု၏  အချုပ်ခန်းတွင် ခေတ္တထားသည်။  ညစ်ပတ်နံစော်နေသော  အချုပ်ခန်းအတွင်း  စိတ်ညစ်ညူးနေသော ဆရာသည် မကြာမီပင် ရဲအရာရှိ၏ အိမ်ဆီသို့ ခေါ်ဆောင်ခြင်းကို ခံရသည်။  အိမ်ဦးခန်းအရောက်တွင်  ဟင်းမျိုးစုံ တည်ခင်းထားသောစားပွဲကိုကြည့်ပြီး  တအံ့တဩဖြစ်နေသည့်  ဆရာ့ကို  ရဲအရာရှိ၏ ဇနီးသည်က “ကျွန်မတို့က  ဆရာရေးတဲ့ကလေးကဗျာတွေ နဲ့ လူဖြစ်ခဲ့ရတာပါ”ဟု ရှင်းပြကာ  ပြုစုကျွေးမွေးလေသည်။  ယင်းကဲ့သို ့ကဗျာချစ်သော  ပြည်သူတို့အကြောင်းကို  ဆရာက မျက်ရည်ဝဲဝဲနှင့် ပြန်ပြောပြတတ်သည်။ အကျဉ်းထောင်အတွင်းက စာပေဝိုင်းတွင် ကဗျာများကို ရွတ်ဖတ်သီဆိုပြရုံနှင့် ဆရာက မကျေနပ်။သီချင်းတွေလည်း ဆိုပြသည်။  ကိုစောငြိမ်း၏ “ နွေနှောင်းဝသန်”ကို  ဆိုပြသည်။  မြို့မငြိမ်း၏ “နတ်ရှင်နောင်”ကို  ဆိုပြသည်။  မြတ်လေး၏ “ပန်းတိုင်းပွင့်ပါစေ”ကို  ဆိုပြသည်။ တစ်ရွာတည်းသား ကန်မြဲ ကိုအေးကျော်၏ “ပျားရည်ဘဏ်တိုက်”ကို  ဆိုပြသည်။“ကျောင်းသားသမဂ္ဂ” သီချင်းကို ဆိုပြသည်။ ဆရာ့အနားမှာ ကျောင်းသားလူငယ်တွေ  တရုန်းရုန်းလုပ်နေသည်ကို  ထောင်မှူးက မနှစ်သက်။  ထောင်မှူးလူတွေက  ရစ်သီရစ်သီနှင့် နားစွင့်ကာ ထောင်မှူးထံ  သတင်းပို့ကြသည်။  ဆရာကြီးတင်မိုး  ထောင်ကလွတ်တော့  သူနေထိုင်ခဲ့ရာ  ပုံစံဆောင်က  ကျောင်းသားလူငယ်များ လွမ်းပြီး ကျန်ရစ်သည်။    ဝေးမြေရပ်ခြား  တိုင်းတစ်ပါးသို ့  ဆရာကြီးတင်မိုးကား “လူထောင်”မှ  လွတ်စေကာ “စာပေထောင်” အတွင်းမှ  မလွတ်သေး။ စာပေကင်ပေတိုင်ဟု  နာမည်ကျော်သော စာပေစိစစ်ရေးက  ဆရာရေးသည့်  စာများ၊ ကဗျာများကို  ပိတ်ဆို့တားဆီးသည်။  “တင်မိုး” ဟူသော ကလောင်အမည်ကို  စာရွက်ပေါ်မှာ  တင်ခွင့်မပေးရဲ။  အာဏာရှိသောသူတို့ စင်စစ်ဖြစ်ပါလျက် ကဗျာဆရာကြီး တင်မိုး၏ စာလုံးများကို  ကြောက်ရွံ့နေကြသည်။“ငြိမ်းချမ်းရေး  အသံကြားရင်၊  နားဝမှာ  ခါးနေတဲ့လူတွေ၊ စစ်ရှိမှ ကြီးပွား၊ စစ်နဲ့ပဲ  လုပ်စားနေကြတာ၊  စစ်အားမကောင်းရင် ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး” ဟူသော ဆရာကြီးတင်မိုး၏ “ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများခင်ဗျား” ကဗျာ ပါစကားလုံးများကို  ဘယ်လိုခွင့်ပြုရဲပါမည်နည်း။ စစ်အာဏာရှင်စနစ်ဟာ၊  နိုင်ငံရေး အေအိုင်ဒီအက်စ်ပါဟူသော  ဆရာ့စကားလုံးများကို  ဘယ်လိုကြည့်ဝံ့ မြင်ဝံ့ပါမည်နည်း။  ၁၉၉၉  ခုနှစ်တွင်  ဆရာကြီးတင်မိုးသည်  သူ၏ ကဗျာမျိုးစေ့များကို ကြဲပက်စိုက်ပျိုးရန်အတွက် သူချစ်သောမြေကို  စွန့်ခွာခဲ့ရသည်။  ပထမ ဘယ်ဂျီယံသို့။  နောက် နော်ဝေသို့။  နောက်ဆုံး အမေရိကန်ပြည်ထောင်စုသို့။  အဝေးရောက် ကဗျာဆရာကြီးသည်  မွေးရပ်မြေတွင် စာရွက်ပေါ်တင်ခွင့်မရခဲ့သော  သူ၏ ကဗျာများကိုလည်းကောင်း၊  အသစ်ရေးဖွဲ့ ဖြစ်သည့် ကဗျာများကိုလည်းကောင်း၊  လေလှိုင်းမှတစ်ဆင့်  ထုတ်လွှင့်ပြီး  ပြည်သူများထံ  အရောက်ပို့ခဲ့သည်။ ထိုကဗျာများအနက်  “ဗုဒ္ဓနှင့်တွေ့ဆုံခြင်း”သည် ပြည်သူလူထုကြား  လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရသော  အားကောင်းမောင်းသန်ကဗျာတစ်ပုဒ်  ဖြစ်သည်။  “အရပ်ရပ်နေပြည်တော်၊ ကြားလို့မှ  မလျော်အောင်၊ အော်ဒါတွေထုတ်၊  မတော်တာတွေ လုပ်နေတော့၊  ဗုဒ္ဓကို ကြိုးတုပ်၊  အချုပ်ထဲသွင်းရင် မခက်ပါလား” ဟူသော