အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်လျက်ရှိသော ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့မှ စတင်ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ ပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆို

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်လျက်ရှိသော ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့မှ စတင်ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ ပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆို
Published 3 February 2015
မင်းသူဝင်းထွဋ်

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်လျက်ရှိသော ရန်ကုန်မြို့သို့ ချီတက်မည့် ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်း ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနေကြလျက်ရှိကြောင်း သတင်းရရှိသည်။ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းသည် စုရပ်ဖြစ်သော ဇေယျဝတီ ၁ လမ်းရှိ ပညာပါရမီကျောင်းမှ နံနက်ပိုင် တွင် စတင်ထွက်ခွာခဲ့ပြီး ပုသိမ်ရွှေမုဌောဘုရားတွင် သပိတ်စစ်ကြောင်း အောင်မြင်စေရေးအတွက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိကာ ကျောင်းအတွင်းဝင်ရောက်၍ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်ခဲ့ရာတွင် တက္ကသိုလ် ဆရာအချို့နှင့် ကျောင်းသားများပါ လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ပညာရေးကောလိပ်သို့ ရောက်ရှိခဲ့ပြီး ဟောပြောမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ညနေ ၃ နာရီခန့်တွင် ကျောင်းသားသပိတ်စစ်ကြောင်းသည် နည်းပညာကောလိပ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းသားကျောင်းသူအချို့က သပိတ်စစ်ကြောင်းနှင့် လာရောက်ပူးပေါင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။“ကျွန်မကို ကျွန်မတို့ ဆရာမက ခေါ်ပြီးပြောတယ်။ နင်အရူးလား။ နင့်လောက်မိုက်တဲ့သူ ဒီကမ္ဘာမှာ မရှိဘူး။ ဒါတွေလုပ်လို့ ဘာဖြစ်မှာလဲ ပြောတယ်။ ကျွန်မမိဘတွေကလည်း ပထမတော့ တားတယ်။ ဒါပေမဲ့ ကျွန်မတို့ နောင်လာမယ့် မျိုးဆက်သစ်တွေ ဒီလိုဘွဲ့ရပြီး ပညာမတတ်တဲ့ ဘဝတွေ မဖြစ်စေချင်လို့ ကျွန်မ အခုလို သပိတ်စစ်ကြောင်းနဲ့ လိုက်ပါရတာပါ” ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူ ပုသိမ်တက္ကသိုလ် အင်္ဂလိပ်စာမေဂျာ ကျောင်းသူ မအိအိမွန်က ပြောကြားသည်။သပိတ်မှောက် ကျောင်းသားများကို လမ်းတစ်လျှောက်ရှိ ကိုးဆူကျေးရွာ၊ တကုန်းကြီးကျေးရွာများတွင် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြလျက်ရှိပြီး လမ်းတစ်လျှောက်တွင် ကျောင်းသားကျောင်းသူများ ပြည်သူများပါ သပိတ်စစ်ကြောင်းအတွင်းသို့ ပါဝင်လာခဲ့ကာ အင်အားတစ်ရာကျော်ဖြင့် လမ်းခရီး ခေတ္တရပ်နားမည့် ကန်ကြီးထောင့်မြို့သို့ ဆက်လက်ချီတက်သွားကြောင်း သိရသည်။“ကျွန်တော်တို့ ဧရာဝတီ သပိတ်မှောက်စစ်ကြောင်းဟာ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီကို ပြတ်ပြတ် သားသား ထောက်ခံပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုပါတယ်။ ဒီသပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့အရောက် ချီတက်သွားမှာဖြစ်ပြီး အခြားသော သပိတ်စစ်ကြောင်းများနဲ့ ပူးပေါင်းသွားမှာပါ” ဟု နည်းပညာကောလိပ်မှ သပိတ်မှောက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်အောင်ဇင်လတ်က ပြောကြားသည်။ဧရာဝတီ သပိတ်မှောက်စစ်ကြောင်းကို ပုသိမ်မြို့ရှိ လူမှုရေး အသင်းအဖွဲ့များမှ ခရီးတစ်လျှောက် လိုက်လံပံပိုး ကူညီပေးလျက်ရှိပြီး ယနေ့ညတွင် ကန်ကြီးထောင့်မြို့တွင် ညအိပ်ရပ်နားမည်ဖြစ်သည်။

Most Read

Most Recent