ဘဏ်အချင်းချင်း လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်မည့် နိုင်ငံခြားငွေကြေး ဈေးကွက်ကို အဆင့်မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ဆောင်နေပြီး ယခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ Bloomberg စသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားသည်။နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်နိုင်ရေး လုပ်ဆောင်ရန် ကြားခံအဆင့် တစ်ခုဖြစ်သည့် Interbank Market အား ၂ဝ၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း မြန်မာ့ဒေါ်လာဈေးကွက်တွင် ဖြစ်ပေါ်လာမည့် Floating Market လုပ်ဆောင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် လုပ်ဆောင်မှုများ ရှိနေပြီး လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်များမှ တာဝန်ရှိသူများအား လွတ်လပ်သော နိုင်ငံခြားငွေကြေးဈေးကွက်တွင် မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်ကို Bloomberg ၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ ‘Myanmar FX Market Training & Development Masterclass’ ကို သင်ကြားပေးနေကြောင်း သိရသည်။“ဘဏ်အချင်းချင်းအကြား Interbank Market ကို အဆင့်မြှင့်ဖို့ နိုင်ငံခြား ငွေကြေးဈေးကွက် (Foreign EX market) မှာ ဘယ်လိုရောင်းကြ ဝယ်ကြမယ်။ ဘဏ်အချင်းချင်းအကြား အရောင်းအဝယ်ဈေးကွက်ကို ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာကို Bloomberg ရဲ့ Terminal သုံးမယ်။ ဈေးကွက် အခြေအနေအရ ဘဏ်အချင်းချင်းအကြား အရောင်းအဝယ်ဖြစ်ဖို့ဆိုရင် သူတို့ရဲ့ Terminal လေးတွေ လိုတယ်။ ဒါပေမဲ့ ကျွန်မတို့က IMF ရဲ့ နည်းပညာ အထောက်အပံ့နဲ့လည်း စီစဉ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ မြန်ဆန်ခေတ်မီချင်တာပေါ့” ဟု ၎င်းက ပြောကြားသည်။လက်ရှိအချိန်တွင် ဘဏ်အချင်းချင်းအကြား နိုင်ငံခြားငွေ အရောင်းအဝယ်ပြုမှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိန်းချုပ်မှုအချို့ ပြုလုပ်ထားပြီး နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း မြန်မာ့ဒေါ်လာဈေးကွက်တွင် ဖြစ်ပေါ်လာမည့် Free Float ဖြစ်လာရန် IMF ၏ အကူအညီနှင့်ပင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ရန် အာရုံစိုက် လုပ်ဆောင်နေကြောင်း ဒေါ်သန်းသန်းဆွေက ဆိုသည်။
ဘဏ်အချင်းချင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်မည့် နိုင်ငံခြားငွေကြေးဈေးကွက် ယခုနှစ်တွင် ဖော်ဆောင်နိုင်ရန် IMF၊ Bloomberg တို့နှင့် ဗဟိုဘဏ် ဆွေးနွေး