တပို့တွဲလဟာ ဆောင်းရာသီဖြစ်လို့ ညပိုင်းမှာ အလွန်အေးမြတဲ့လ ဖြစ်တယ်။ဒီတပို့တွဲလပြည့်နေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓဘုရားရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးပင့်လို့ မွေးရပ်ဌာနေအကြွ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရက ကြည်ညိုပြီး ဝေဠုဝန်ကျောင်းတော်ကို ပေးလှူလို့ သီတင်းသုံးနေချိန် ဖြစ်ပါတယ်။ဒီအချိန်ကာလမှာ အဂ္ဂသာဝကလောင်းတွေဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတဟာ သိဉ္စည်း ဆရာကြီးထံ အယူဝါဒရေးရာ၊ အကျင့်လမ်းစဉ်တွေ သင်ကြားတတ်မြောက်လို့ သူတို့ရှာဖွေတဲ့ သံသရာမှလွတ်ကြောင်း အမြိုက်နိဗ္ဗာန်တရား မတွေ့မြင်ကြလို့ ဆက်လက်ရှာဖွေနေတဲ့ အချိန်လည်း ဖြစ်တယ်။နှင်းမှုန်တွေဖျန်း အေးချမ်းတဲ့ ဒီတပို့တွဲလဆန်းရဲ့ နံနက်ခင်းနေ့တစ်နေ့၊ ပဉ္စဝဂ္ဂီငါးပါး အပါအဝင် အရှင်အဿဇိမထေရ်ဟာ သင်္ကန်းတော်ရုံ သပိတ်ပိုက်ကာ ကြည်ညိုဖွယ်ရာ အဆင်းနဲ့ ရာဇဂြိုဟ်မြို့ရဲ့ လမ်းမတော်မှာ ဆွမ်းခံကြွချီတော်မူရာ သာရိပုတ္တရာ အလောင်းဥပတိဿပရိဗိုဇ်အား မြင်တွေ့ရလို့ အကဲခတ်လိုက်ရာ “ဒီရဟန်းပုဂ္ဂိုလ်မှာ လောကရဲ့အဆုံး၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်သူမြတ် ဧကန်ဖြစ်ပေလိမ့်မယ်။ သူ့ထံ ချဉ်းကပ်မေးလျှောက်ထားရင် ကောင်းမယ်။ ဆွမ်းခံကြွနေဆဲမို့ အချိန်အခါ မသင့်သေး။ သူ့ဆီက တရားရဖို့ ထပ်ကြပ်မကွာ လိုက်ပါမှ ကောင်းမယ်” ဆိုပြီး မျက်ခြည်မပြတ် နောက်က လိုက်ခဲ့တယ်။မြို့အပြင်တစ်နေရာ ရောက်တဲ့အခါ အပန်းဖြေ ထိုင်တော်မူလိုဟန်သိလို့ ဥပတိဿဟာ အရန်သင့်ပါလာတဲ့ အင်းပျဉ်ထိုင်ခုံလေး ချခင်းပေးလိုက်တဲ့အခါ မထေရ်က ထိုင်တော်မူကာ သပိတ်ဖွင့် ဆွမ်းဘုဉ်းပေးတော်မူတယ်။ ဆွမ်းစားပြီးလို့ ရေကပ်လှူကာ မိတ်ဆက်စကားပြောရင်း သူသိလိုတာတွေ လျှောက်တယ်။ အရှင်ဘုရားရဲ့ မျက်စိ၊ နား၊ နှာစတဲ့ ဣန္ဒြေတွေ တည်ငြိမ်ပြီး ကြည်လင်လှတယ်။ ရုပ်ရည်သန့်ရှင်း အပြစ်ကင်းလှတယ်။ ဘယ်ဆီရည်မှန်း ရဟန်းပြုခဲ့တာလဲ။ ဆရာက ဘယ်သူလဲ။ အဲဒီဆရာ တရား နှစ်သက်ပါလား။ သိလိုတာတွေ ဆက်မေးလျှောက်လိုက်တော့ အရှင်အဿဇိက “ဒကာ၊ ငါဟာ သကျသာကီဝင်မင်းမျိုးက တောထွက်ရဟန်းပြုကာ မြတ်ဗုဒ္ဓကို ရည်မှန်း ရဟန်းပြုခဲ့တယ်။ သူဟာ ငါ့ရဲ့ဆရာ ဖြစ်ပေတယ်။ ငါဟာ သူ့တရားကို နှစ်သက်မြတ်နိုးသူဖြစ်တယ်။“ဒါဆို အရှင်ရဲ့ဆရာ ဘုရားဟာ ဘာအယူဝါဒ ရှိသလဲ။ ဘယ်လိုတရားမျိုး ဟောလေ့ရှိသလဲ” လို့ မေးလျှောက်တော့ အဿဇိ မထေရ်က အကဲခတ်မိကာ ဒီပုရိဗိုဇ်ဟာ သာသနာရဲ့ ဆန့်ကျင်ဘက် အယူဝါဒ ရှိလိမ့်မယ်။ ဒီပုဂ္ဂိုလ်ကိုတော့ သာသနာတော်ရဲ့ နက်နဲသိမ်မွေ့တဲ့ တရားကို ထင်စွာပြမှ တော်မယ်ဆိုပြီး “ဒကာ ငါဟာ မနေ့တစ်နေ့ကပဲ ရဟန်းပြုလာတာ မကြာသေး။ သင့်ကို အကျယ်ချဲ့ကာ တရားကို မဟောနိုင်သေး။ ဒါပေမဲ့ သင့်ကို လိုရင်းသဘော အဓိပ္ပာယ်ပြည့်စုံတဲ့တရား ဟောပြမယ်” လို့ မိန့်တဲ့အခါ ဥပတိဿက “ဒါဆိုရတယ် ဟောပါ။ တပည့်တော် နာမည်က ဥပတိဿ ခေါ်တယ်။ သုတေသီ ပညာရှင် တစ်ဦးပဲ။ အရှင်ဘုရား စွမ်းနိုင်သလို ဟောပြောပါ။ အရှင့်တရားကို ရာထောင်များစွာ နည်းတွေနဲ့ ချဲ့ထွင်သိမြင်ဖို့မှာ တပည့်တော်ရဲ့အရာ ပညာအလုပ်သာ ဖြစ်ပါတယ်” လျှောက်ထားတောင်းပန်လေတော့ အရှင်အဿဇိမထေရ်မြတ်က အောက်ပါဂါထာတော် ဟောကြားတော်မူပါတယ်။ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။ “ဒကာ ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေဟာ သမုဒယတဏှာလောဘသာ အခြေခံ အကြောင်းရင်း ရှိတယ်။ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေရဲ့ အကြောင်း သမုဒယသစ္စာ တဏှာလောဘကို လည်းကောင်း၊ ဒီဒုက္ခနဲ့ သမုဒယ သစ္စာနှစ်ပါးတွေရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ နိရောဓသစ္စာ၊ မဂ္ဂသစ္စာနှစ်ပါး ရှိလေတယ်။ ဒီနိရောဓသစ္စာ၊ မဂ္ဂသစ္စာ နှစ်ပါးကို ငါတို့ဆရာ ဘုရားမြတ်စွာက စိတ်ဖြာခွဲခြား ဟောကြားတော်မူပေတယ်။ သုံးလူဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူတဲ့ ငါတို့ဆရာ မြတ်စွာဘုရားဟာ ဒီလိုသစ္စာတရား အမှန်တရားကို ခွဲခြားဖော်ပြ ဝိဘဇ္ဇလို့ ဝါဒစင်ဖြူ အယူရှိတော် မူပါပေတယ်”ဥပတိဿပရိဗိုဇ်ဟာ တရားဒေသနာ ဂါထာထက်ဝက်ကို ကြားနာလိုက်ရတဲ့အခါ သောတာပတ္တိဖိုလ်မှာ တည်ပါတယ်။ ဂါထာရဲ့ နောက်ထက်ဝက်ကျတော့ သောတာပန်ဖြစ်ပြီး နာယူပြီးဆုံး သွားတယ်။ ဒီအခါ သာရိပုတ္တရာအလောင်း ဥပတိဿက ဂါထာတစ်ပုဒ် ရွတ်ပြကာ “အရှင်ဘုရား တပည့်တော် သောတ္တာပတ္တိဖိုလ်သို့ ကိုယ်တိုင်ဉာဏ်နဲ့ ဆိုက်ရောက်ပါပြီ။ တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး နှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ တရားမှာ အရှင်ဘုရားဟောတဲ့ တရားပါပဲ။ အရှင်ဘုရားတို့ဟာ စိုးရိမ်ခြင်းကင်းရာ နိဗ္ဗာန်တရားကို မျက်မှောက်ထင်ထင် သိမြင်နေကြတယ်။ တပည့်တော်တို့မှာက နိဗ္ဗာန်တရားကို မသိမမြင်ကြလို့ ကမ္ဘာပေါင်းများစွာ သံသရာလည်ပတ် အချိန်တွေကုန်လွန် အရှုံးကြီး ဆုံးရှုံးခဲ့ရပါပြီ ဘုရား”
ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း . . . . .
လျှောက်ထားပြီး အရှင်အဿဇိမထေရ်ကို “အရှင်ဘုရား တရားတော်ကို ဒီမှာ ရပ်ပါဦး။ ဆက်ပြီး မဟောကြားစေလိုပါ။ တပည့်တော်တို့ရဲ့ ဆရာဘုရား အခု ဘယ်အရပ်မှာ သီတင်းသုံးနေပါသလဲ” လို့ မေးရာ “ဒကာ မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော် မူနေတယ်” ဖြေဆိုရာ “ဒါဆို အရှင်ဘုရား ရှေ့က သွားနှင့်ပါ၊ တပည့်တော်ရဲ့ သူငယ်ချင်းတစ်ယောက် ကျန်ရှိနေပါသေးတယ်။ အမြိုက်နိဗ္ဗာန်ကို လက်ဦးသိသူက ပြောကြစတမ်းဆိုပြီး ကတိကဝတ်ပြုထားလို့ သူ့ကိုပြေလည်အောင် ပြောဆိုပြီးမှ သူ့ကို ခေါ်ဆောင်ကာ လိုက်လာခဲ့ပါမယ် ဘုရား” လို့ လျှောက်တင်ကာ ခြေတော်ရင်း ဝပ်စင်း ရှိခိုးပြီး ပရိဗိုဇ်ကျောင်း ပြန်လာခဲ့တယ်။ကောလိတပရိဗိုဇ်ဟာ ကျောင်းအဝင်၀ ဥပတိဿပရိဗိုဇ်လာနေတာ မြင်လိုက်တော့ “ဒီကနေ့ သူငယ်ချင်းရဲ့မျက်နှာ အဆင်းတည်ငြိမ် ခန့်ညားလှချေပါလား။ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီလား” လို့ ထင်ကြေးနဲ့ မေးလိုက်တဲ့အခါ “အေး...ဟုတ်စ၊ ငါ့မှာ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီ” “ဒါဆို ဘယ်ပုံဘယ်နည်း ရခဲ့တာလဲ” ဒီအခါ ဥပတိဿက အရှင်အဿဇိမထေရ်နဲ့ တွေ့ခဲ့ရပုံကို အကျယ်တဝင့် ရှင်းပြပြီး ယေဓမ္မာ ဟေတုပ္ပဘဝါစတဲ့ ဂါထာကို ပြန်ဟောပြလို့ ဂါထာဆုံးတဲ့အခါ သူငယ်ချင်း ကောလိတဟာ သောတာပတ္တိဖိုလ်တည်ပြီး “အဆွေတော် ဥပတိဿ... ငါတို့ဆရာဘုရား အခု ဘယ်အရပ်မှာ ရှိနေသလဲ” လို့ မေးတဲ့အခါ “ဘုရားမြတ်စွာ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်း ငါတို့ဆရာ အဿဇိ မထေရ်က မိန့်ဆိုပြောတယ်။ ဒီအခါ ကောလိတက စိတ်မြန်သူပီပီ “ဒါဆို ဘုရားထံ အခု သွားကြစို့။ ဘုရားရှင်ဟာ ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်ပါပေတယ်” ပြောဆိုလေတယ်။ဥပတိဿနဲ့ ကောလိတဟာ တပည့်ပရိသတ် ၂၅၀ ကို ခေါ်ဆောင်ကာ သိဉ္စည်း ဆရာကြီးထံ သွားရောက်ပြီး သုံးကြိမ်တိုင်တိုင် ခေါ်ဆိုရာ နောက်ဆုံးမှာ “အမောင်တို့ ဒီလောကမှာ ပညာရှိ၊ ပညာမဲ့ ဘယ်သူက ပိုများသလဲ” လို့ ဆရာကြီးက မေးလိုက်ရာ “ဒီလောကမှာ ပညာမဲ့သူကများပြီး ပညာရှိသူက နည်းပါးပါကြောင်း” ဖြေလိုက်တော့ “ဒါဆို အမောင်တို့ ပညာရှိသူက ပညာရှိတဲ့ ရဟန်းဂေါတမထံ သွားလိမ့်မယ်။ ပညာမဲ့သူတွေက ပညာမဲ့တဲ့ ငါ့ထံ လာကြလိမ့်မယ်။ အမောင်တို့သာ သွားကြတော့၊ ငါ ဘယ်နည်းနဲ့မှ မလိုက်” လို့ ငြင်းဆိုလိုက်တာကြောင့် သူငယ်ချင်းနှစ်ယောက် တပည့် ၂၅၀ ကို ခေါ်ဆောင်ကာ ဝေဠုဝန်ကျောင်းသို့ လာခဲ့ကြတယ်။ဒီအချိန် ဘုရားရှင်ဟာ ပရိသတ်အလယ် တင့်တယ်စွာ ထိုင်နေတော်မူပြီး တရားဟောနေရင်း ဥပတိဿနဲ့ ကောလိတ တပည့်တွေနဲ့အတူ ကျောင်းတော်သို့ ဝင်လာတာကို မြင်တော်မူလို့ ရဟန်းတော်တွေကို “ချစ်သား ရဟန်းတို့ ဟောဟိုမှာ ကောလိတနဲ့ ဥပတိဿ သူငယ်ချင်းနှစ်ဦး ငါဘုရားထံ လာနေကြတယ်။ ဒီနှစ်ဦးဟာ ငါဘုရားရဲ့ လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝကအစုံ ဖြစ်ကြပေလိမ့်မယ်” လို့ မိန့်တော်မူတယ်။သူငယ်ချင်းနှစ်ဦးသား တပည့် ၂၅၀ နဲ့အတူ ဘုရားထံ ချဉ်းကပ်လို့ ခြေတော်အစုံမှာ ညွတ်တွားရှိခိုးကာ “ဘုန်းတော်ကြီးမား မြတ်စွာဘုရား... တပည့်တော်များအား အရှင်ဘုရားထံမှာ ရှင်ရဟန်းအဖြစ် ရကြပါရစေ” လို့ တောင်းပန်လျှောက်ထားတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ လာကြလော့။ သင် ချစ်သားတို့ တောင်းပန်အပ်တဲ့ ရှင်ရဟန်းအဖြစ် ခံယူကြလော့။ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ။ သင်ချစ်သားတို့ဟာ ဝဋ်ဆင်းရဲရဲ့ အဆုံးကို ပြုဖို့သုံး ပါးသိက္ခာသာသနာဆိုတဲ့ မြတ်တဲ့အကျင့်ကို ကျင့်ကြံအားထုတ်ကြလော့” လို့ ရွှေလက်တော်ဆန့်တန်းပြီး ဧဟိဘိက္ခု ခေါ်တော်မူလိုက်တာနဲ့ တစ်ခဏချင်း သူငယ်ချင်းနှစ်ဦးနဲ့ တပည့်အားလုံး ပရိက္ခရာ ဆင်ယင်ပြီးသား ဝါတော် ၆၀ ရ မထေရ်တွေလို ဘုရားရှင်ကို ရှိခိုးကြရင်း ရဟန်းပြုပြီး ဖြစ်ကြပါတယ်။ဘုရားရှင်က သင့်တော်တဲ့ တရားကို တိုးချဲ့ဟောကြားလေရာ အဂ္ဂသာဝက နှစ်ပါးကလွဲလို့ တပည့်ရဟန်း ၂၅၀ တို့ဟာ အရဟတ္တဖိုလ်ကို တစ်နေရာ၊ တစ်ထိုင်တည်း ရရှိသွားကြတယ်။ အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီး ခုနစ်ရက်မြောက်နေ့မှာ ကာလဝါလပုတ္တရွာငယ်ကို ဂေါစဂံပြုတောအုပ်ထဲ ရဟန်းတရား အားထုတ်တဲ့အခါ ပင်ပန်းနွမ်းနယ်လို့ စင်္ကြံအစွန်းမှ ငိုက်မျဉ်းနေချိန် ဘုရားရှင်က တရားပြ ထိတ်လန့်စေတော့မှ ထိနမိဒ္ဓပယ်ကာ ဘုရားရှင်နည်းပေးတဲ့ ဓာတ်ကမ္မဋ္ဌာန်း ကြားနာရှုမှတ်လိုက်ရာ အထက်မဂ်သုံးပါးပြီးစေကာ သာဝကဉာဏ် ရတော်မူပါတယ်။အရှင်သာရိပုတ္တရာမှာလည်း လခွဲ ၁၅ ရက်လွန်တဲ့နေ့ (တပို့တွဲလပြည့်နေ့)မှာ ဘုရားရှင်နဲ့အတူ ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ် (ဝက်တူးလိုဏ်)မှာနေစဉ် တူဖြစ်သူ ဒီဃနာပရိဗိုဇ်အား ဝေဒနာ ပရိဂ္ဂဟသုတ္တန်ခေါ်တဲ့ ဒီဃနခသုတ်ကို ဘုရားရှင် ဟောတဲ့အခါ သုတ္တန်ကို အစဉ်လျှောက်လို့ မိမိဉာဏ်ကို စေလွှတ် ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူလို့ သာဝက ပါရမီဉာဏ် အထွတ်အထိပ်ပေါက် ရဟန္တာ ဖြစ်တော်မူပါတယ်။မြတ်စွာဘုရားရှင် ဝေဒနာပရိဂ္ဂဟသုတ္တန်ကို နေမဝင်မီ ပြီးဆုံးအောင် ဟောကာဂိဇ္ဈကုဋ်တောင်မှ ဆင်းခဲ့ပြီး ဝေဠုဝန်ကျောင်းတော်သို့ ဝင်ရောက်တော်မူတဲ့ အချိန်မှာ (၁) တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊ (၂) ဘယ်သူတစ်ယောက်မှ ကြိုတင်ပင့်ဖိတ်မထားဘဲ မိမိတို့သဘော ဓမ္မတာအတိုင်း ရဟန်းပေါင်း ၁၂၅၀ (ဥရုဝေလ ကဿပညီနောင်ရဟန်း ၁၀၀၀ နဲ့ အဂ္ဂသာဝကကြီး နှစ်ပါးအဖွဲ့မှ ၂၅၀) တို့ စည်းဝေးမိခြင်း၊ (၃) ထို ၁၂၅၀ ရဟန်းတော်အားလုံး ဧဟိဘိက္ခုရဟန်းဖြစ်ခြင်း၊ (၄) ထိုရဟန်းအားလုံး ဆဠဘိည-အဘိညာဉ်ခြောက်ပါး ရရှိကြတဲ့ ရဟန္တာဖြစ်ခြင်း၊ ဒီအင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝကသန္နိပါတ (သာဝက အစည်းအဝေးကြီး) ပြုတော်မူပြီး အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးနှစ်ပါးကို အဂ္ဂသာဝက ရာထူးအပ်နှင်း ပေးသနားတော်မူတယ်။ ဒီတပို့တွဲလပြည့်နေ့ ညနေချမ်း အချိန်မှာပဲ ဘုရားရှင်တိုင်း မစွန့်ရာ သြဝါဒပါတိမောက် ဒေသနာတော်ကို ပြတော်မူပါတယ်။ ကျွနု်ပ်တို့ ကိုးကွယ်ရာ သုံးလောကထွတ်ထား ဂေါတမမြတ်ဘုရားမှာ အင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝက သံဃာ့အစည်းအဝေးကြီးမှာ ထူးထူးခြားခြား တစ်ကြိမ်တစ်ခါသာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးမှာ သြဝါဒပါတိမောက် ပထမဆုံး ပြတော်မူတယ်။ ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူကို အပါယ်ဒုဂ္ဂတိဘေးစသည်မှ လွတ်မြောက်စေတတ်လို့ ဘုရားရှင်တို့ရဲ့ အကျဉ်းချုပ် အဆုံးအမ သြဝါဒနဲ့ ပညတ်တော်မူတဲ့ သိက္ခာပုဒ် ဥပဒေတွေကို ပါတိမောက်လို့ ခေါ်ပါတယ်။ ပါတိမောက်မှာ သြဝါဒပါတိမောက် အာဏာပါတိမောက်လို့ နှစ်မျိုးရှိတယ်။ သြဝါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြတော်မူကြတယ်။သြဝါဒပါတိမောက် ဒေသနာကတော့ ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း တပို့တွဲလပြည့် သြဝါဒပါတိမောက် ဒေသနာတော်နေ့ အမှတ်ရကြစေဖို့ ရေးသားလိုက်ရပေသတည်း...။