အကူးအပြောင်းတွင် ပဋိပက္ခများစွာ ဖြစ်လာလေ့ရှိသည်။ ဒီမိုကရေစီ အကူးအပြောင်းတွင် ပဋိပက္ခများစွာကို တွေ့ရပေမည်။ ကျွန်တော်တို့နိုင်ငံ၏ အကူးအပြောင်းသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းဖြစ်၍ ပို၍ခက်ခဲသော ပြဿနာများစွာကို ရင်ဆိုင်ရပေမည်။ အာဏာရှင်စနစ်တွင် တစ်စုံတစ်ယောက်၏ အလိုအတိုင်း ဆောင်ရွက်ရသည်။ တစ်သွေးတစ်သံတစ်မိန့် ဖြစ်သည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ဒီမိုကရေစီစနစ်တွင်မူ ပြည်သူ၏ အလိုအတိုင်း ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ထားပေးသည်။ တစ်ယောက်တစ်ခွန်း ပြောခွင့်ရှိသည်။ ထိုကြောင့်လည်း ပို၍ခက်ခဲသော ပြဿနာ များစွာကို ရင်ဆိုင်ရခြင်းဖြစ်သည်။“ကျွန်တော်တို့ နိုင်ငံကြီးကို ကျွန်တော်တို့နေတဲ့ အိမ်ကြီးလို့ သဘောထားကြည့်ရအောင်”ကိုဘသစ်က ကျွန်တော့်ကို ဆွေးနွေးသည်။ သူ ဆက်ပြောသည်။“ဒီအိမ်ကြီးကို ပြင်ဆင်မယ်၊ ဒါမှမဟုတ် အသွင်ပြောင်းချင်တယ် ဆိုပါစို့။ ဘာလုပ်ရမလဲ”“တတ်တဲ့လူကို ခေါ်ရမှာပေါ့”“ဒါ အမှန်ဆုံးပဲ၊ တတ်တဲ့လူတွေကို ခေါ်ရမှာပဲ၊ ဒါပေမဲ့ ခေါ်လိုက်တဲ့ လူတွေဟာ ဘာတွေကို တတ်သလဲ ဆိုတာတော့ စစ်ဆေးကြည့်ဖို့ လိုတယ်။ တကယ်လို့ ခင်ဗျားအိမ်ကို ပြင်ဖို့လာတဲ့ လူရဲ့ လက်ထဲမှာ အိတ်တစ်လုံး ပါတယ်။ သူ့အိတ်ကို ကြည့်လိုက်တော့ တူတွေပဲ ပါတယ်။ တူအသေး၊ တူအလတ်၊ တူအကြီးတွေပဲ ပါတယ် ဆိုပါတော့ သူ့ကို မေးတယ်။ ခင်ဗျား ဘာလုပ်တတ်လဲ။ ကျွန်တော် တူထုတတ်တယ်။ သံရိုက်တတ်တာပေါ့တဲ့။ ဘယ်နေရာမှာ သံရိုက်မလဲ၊ ကျွန်တော် အကောင်ဆုံး ရိုက်တတ်တယ်လို့ သူကပြောတယ်။ ဒါဆိုရင် သူ့ကို အိမ်ပြင်ဖို့ အပ်မလား”“ဘယ်အပ်လို့ ဖြစ်မလဲ၊ သူက သံပဲ ရိုက်တတ်တယ်။ တူနဲ့ရိုက်ပြီး အိမ်ဖျက်လို့ပဲ ရမယ်။ သူလုပ်တာနဲ့ တစ်အိမ်လုံး ပြိုပျက်သွားမှာပေါ့။“ဒီလိုလူမျိုး ရှိလို့လား”“ရှိမှာပေါ့ဗျာ၊ သူက သံအမျိုးမျိုးရိုက်နည်း သင်ထားချင် သင်ထားမှာပေါ့။ သူ့ကို အိမ်ရှင်က ပျဉ်ပြားနဲ့သံ ပေးလိုက်ရင် သူ ကြမ်းခင်းတတ်မယ်၊ နံရံလည်း တက်လို့တတ်ချင် တတ်မှာပေါ့။ သူက လက်သမား၊ ကျောင်းက သံရိုက်အထူးပြု ယူထားတဲ့သူ ဖြစ်ချင်ဖြစ်နေမှာပေါ့”“အင်း ကျွန်တော်တို့ အိမ်ကိုပြင်ဖို့ ဒီလို လက်သမားတွေကို အပ်ထားမိနေသလား မသိပါဘူး”“ဘာလို့ ဒီလိုပြောရတာလဲ”“တပ်မတော်သားတွေကိုပေါ့လေ၊ သူတို့က ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေက လာတယ်။ ဘောင်းဘီဝတ်ရော၊ ဘောင်းဘီချွတ်ရောကို ကျွန်တော်တို့က လွှတ်တော်မှာရော အစိုးရအဖွဲ့တွေမှာရော အများကြီး ထည့်ထားတယ် မဟုတ်လား၊ သူတို့က အမိန့်ပေးတတ်တယ်။ အမိန့်လည်း နာခံတတ်တယ်”“ဒါကတော့ စစ်သည်ရဲ့ အဓိက အရည်အချင်းက တစ်သွေးတစ်သံတစ်မိန့်ပဲ မဟုတ်လား။ သူတို့ရဲ့ အလေ့အကျင့်ဟာ တိုင်းပြည်ကာကွယ်ဖို့ ဖြစ်တယ်”“ဒီလို လုပ်တတ်တဲ့သူတွေက ပြုပြင်တည်ဆောက်နေတယ်လို့ ဆိုလိုတာလား”“ဒါကတော့ သူတို့ဟာ တူထုဖို့အတွက် သက်သက်လုပ်နေတာမှ မဟုတ်တာပဲ၊ သူတို့ ပြောင်းလဲလာတယ်။ စာရွက်တွေ ကိုင်လာတယ်၊ ကွန်ပျူတာတွေ ကိုင်လာတယ်”“အကြံပေးတွေကော”“သူတို့လည်း တူကောင်းကောင်း ထုတတ်တဲ့ သူတွေပါပဲ။ အနည်းဆုံး သူတို့ဟာ သီအိုရီကိုတော့ နားလည်တယ်”(စာရှုသူများခင်ဗျား။ ကိုဘသစ်ကို အထင်မလွဲပါနဲ့၊ သူ့မှာ မကောင်းတာကို မကောင်းကောင်းအောင်မြင်တဲ့ အကောင်းမြင်ဝါဒလည်း မရှိပါဘူး။ ဒီအတိုင်းပဲ၊ အဆိုးတွေကို ကောင်းတယ်ဆိုတဲ့ အမြင်မျိုးလည်း မရှိပါဘူး။ စကားချပ်)ယနေ့ မြန်မာ့လူ့ဘောင်အကြောင်းကို လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်မှစ၍ တည်ဆောက်လိုက်သော အစိုးရသစ်၏ အုပ်ချုပ်ရေးစနစ်ကို လေ့လာခြင်းပါ။ ဒီတစ်လော ပြဿနာတွေက များနေသည် မဟုတ်ပါလား။ဥပမာ-ကျောင်းသားများ၏ အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြနေသော ပြဿနာ။ လက်ပံတောင်းတောင်မှ ဒေါ်ခင်ဝင်း နဖူးသေနတ်မှန်ကာ သေဆုံးရသော ပြဿနာ။ ကချင်လုပ်အားပေး ဆရာမနှစ်ဦး လူမဆန်စွာ သတ်ဖြတ်ခံရသည့် ပြဿနာ။ ထိုပြဿနာများသည် အသေးအမွှား ပြဿနာ များ မဟုတ်ကြပေ။ နိုင်ငံတော်အစိုးရ ခေါင်းခဲရသော ပြဿနာများပင်ဖြစ်သည်။“သတင်းထောက်များက ကျွန်တော်တို့ကို မကြာခဏ လာမေးတယ်ဗျ”“ဘာတွေကိုမေးလဲ ကိုဘသစ်”“အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြတာ ဆရာထောက်ခံပါသလားတဲ့”“ခင်ဗျားက ဘယ်လိုဖြေလိုက်လဲ”“ကျွန်တော်က ပညာရေးဝန်ထမ်း အဖြစ်လည်း ၂၅ နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ တက္ကသိုလ်ဆရာဆိုတာ သုတေသနတွေလုပ် ပညာရပ်ဆိုင်ရာ စာတွေဖတ်နဲ့ အချိန်ကုန်ရပါတယ်။ အဆောင်မှာ ကျောင်းသားတွေရဲ့ စားဝတ်နေရေး လူမှုရေးတွေကို ဖြေရှင်းပေးရတာတော့ ရှိတယ်။ ဒါပေမဲ့ နိုင်ငံတော် ပညာရေးမူဝါဒတို့လို ကြီးကြီးကျယ်ကျယ် လေ့လာထားတာမျိုးတော့ မရှိဘူး။ နောက်ပြီး ဒီအချိန်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ကာလဖြစ်တော့ ကိုယ်မကျွမ်းကျင်တာကို မဖြေချင်ဘူး”“ကိုလိုနီ နယ်ချဲ့တွေ လက်ထက်က ဒီလိုပဲ ကျောင်းသားတွေ သပိတ်မှောက်တယ် မဟုတ်လား”
ကန့်ကွက်မှုတွေကို ကျောင်းသားတွေတင် မကပါဘူး။ သတင်းစာများနဲ့ ဂျီစီဘီအေ အစည်းအဝေးများကပါ ဝိုင်းဝန်းကန့်ကွက်တယ် . . . . .
“ဟုတ်ပါတယ်။ အင်္ဂလိပ်တွေက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ၁၈၈၅ ခုနှစ်ကစပြီး အုပ်စိုးခဲ့တယ်။ ဒါပေမဲ့ တစ်ပြည်လုံးမှာ သူပုန်တွေ ထလာတဲ့အတွက် ၃၇ နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ သွားရတယ်။ အဲဒီနောက်ပိုင်းကျမှ မြန်မာပြည်ကို တည်ထောင်ပေးမယ်လို့ သူတို့ပြောခဲ့တာပဲ”“ဘယ်လိုမျိုးလဲ”“အဲဒီအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံရေးသမားတွေက ဝိုင်းဝန်းဖိအားပေးနေကြတော့ နယ်ချဲ့အစိုးရဟာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တစ်ခု ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါက ၁၉၂ဝ ခုနှစ်ပေါ့။ ဒီအတွက် ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ကို ရေးဆွဲထုတ်ပြန်တယ်။ အဲဒီ ဥပဒေမူကြမ်းကို ဇွန်လမှာ ပြည်သူတွေကို ကြေညာတယ်။ ဒါကို ကျောင်းသားတွေကမကြိုက်ဘူး။ သတင်းစာတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီစီဘီအေ အသင်းကလည်း ကန့်ကွက်တယ်”“ကျွန်တော်တို့လည်း အဲဒါတွေကို သဘောပေါက်ပါတယ်”“အဲဒီ ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ဆိုတာ အတော်ဆိုးတယ်။ အဲဒီ ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) မူကြမ်းထဲမှာ ပထမအချက်ကတော့ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမယ်၊ အဲဒီ တက္ကသိုလ်လက်အောက်မှာ ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမယ်တဲ့၊ ခင်ဗျားတို့ စဉ်းစားကြည့်၊ ခုမြန်မာပြည်မှာ တက္ကသိုလ် ၁၆၉ ကျောင်းတောင် ရှိနေတယ် မဟုတ်လား။ ဒို့တော့ ကျောင်းတစ်ကျောင်းက တစ်ခုကစမယ်၊ နောက်အဆင်ပြေရင် ဆက်လုပ်မယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်”“ကျွန်ပညာရေးကိုပဲ မွေးထုတ်ပေးဖို့ ကြိုးစားတာကိုး။ တက္ကသိုလ် တစ်ကျောင်းပဲ ရှိရမယ်ဆိုတာ ဖိနှိပ်တာပဲလို့ ယူဆကြတယ်”“ဒုတိယ အချက်ကတော့ တက္ကသိုလ်မှာ ပညာသင်ယူသူများဟာ ကျောင်းအိပ်ကျောင်းစား နေရမယ်တဲ့။ မြန်မာတွေအတွက် ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေတယ်ဆိုတာ အဆင်သင့် မဖြစ်ကြသေးဘူး။ ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေခိုင်းတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်စိတ်ဓာတ်ကို သွင်းပေးဖို့ပဲလေ”“ဟုတ်ပါတယ်။ အရင်ခေတ်က မိဘတွေဟာ သားသမီးတွေကို ရင်အုပ်မကွာ နေကြတဲ့ခေတ်ပဲ မဟုတ်လား”“တတိယ အချက်ကတော့ တက္ကသိုလ်ဝင်တန်း မရှိဘူး။ ဟိုက်စကူးဖိုင်နယ်ကို အင်္ဂလိပ်စာထူးချွန်မှ တက္ကသိုလ်တက်ခွင့်ပြုမယ်လို့ ဆိုထားတယ်။ ဒီလိုတက်တဲ့ အခါမှာ တစ်နှစ်ပြင်ဆင်ခွင့် အတန်းနေရမယ်။ ပြင်ဆင်ခွင့်တန်းမှာ စာမေးပွဲကျရင် တက္ကသိုလ်တက်ခွင့် မပြုတော့ဆိုပြီး ကန့်သတ်ထားသေးတယ်။ဂုဏ်ထူးတန်းတွေမှာလည်း တစ်ကြိမ်ကျလျှင် နောက်ထပ်ကြိုးစားခွင့် မရှိတော့ ဆိုတာမျိုး ပါတယ်”“အင်း၊ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာသိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသား စာအုပ်ထဲမှာ ဖတ်ဖူးတယ်”“ဟုတ်တယ်။ ကန့်ကွက်မှုတွေကို ကျောင်းသားတွေတင် မကပါဘူး။ သတင်းစာများနဲ့ ဂျီစီဘီအေ အစည်းအဝေးများကပါ ဝိုင်းဝန်းကန့်ကွက်တယ်။ ဒါပေမဲ့ ဘယ်လို ကန့်ကွက်ကန့်ကွက် မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ်ဒေါက်ကလပ်ဟာ လက်မခံဘူး။ ကျောင်းသားတွေကို ဂရုမစိုက်ဘူး။ မြန်မာတွေကို အထင်သေးတယ်”“နယ်ချဲ့တွေဟာ သူရဲ့ လက်အောက်ခံတွေကို အထင်သေးတာ မဆန်းဘူး”ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ British Subject တွေ ဖြစ်နေတာကိုး။ မြန်မာဘုရင်ခံ ဆာဒေါက်ကလပ်ဟာ “မြန်မာတွေ ပညာရေး နားမလည်ပါဘူးကွာ” ဆိုပြီး ၁၉၂ဝ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ရန်ကုန်တက္ကသိုလ်ယူနီဗာစတီအက် (University Act) ကို အဓမ္မ အတည်ပြု ပြဋ္ဌာန်းလိုက်တယ်”“တို့လုပ်ချင်ရာ လုပ်မှာပဲဆိုတဲ့ သဘောပေါ့ ဟုတ်လား”“ဒီလို ခေတ်တွေကို ဖြတ်ကျော်လာခဲ့ပါပြီ။ ယနေ့ ကျွန်တော်တို့ ဒီလိုပြဿနာမျိုး ကြုံလာတယ်။ ကျောင်းသားတွေဟာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချစေချင်တယ်။ သမဂ္ဂလို အဖွဲ့အစည်းတွေ ဖွဲ့ခွင့်ရချင်တယ်။ ဆီးနိတ်လို တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့တွေမှာ ဆရာကိုယ်စားလှယ်၊ ကျောင်းသားကိုယ်စားလှယ်တွေ ပါစေချင်တယ်။ အရင်အပတ်က သူတို့ဟာ မန္တလေးကနေ ရန်ကုန်ကို ချီတက်လာကြတယ်။ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုတယ်”“အစိုးရ ဘာလုပ်လဲ”“သူတို့ ချီတက်လာတာ မြင်းခြံခရိုင် တောင်သာမြို့နယ်ကိုရောက်တော့ ညှိနှိုင်းအဖြေရှာဖို့ အစိုးရက ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တယ်”“အစိုးရက ကိုယ့်အစိုးရ၊ ကိုယ့်တိုင်းပြည်ကို ထူထောင်ပေးဖို့ ဆောင်ရွက်သူတွေဆိုတော့ အဆင်ပြေစရာ ရှိတယ်”“ပြေလည်သွားမှာပါ။ ဒါပေမဲ့ ပြောဖို့တော့ စောသေးတာပေါ့။ ပဏာမအချက် ကိုးချက်မှာ ခုနစ်ချက်လောက်တော့ ပြေလည်တယ်လို့ ပြောတယ်။ ၃ ရက်နေ့မှာ နေပြည်တော်က ပညာရေးဝန်ကြီးဌာနမှာ ဆက်ဆွေးနွေးမယ်။ တောင်းဆိုချက် ၁၁ ချက်ကိုတော့ ညှိနှိုင်းအဖြေရှာပြီး လွှတ်တော်ကို တင်ပြမယ်လို့ သိရတယ်”“ညိနှိုင်းမှုတွေဟာ အရေးကြီးပါတယ် ကိုဘသစ်ရာ”“ဒီလို ဆွေးနွေးမှုတွေက အရေးကြီးတယ်။ ဒီမိုကရေစီခေတ်မှာ ညှိနှိုင်းဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။ မင်ဒဲလားတို့ရဲ့ တောင်အာဖရိကနိုင်ငံဟာ တတိယနိုင်ငံကနေ ပထမနိုင်ငံကို တက်လှမ်းနိုင်ခဲ့တာဟာ ဒီလိုညှိနှိုင်းမှုတွေ အောင်မြင်ခဲ့လို့ပါပဲ”“မှန်ပါတယ်။ အနာဂတ်မှာ ဒီ့ထက်ပိုပြီး ခက်ခဲတဲ့ ပြဿနာများစွာကို ရင်ဆိုင်ရပေဦးမှာပါ။ ဒီတော့ သမိုင်းကပေးတဲ့ သင်ခန်းစာကနေ ရှေ့ဆက်ကြတာပေါ့”