၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေမည့်သူများအတွက် စေတနာလမ်းညွှန်

၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေမည့်သူများအတွက် စေတနာလမ်းညွှန်
Published 2 February 2015
မောင်တင်ဦး (မြောင်းမြ)

၂၀၁၅ ခုနှစ် မတ်လအတွင်းမှာ စကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူများအား ရိုးသားမှန်ကန်စွာ ဖြေဆိုအောင်မြင်စေလိုသော စေတနာဖြင့် ဤလမ်းညွှန်ကို ရေးသား အကြံပေးလိုက်ပါတယ်။ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် လိုသလို ဖတ်ရှု အသုံးပြုနိုင်ပါတယ်။စိတ်ဓာတ်ရှိရမယ်အောင်မြင်ချင်တဲ့ စိတ်ဓာတ်၊ ဆန္ဒ၊ မာန မင်းမှာ တကယ်ရှိရဲ့လား။ စာမေးပွဲအောင်မြင်မှုရဲ့ အရသာကို လိုလိုချင်ချင် ခံစားချင်ရဲ့လား။ တကယ်အောင်မြင်ချင်တဲ့ စိတ်ဓာတ်ဟာ ဘယ်သူ့ရဲ့ တိုက်တွန်းချက်မှ မပါဘဲ မင်းရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်ထွန်းနေရပါမယ်။ ဒါဟာ မင်းရဲ့ အောင်မြင်မှုအတွက် ပထမဆုံးရှိရမယ့် လက်နက်ဖြစ်တယ်။ (အေးအေးဆေးဆေး စဉ်းစားပြီး စာမေးပွဲကို တကယ်ဖြေချင်မှ ဝင်ဖြေပါ။ စိတ်မပါဘဲ တစ်ယောက်ယောက်က တိုက်တွန်းလို့ ဝင်ဖြေတာ စာအားလုံးကို လိမ်နေသလို ကိုယ့်ကိုယ်ကိုယ်လည်း လိမ်နေတာပါ။)ကြိုးစားအားထုတ်မှု (ဝီရိယ) ရှိရမယ်မိုးတွင်း ရေစိုမယ်။ ဆောင်းတွင်း ချမ်းမယ်။ အေးမယ်။ နွေနေ ပူပြင်းမယ်။ ညဘက် အိပ်ငိုက်မယ်။ ဒီသဘာဝတွေကို တွန်းလှန်ပြီး စာကျက်ဖို့ကတော့ မင်းရဲ့ကြိုးစားအားထုတ်မှု ဝီရိယပါ။ မင်းအကြောက်ဆုံးက စာကျက်ရမှာ မဟုတ်လား။ အဲဒီ အကြောက်ဆုံးကို ရှောင်လွှဲလို့မရမယ့် အတူတူ အမြန်ဆုံး ရင်ဆိုင်လိုက်တာဟာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။ သည်တော့ အခုအချိန်ကစပြီး ဝီရိယအပြည့်နဲ့ စာကျက်ပါ။ (စာစကျက်တော့မယ်လို့ ဆုံးဖြတ်ချက်ချပါ။)နည်းစနစ် မှန်ရမယ်အောင်မြင်ချင်တဲ့ စိတ်ဓာတ်ရယ်။ ကြိုးစားချင်တဲ့ ဝီရိယရယ် မင်းမှာ အမှန်တကယ် ရှိနေပြီဆိုရင် စွမ်းရည်တွေ အချည်းနှီး မဖြစ်ရအောင် မှန်ကန်တဲ့ နည်းစနစ်ကို ကျင့်သုံးလိုက်နာရမယ်။ နည်းစနစ်ကျနမှုဟာ အလွန်အရေးကြီးပါတယ်။ နည်းစနစ်ပိုင်းကို ဆွေးနွေးကြရအောင်။နည်းစနစ်အနေနဲ့ ပြောရရင် ဘာသာရပ် ခြောက်ခုစလုံးကို ဟန်ချက်ညီညီ လေ့လာတတ်ရမယ်။ ပထမအဆင့် အနေနဲ့ ဘာသာရပ် ခြောက်ခုစလုံး အနိမ့်ဆုံး အောင်မှတ်ရအောင် သင်ယူကျက်မှတ်ရမယ်။ ကျောင်းမှ သင်ကြားချက်၊ ကျူရှင်မှ သင်ကြားချက်တို့ကို နားလည်သဘောပေါက်အောင် သင်ယူပါ။ နားမလည်လျှင် နားလည်သည်အထိ မည်သူ့ကိုမျှ အားမနာပဲ မေးပါ။ မှတ်ပါ။ လက်နဲ့ ချရေးပြီး မှတ်ပါ။ မှတ်စုတို ထုတ်တတ်အောင် လေ့ကျင့်ပါ။ မေးသင့်သူကို မေးပါ။အချိန်ကို တန်ဖိုးထားပါနည်းစနစ်ထဲမှာ အချိန်ကို ခွဲဝေပိုင်းခြား စီမံတတ်တာဟာ အရေးကြီးဆုံးပါပဲ။ ကျူရှင်ချိန်၊ ကျောင်းချိန်၊ စာကျက်ချိန်၊ နားချိန် စသည်ဖြင့် မိမိဘာသာ ရေးဆွဲပြီး အဲ့ဒီ အချိန်ဇယားကို အလေးစားဆုံး အလိုက်နာဆုံးလူဟာ မိမိကိုယ်တိုင် ဖြစ်သင့်ပါတယ်။ အချိန်ဇယား ရေးဆွဲရာမှာ ဘာသာရပ် ဟန်ချက်ညီရပါမယ်။ ညံ့တဲ့ဘာသာကို အချိန်ပိုပေးရပါမယ်။ တကယ်လုပ်နိုင်တဲ့ ဇယား ဖြစ်ရမယ်။ ဟန်ရေးမပြပါနဲ့။နေ့စဉ် စာကျက်(ဖတ်)ခြင်းအချိန်ဇယား ရေးဆွဲပြီးရင် အဲ့ဒီအချိန်ဇယားအတိုင်း စာကျက်ရပါမယ်။ စာကျက်ရာမှာ စာပမာဏနဲ့ ကျက်ရပါမယ်။ (ဥပမာ မြန်မာစာ ကဗျာတစ်ပုဒ်လုံး အနက်အဓိပ္ပာယ်၊ ခက်ဆစ်၊ အမေးအဖြေ အားလုံးထဲမှ ဘယ်အပိုင်းပြီးမှ နားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ကျက်ရပါမယ်။ အချိန်နာရီနဲ့ မကျက်ပါနဲ့။) စာကျက်ရာမှာ မျက်စိနဲ့ကြည့်၊ ပါးစပ်နဲ့ဖတ်၊ နားနဲ့နားထောင်၊ လက်နဲ့ချရေး (တွက်) ဦးနှောက်နဲ့ စဉ်းစားပြီး မှတ်ရပါမယ်။ နေ့စဉ်လုပ်ရမှာဖြစ်လို့ မပျင်းမရိ၊ မပျက်မကွက် (ဘယ်လိုကိစ္စတွေပေါ်ပေါ် စာကျက်ရပါမယ်) မနက်ပိုင်းကျက်ဖို့ ပြင်ဆင်ထားချိန်မှာ ကိစ္စတစ်ခုခု ပေါ်လာလို့ မကျက်လိုက်ရဘူးဆိုလျှင် စာကို အကြွေးမထားဘဲ အိပ်ချိန်လျှော့ပြီး စာကျက်ချိန် တိုးပေးလိုက်ပါ။ ပြင်ပစာဖြစ်တဲ့ သတင်းစာ ဗဟုသုတဖြစ်စေမယ့် ဂျာနယ်၊ စာစောင်တို့ကိုလည်း အချိန်ရရင် ဖတ်စေလိုပါတယ်။ စာစီစာကုံးရေးဖို့ အထောက်အပံ့ ဖြစ်ရပါမယ်။ ယခုအချိန်မှာ ပြန်လှန်လေ့ကျင့်နေတဲ့ ကာလ ဖြစ်ရပါမယ်။စာမေးပွဲအတွက် ပြင်ဆင်ခြင်းနိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည့်ပြည့်စုံစုံ သိရပါမယ်။ (အချို့ကျူရှင်တွေက အဆိုင်းမန့်တွေနဲ့ သီးခြားရွေးသင်တော့ ကျောင်းသားခများ သင်ရိုးကုန်မကုန် မသိလိုက်ပါဘူး) စာမေးပွဲမှာ မသင်တာတွေ
အောင်မြင်ချင်တဲ့ စိတ်ဓာတ်ရယ်။ ကြိုးစားချင်တဲ့ ဝီရိယရယ် မင်းမှာ အမှန်တကယ် ရှိနေပြီဆိုရင် စွမ်းရည်တွေ အချည်းနှီး မဖြစ်ရအောင် မှန်ကန်တဲ့ နည်းစနစ်ကို ကျင့်သုံးလိုက်နာရမယ်။ နည်းစနစ်ကျနမှုဟာ အလွန်အရေးကြီးပါတယ် . . . . .

ပါလာတယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ သင်ရိုးကို အပြည့်အစုံ မသိကြလို့ ဖြစ်တဲ့ပြဿ နာပါပဲ။ သင်ရိုးတစ်ခုလုံးကို သိပြီးဆိုရင် အခန်းတစ်ခုချင်းစီရဲ့ အရေးကြီးပုံ၊ အမှတ်ရနိုင်ပုံတို့ကို သိရမယ်။ ပြီးတော့ သက်ဆိုင်ရာ ဘာသာရပ်ဆရာတွေနဲ့ တိုင်ပင်ပြီး ဘယ်အခန်းကို အပိုင်ဖြေမယ်။ အမှတ်အပြည့်ယူမယ်။ ဘယ်အခန်းကို သိရုံလေ့လာမယ်။ စသည်ဖြင့် ကြိုတင်ပြင်ဆင် ထားရမယ်။စာအုပ်စုဆောင်းခြင်းဘာသာရပ်ခြောက်ခုရဲ့ ပြဋ္ဌာန်းစာအုပ်များ၊ တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ဂျာနယ် (အဟောင်း/အသစ်) များ၊ မှတ်စုများ၊ အဆိုင်းမန့်များ၊ ဟောပြောချက်များကို စုဆောင်းပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခြောက်ပုံ ပုံထားရပါမယ်။ စာကျက်ခါနီးမှ စာအုပ်ရှာနေတာဟာ အချိန်ကုန်စေပါတယ်။ ကျက်မယ့်စာကို အလွယ်တကူ ရှာတွေ့ရင် စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ စာကျက်နိုင်ပါတယ်။အစပြုပြင်ဆင်ခြင်းပထမအပတ်မှာ ဘာသာရပ် တစ်ခုစီအလိုက် အသေးစိတ် လေ့လာရပါမယ်။ မိမိသိထားတာနဲ့ ပြည့်စုံရဲ့လား။ လိုနေသေးလား။ ဆရာတွေ ဂိုက်တွေနဲ့ မေးမြန်းပါ။ လိုတာ ဖြည့်ပါ။ ဒုတိယတစ်ပတ်မှာ မေးခွန်းပုံစံတွေ စုဆောင်းပါ။ မေးခွန်းပုံစံနဲ့ မိမိဖြေဆိုတတ်တာနဲ့ ကိုက်ညီရဲ့လား။ တစ်ပုဒ်ချင်းစီက ရမှတ်တွေဟာ မိမိမျှော်မှန်းထားသလို ဖြစ်နေပြီလား။ ကျက်ထားခဲ့တဲ့ စာတွေဟာ စာမေးပွဲကို အထောက်အကူ ပြုနေပြီလား။ မိမိအားနည်းနေသေးတဲ့ အချက်တွေမှန်သမျှ ရှာဖွေဖြည့်ဆည်းဖို့ လိုပါတယ်။စာမေးပွဲဝင် စာကျက်ခြင်းသင်ရိုးညွှန်းတမ်းရယ်၊ မေးခွန်းပုံစံရယ်၊ အမှတ်ပေးပုံရယ် သိပြီဆိုရင် စာမေးပွဲမှာ ဘယ်လိုဖြေမလဲဆိုတာကို ဦးတည်ပြီး စာကျက်ရပါမယ်။ ကျက်ပြီးသမျှ စာတွေကို စာမေးပွဲဖြေမယ့်ရက်အထိ စွဲမြဲစွာ မှတ်မိနေရပါမယ်။ အဲဒီလို စာမေးပွဲဝင် စာကျက်ခြင်းကို ဒီဇင်ဘာ ၃၁ ရက်အထိ ကျက်မှတ်ရပါမယ်။ပြန်လှန်လေ့ကျင့်ခြင်းယနေ့မှစ၍ သင်ရိုးကုန် ပြန်လည်သုံးသပ်ရပါမယ်။ အားနည်းနေတဲ့ အပိုင်းတွေကို သက်ဆိုင်ရာ ဆရာ၊ ဆရာမတို့နဲ့ ပြန်ဖြည့်သင်ယူရပါမယ်။ အထူးထုတ် စာအုပ်တွေရဲ့ အရေးကြီးစာတွေ၊ ပါမောက္ခကြီးတို့ရဲ့ ဟောပြောချက်တို့ကို လေ့လာရပါမယ်။ အဲဒီလို လေ့လာပြီးရင် အားနည်းနေတဲ့ ဘာသာ၊ အပိုင်းတို့ကို စာဖတ်ချိန် တိုးမြင့်ပြီး ကျက်ပါ။ မလွှတ်ဘူးဆိုတဲ့ အပိုင်းတွေကို တစ်ပုဒ်လုံး၊ တစ်ပုဒ်မကျန်ပိုင်နိုင် စာရအောင် လုပ်ပါ။ စာကျက်ချိန် သတ်မှတ်ရာမှာ စာကျက်လိုက်၊ ရေထသောက်လိုက်၊ ထမင်းစားလိုက်၊ အညောင်းဆန့်လိုက် လုပ်တာတွေ မပါဘူး။ တစ်နေကုန် ရသမျှအချိန်တိုင်း စာကျက်နေရပါမယ်။ ဖေဖော်ဝါရီ ၁၅ ရက်အထိ အိပ်ရေးပျက်ခံ စာကျက်လို့ ရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ည ၁၂ နာရီအထိသာ စာကျက်သင့်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ ဘာသာခြောက်ခုလုံး ကျက်မှတ်ပြီးသား ဖြစ်နေရမယ်။စာမေးပွဲမေးခွန်းပုံစံ လေ့ကျင့်ခြင်းမေးခွန်းလွှာ ပုံစံပြည့်နဲ့အတူ သုံးနာရီ အတိအကျ လေ့ကျင့်ရမယ်။ လေ့ကျင့်ရာမှာ (၁) လက်ရေးရှင်းလင်းမှု၊ (၂) သုံးနာရီအတွင်း သတ်မှတ်အရေအတွက် ပြည့်မီအောင် ဖြေဆိုနိုင်မှု၊ (၃) မေးခွန်းရဲ့ ဆိုလိုရင်း နားလည်မှု၊ (၄) တစ်ဘာသာချင်းအပေါ် အမှတ်ရနိုင်မှု၊ (၅) မျှော်မှန်းထားသော ဂုဏ်ထူးရမည့် ဘာသာအပေါ် သုံးသပ်မှု၊ (၆) သုံးနာရီဆက်တိုက် တည်တည်ငြိမ်ငြိမ်ထိုင်၍ ဖြေဆိုနိုင်မှု၊ စသည်တို့ကို မတ် လ ၁ ရက်နေ့မှစကာ နံနက် ၉ နာရီမှ ၁၂ နာရီထိ တစ်ကြိမ်၊ ညနေ ၆ နာရီမှည ၉ နာရီထိတစ်ကြိမ်၊ ခြောက်ရက် ဆက်တိုက်လေ့ကျင့်ရန် လိုအပ်ပါမယ်။ (မိဘ၊ အစ်ကို၊ အစ်မတို့ကို အကူအညီတောင်း၍ လေ့ကျင့်သင့်ပါတယ်။) ဖော်ပြပါ နည်းစနစ်အတိုင်း မိမိကိုယ်ကိုယ် မညာစတမ်း၊ မညှာတာစတမ်း လေ့ကျင့်ပြီးပြီဆိုရင် စာမေးပွဲခန်းထဲကို ခြင်္သေ့တစ်ကောင်ကဲ့သို့ ပညာရဲရင့်စွာ ဝင်ရောက်ဖြေဆိုနိုင်မှာ မြေကြီးလက်ခတ် မလွဲပါဘူး။စာမေးပွဲခန်းထဲ မဝင်မီ ပြင်ဆင်ခြင်းစာမေးပွဲခန်းထဲ မဝင်မီ စာမေးပွဲကတ်ပြား၊ စာစစ်ဌာန၊ ခုံနံပါတ်၊ စာရေးကိရိယာ၊ နာရီတစ်လုံး၊ သောက်နေကျဆေး၊ စာစစ်ဌာနသို့ သွားမည့်အစီအစဉ်၊ ထီး၊ ဦးထုပ် ကြိုတင်ပြင်ဆင်ထားပါ။ စာမေးပွဲခန်းထဲ ဝင်ခါနီးအထိ ကြည့်ရမယ့် မှတ်စုတို ပုံသေနည်း စသည့်လိုအပ်ချက်တွေကို မမေ့မလျော့ သုံးရက်ခန့် ကြိုတင်ပြင်ဆင်ပါ။စာမေးပွဲခန်းထဲမှာ စာမေးပွဲခန်းထဲ ရောက်ပြီဆိုရင် ခုံနံပါတ်ကို ပီပီသသ ချရေးပါ။ မေးခွန်းကို စိတ်အေးအေးထား အစမှအဆုံး ဖတ်ပါ။ ဖြေမယ့် မေးခွန်းနံပါတ်ကို မှတ်ထားပါ။ အဖြေနိုင်ဆုံးကို ဦးစွာ စဖြေပါ။ အချိန်နဲ့ အပုဒ်ရေကို ချိန်ဆပါ။ သတ်မှတ်ပုဒ်ရေပြည့်အောင် ဖြေပါ။ သိပ်စဉ်းစားစရာ မလိုတဲ့ အပုဒ်တွေကို အရင်ဖြေပါ။ ဖြေစရာကုန်မှ စဉ်းစားဖြေရမယ့် စာကို စဉ်းစားဖြေဆိုပါ။ဖြေပြီးတဲ့နံပါတ်နဲ့ ရေးထိုးထားတဲ့ နံပါတ်နဲ့ မှန်မမှန်၊ သတ်မှတ်ထားတဲ့ပုဒ်ရေ ပြည့်မပြည့် ပြန်တိုက်ပါ။ အချိန်ပိုနေသရွေ့ ပြန်စစ်နေပါ။ အခွင့်အရေးကောင်းဟာ နောက်တစ်ကြိမ် ထပ်မရနိုင်ပါ။ ဖြစ်နိုင်ရင် သုံးနာရီ အပြည့်ထိုင်ပြီး ရသမျှ အခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်ပါ။ဆုတောင်းမှန်ကန်တဲ့ ကြိုးစားမှုရဲ့ ရလဒ်ကြောင့် ချစ်တပည့်တစ်ယောက် ထူးချွန်စွာအောင်မြင်မှာ အသေချာပါ။ ဒါကြောင့် ချစ်တပည့်လက်ထဲမှာ ရှိနေတဲ့ အောင်မြင်ရေး စေတနာလမ်းညွှန်ကို ဉာဏ်ရှိသလို အသုံးချပြီး ၂၀၁၅ ခုနှစ်ရဲ့ အောင်မြင်သော လူသားတစ်ယောက်အဖြစ် ခံယူနိုင်ပါစေ ချစ်တပည့်။

Most Read

Most Recent