မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် သွင်းကုန်တင်သွင်းမှု များနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလျံနီးပါး ဖြစ်ပေါ်နေ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် သွင်းကုန်တင်သွင်းမှု များနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလျံနီးပါး ဖြစ်ပေါ်နေ
Published 1 February 2015

ဇန်နဝါရီ တတိယပတ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် သွင်းကုန်တင်သွင်းမှု များနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလျံနီးပါးဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၂၄၅၅ ဒသမ ၉၉၈ သန်း (၂၂ ဘီလျံကျော်) ရှိခဲ့ပြီး ယင်းပမာဏတွင် ပို့ကုန်ဝင်ငွေဒေါ်လာ ၉၂၄၃ ဒသမ ၂၈ဝ သန်း (ကိုးဘီလျံကျော်) နှင့် သွင်းကုန်သုံးငွေ ဒေါ်လာ ၁၃၂၁၂ ဒသမ ၇၁၈ သန်း (၁၃ ဘီလျံကျော်) ပါဝင်ကြောင်း သိရသည်။ ပို့ကုန်ဝင်ငွေထက် သွင်းကုန်သုံးစွဲငွေ ပိုများနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၉၆၉ ဒသမ ၄၃၈ သန်း (လေးဘီလျံနီးပါး) ဖြစ်ပေါ်နေကြောင်း သိရသည်။ယခင် ဘဏ္ဍာနှစ် ၂ဝ၁၃-၂ဝ၁၄ တွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံသာ ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် များနေကြောင်း သိရသည်။တရားမဝင်ကုန်သွယ်မှုများကို တားဆီးအရေးယူနေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖြေလျှော့ပေးနေခြင်းများကြောင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာ ကကုန်သွယ်မှုထက် ပိုမိုရရှိနေသည်။ပို့ကုန်ဖွံ့ဖြိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပို့ကုန်ထွန်းကားလာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် တန်ဖိုးမြှင့်ပို့ကုန်ဥပဒေကို ရေးဆွဲနေကြောင်း၊ အလားတူ ပြည်တွင်းလုပ်ငန်းများအတွက် မျှတသည့်ကာကွယ်မှုများပေးနိုင်ရန် Anti Dumping Law နှင့် Safe-Guard Law များကို ရေးဆွဲနေကြောင်း သိရသည်။တိုးတက်များပြားလာသော သွင်းကုန်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော ထိခိုက်နစ်နာမှုများ ပြည်တွင်းထုတ်လုပ်သူများ ခံစားရမှုမှ ကာကွယ်ရန်အတွက် လုပ်ဆောင်ထားသည့် အစီအမံကို Safe Guard  ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပြည်တွင်းထုတ်လုပ်သူများ နစ်နာမှုမရှိစေရန်အတွက် Anti Dumping Law ကိုရေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent