နေပျော်တဲ့ ဘဝ

နေပျော်တဲ့ ဘဝ
Published 1 February 2015
နီမင်းဆွေ

လူတစ်ယောက်ရဲ့ ဘဝမှာ အသက်ရှင်သန် နေထိုင်စဉ် ကာလအတွင်း သူလုပ်ဆောင်ခဲ့တာတွေအပေါ် မူတည်ပြီး လူတန်းစား သုံးမျိုးသုံးစား ခွဲခြားလို့ရတယ်လို့ ဆိုကြပါတယ်။ အဲဒါတွေကတော့ ဘဝတစ်လျှောက်လုံး ကိုယ့်အတွက်ကိုယ်ပဲ လုပ်သွားတဲ့လူ၊ ကိုယ့်အတွက်နဲ့ အများအတွက် မျှမျှတတ လုပ်သွားတဲ့လူနဲ့ ကိုယ့်အတွက်ထက် အများအတွက်ကိုပဲ ဦးစားပေး လုပ်သွားတဲ့လူရယ်ဆိုပြီး ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဘဝနေစဉ် ကာလအတွင်း ကိုယ်လုပ်ဆောင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင် ကျေနပ်သွားဖို့ လိုပါတယ်။ ဒါမှလည်း ငါ့ဘဝဟာ နေပျော်တဲ့ဘဝ ဖြစ်ခဲ့ပါလားလို့ ကျေနပ်စရာ ကောင်းလှတဲ့ အတွေးလေးနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေကို တွေးနေမိတဲ့ အချိန်မှာပဲ ကြေကွဲစရာကောင်းလှတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့ပါတယ်။မစ္စစ်ရိုင်းယန်းဆိုတဲ့ အသက် ၆ဝ အရွယ်နီးပါး ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ၈-၆-၁၉၄၄ ရက်မှာ သူ့ရဲ့ အမေရိကန်ပြည်ထောင်စု “အိုင်းယိုဝါ” ပြည်နယ်က လယ်တောအိမ်ဘက်ကို ကားတစ်စီး မောင်းဝင်လာနေတာကို တွေ့လိုက်ရလို့ အိမ်ရှေ့ထွက်ပြီး ကြည့်မိပါတယ်။ အဲဒီကားဟာ သူ့အိမ်ရှေ့ရောက်တော့ ရပ်လိုက်ပြီး ကားရဲ့ရှေ့ ညာဘက်နံဘေးက အဖြူရောင်ကြယ်ပွင့်ကြီး တစ်ပွင့်ကို တွေ့လိုက်ရတဲ့အခါမှာ မစ္စစ်ရိုင်းယန်း တုန်လှုပ်သွားပါတယ်။ ကားတံခါး နှစ်ချပ်ပွင့်လာပြီး ယူနီဖောင်းနဲ့လူနှစ်ယောက် ကားပေါ်ကဆင်းလာတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ မစ္စစ်ရိုင်းယန်းရဲ့ ခြေထောက်တွေ ပျော့ခွေသွားကြပြီး ဝရန်တာက သမံတလင်းပေါ်မှာ အရုပ်ကြိုးပြတ်သလို လဲကျသွားပါတော့တယ်။ ဒါဟာ သူ့သားတစ်ယောက်ယောက် ရှေ့တန်းမှာ ကျဆုံးသွားတဲ့ သတင်းကို အမေရိကန်တပ်မတော်က တာဝန်ရှိသူတွေ သူ့ဆီကို လာပြီးပြောကြတာကလွဲလို့ တခြားဘာမှ မဖြစ်နိုင်တော့ဘူးဆိုတာကို နားလည်လိုက်ရလို့ပါပဲ။နောက်တစ်ခန်းမှာတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက စစ်ရုံးထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ဂျော့ရှ်မာရှယ်ကို ရိုက်ပြပါတယ်။ သူ့လက်အောက်မှာ အမှုထမ်းနေကြတဲ့ စစ်ရုံးက ဝန်ထမ်းတွေက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မစ္စစ်ရိုင်းယန်းဆိုသူရဲ့ သားလေးယောက်စလုံးဟာ တိုက်ပွဲဝင်နေကြပြီး သုံးယောက်ဟာ တိုက်ပွဲကျသွားကြတဲ့အကြောင်း၊ ဒါ့ကြောင့် မစ္စစ်ရိုင်းယန်းဆီကို တစ်ရက်တည်းမှာပဲ သားတွေကျဆုံးသွားကြပြီဆိုတဲ့ ကြေးနန်းစာသုံးစောင်ကို ပေးပို့ခဲ့ရတဲ့အကြောင်း သတင်းပို့ကြပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီးက စိတ်ထိခိုက်သွားပြီး သမ္မတ အေဘရာဟင်လင်ကွန်း လက်ထက်တုန်းက ရေးခဲ့တဲ့ Bixby Letter ဆိုတဲ့ စာလေးတစ်စောင်အကြောင်း သူ့လက်အောက်က အရာရှိကြီးတွေကို ပြောပြပါတယ်။ အဲဒီစာလေးကတော့ ၂၁-၂-၁၈၆၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့က “လစ်ဒီယာဘစ်စဘီ”  Lydia Bixby ဆိုတဲ့ မုဆိုးမတစ်ဦးဆီကို သမ္မတကြီးလင်ကွန်း ရေးခဲ့တဲ့ စာလေးပါပဲ။အဲဒီအချိန်က အမေရိကားမှာ ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်နေတဲ့အချိန် ဖြစ်ပါတယ်။ မစ္စစ်ဘစ်စဘီရဲ့ သားငါးယောက်စလုံးဟာ တိုက်ပွဲမှာ ကျဆုံးသွား ကြပါတယ်။ ဒါကြောင့် စစ်သည်တွေရဲ့ မိခင်ဆီကို သမ္မတလင်ကွန်းကိုယ်တိုင် စာရေးနှစ်သိမ့်ခဲ့ပြီး အဲဒီစာဟာ လင်ကွန်းရေးခဲ့တဲ့ “ဂက်တီစဘတ် တိုက်ပွဲမိန့်ခွန်း” နီးပါးတမျှ ပြည်သူတွေရဲ့ရင်ကို ထိခိုက်စေခဲ့ပါတယ်။ စာကြောင်းရေ ဆယ်ကြောင်းလောက်ပဲပါတဲ့ အဲဒီစာထဲမှာ သူဒီစာကို ရေးရတာ ဘယ်လိုမှ အားမရှိကြောင်း၊ ဒီစာဟာ မစ္စစ်ဘစ်စဘီရဲ့ ပူဆွေးသောကကို ဖြေသိမ့်နိုင်စေလိမ့်မယ်လို့လည်း သူမထင်မိကြောင်း၊ ဒါပေမဲ့ သားဖြစ်သူတို့ရဲ့ ကျဆုံးသွားမှုဟာ အမိနိုင်ငံတော်ကြီးကို ကယ်တင်ဖို့ ကျဆုံးသွားကြတာဖြစ်လို့ ပြည်သူအားလုံးက သူတို့ကိုယ်စား ဂုဏ်ယူနေကြမှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဘုရားသခင်က မစ္စစ်ဘစ်စဘီရဲ့ ရင်ထဲက ပူဆွေးသောကတွေကို ဖြေသိမ့်ပေးနိုင်ပါစေ၊ ချစ်မြတ်နိုးရတဲ့ သားတွေနဲ့အတူ နေခဲ့ရတဲ့ အချိန်ကာလတွေကို မစ္စစ်ဘစ်စဘီ အမြဲသတိရနေနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါစေလို့ သူဆုတောင်းနေမိပါကြောင်း ဆိုတာလေးတွေလောက်ကိုပဲ သမ္မတကြီးက ရေးသားထားပါတယ်။ ဒီစာလေးကိုဖတ်ပြီး တစ်ကမ္ဘာလုံးက ယူကျုံးမရ ဖြစ်ကြရပါတယ်။ ငါသာ မစ္စစ်ဘစ်စဘီ နေရာမှာဆိုရင် ဘယ်လိုများ နေမှာပါလိမ့်မလဲလို့ တွေးတောင်တွေးရဲတဲ့သူ ကမ္ဘာပေါ်မှာ ရှိမယ်မထင်ပါဘူး။
လူတစ်ယောက်ရဲ့ ဘဝမှာ အသက်ရှင်သန် နေထိုင်စဉ် ကာလအတွင်း သူလုပ်ဆောင်ခဲ့တာတွေအပေါ် မူတည်ပြီး လူတန်းစား သုံးမျိုးသုံးစား ခွဲခြားလို့ရတယ်လို့ ဆိုကြပါတယ်။ အဲဒါတွေကတော့ ဘဝတစ်လျှောက်လုံး ကိုယ့်အတွက်ကိုယ်ပဲ လုပ်သွားတဲ့လူ၊ ကိုယ့်အတွက်နဲ့ အများအတွက် . . . . .

လင်ကွန်းရဲ့ အဲဒီစာလေးကို ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်က ပြန်ဖတ်ပြပြီး မစ္စစ်ရိုင်းယန်းရဲ့ အငယ်ဆုံးရင်သွေးဖြစ်တဲ့ ရဲဘော်ရိုင်းယန်းရော အခု ဘယ်နေရာမှာ ရှိနေလဲလို့ မေးပါတယ်။ ရဲဘော်ရိုင်းယန်းဟာလည်း နော်မန်ဒီကမ်းတက် စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ လေထီးတပ်သားတစ်ယောက် ဖြစ်ပါတယ်။ ၆-၆-၁၉၄၄ ရက်နေ့ နော်မန်ဒီကမ်းတက် စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ စစ်သည်တွေထဲမှာ ကံကောင်းသူ ရှားပါတယ်။ အဲဒီအထဲက လေထီးစစ်သည်တွေကတော့ တကယ့်ကို ကံဆိုးသူ မောင်ရှင်တွေပါပဲ။ ရာသီဥတု ဆိုးရွားလှတဲ့ အဲဒီ D-day နေ့ မနက် အလင်းရောင်မဲ့တဲ့ အချိန်မှာ လေထီးနဲ့ ရန်သူ့နယ်မြေထဲကို ဘုရားတပြီး ခုန်ဆင်းကြရတာမို့ မူလကသတ်မှတ်ထားတဲ့နေရာပေါ် တည့်တည့်မတ်မတ် ခုန်ဆင်းနိုင်ခဲ့တဲ့ လေထီးတပ်ရင်းရယ်လို့ မရှိခဲ့သလောက်ပါပဲ။ ရန်သူတွေထောင်ထားတဲ့ ရွံ့အိုင်တွေထဲ ကျသူကကျ၊ နောက်ကနေ စစ်ကူလိုက်လာကြတဲ့ ဂျာမန်တပ်ရင်းတွေရဲ့ ရှေ့တည့်တည့်ကို ခုန်ဆင်းမိသူက ဆင်းမိ၊ မြို့တစ်မြို့နဲ့ လေးမိုင်အကွာလောက်မှာ ခုန်ဆင်းကြရမယ့်အစား ဂျာမန်စစ်သားတွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီမြို့ရဲ့ အလယ်ကောင်တည့်တည့်ထဲကို ခုန်ဆင်းမိတဲ့ တပ်ရင်းကလည်း ဆင်းမိသွားကြပါတယ်။ ရဲဘော်ရိုင်းယန်းဟာ အဲဒီလို တပ်ရင်းမျိုးတွေထဲက လေထီးစစ်သည်တစ်ယောက်ဖြစ်ပြီး သေသလားရှင် သလားဆိုတာကို ခုချိန်ထိ ဘယ်သူမှ မသိကြရဘဲ ပျောက်နေပါတယ်။ ဒါနဲ့ပဲ ဗိုလ်ချုပ်ကြီးမာရှယ်က ရဲဘော်ရိုင်းယန်းကို မတွေ့တွေ့အောင်ရှာပြီး နောက်တန်းကိုပြန်ပို့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါနဲ့ပဲ “ရဲဘော်ရိုင်းယန်းကို ကယ်တင်ခြင်း” Saving Private Ryan ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ထဲမှာ ပေါ်ထွက်လာခဲ့ရတော့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အစပိုင်း ၂၇ မိနစ်စာ ပြသွားတဲ့ ၆-၆-၁၉၄၄ ရက်နေ့မနက် နော်မန်ဒီကမ်းတက်တိုက်ပွဲ မြင်ကွင်းဟာ ကြည့်ရဲစရာ ကြည့်ရက်စရာ မရှိပါဘူး။ ကမ်းတက်ရေယာဉ်တွေပေါ်ကနေ ဆင်းလာပြီး အကာအကွယ်မဲ့နေကြတဲ့ အမေရိကန်ကမ်းတက် စစ်သည်တွေဟာ ဂျာမန်စက်သေနတ်တွေရဲ့အောက်မှာ အတုံးအရုံးနဲ့ ကျဆုံးခဲ့ကြရပါတယ်။ အဲဒီလို ကျဆုံးကြရတဲ့နေ့ဖြစ်တဲ့ D-Day လွန်ပြီးနောက် သုံးရက်မြောက်တဲ့နေ့မှာ အမေရိကန်လေကြောင်းချီ တပ်ရင်းတစ်ရင်းက ဗိုလ်ကြီးမင်းလား (Tom Hanks) ဆီကို ကြေးနန်းတစ်စောင် ရောက်လာပါတယ်။ ကြေးနန်းစာထဲမှာတော့ လေကြောင်းချီတပ်က တပ်သားရိုင်းယန်းကို မရရအောင်ရှာ၊ တွေ့ရင်နောက်တန်းကို အမြန်ပြန်ပို့လို့ ညွှန်ကြားထားပါတယ်။အဲဒီအမိန့်ကြောင့် ဗိုလ်ကြီးမင်းလားဟာ သူ့တပ်ခွဲက သူအပါအဝင် စစ်သည်ခုနစ်ယောက်၊ တခြားတပ်မက ပြင်သစ်နဲ့ ဂျာမန်စကားကျွမ်းကျင်သူတစ်ယောက် ပေါင်းလူရှစ်ယောက်နဲ့ တပ်ဖွဲ့ငယ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ကပဲ တပ်သားရိုင်းယန်းကို လိုက်ရှာကြပါတယ်။ တွေ့တဲ့အခါမှာ ရဲဘော်ရိုင်းယန်းဟာ အစ်ကိုသုံးယောက်စလုံး ကျဆုံးသွားတာကို သိလိုက်ရတဲ့အတွက် အတော်စိတ်ထိခိုက်သွားပါတယ်။ ဒါပေမဲ့ သူ့ကိုနောက်တန်းပြန်ဖို့ ပြောလို့တော့ မရတော့ပါဘူး။ “အခု ဒီမှာရှိနေတဲ့ ရဲဘော်တွေက မသေလို့ ကျန်နေသေးတဲ့ ကျွန်တော့်ရဲ့ အစ်ကိုတွေပဲ၊ အဲဒီ အစ်ကိုတွေနဲ့ ကျွန်တော် ဆက်နေနေတယ်လို့ပဲ အမေ့ကို ဗိုလ်ကြီးပြန်ပြောပြလိုက်တော့ဗျာ” လို့ ရိုင်းယန်းကပြောလို့ မင်းလားဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ နောက်ဆုံးမှာ ရိုင်းယန်းဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် သူ့အသက်ကို ကယ်ဖို့ကြိုးစားခဲ့တဲ့ ဗိုလ်ကြီးမင်းလားကတော့ ရိုင်းယန်းတို့နဲ့အတူ ဂျာမန်တွေကို ဆက်လက်တိုက်ပွဲဝင်ရင်း ရိုင်းယန်းကိုရှာဖို့ ကြေးနန်းစာရပြီး နောက်သုံးရက်အကြာ ၁၃-၆-၁၉၄၄ ရက်နေ့မှာပဲ တပ်ဖွဲ့ငယ်ထဲက ရဲဘော်ရဲဘက်ငါးဦးနဲ့အတူ ကျဆုံးသွားခဲ့ရပါပြီ။ဇာတ်ကားရဲ့ အဆုံးမှာတော့ အသက်ရှစ်ဆယ် အရွယ်လောက်ရှိနေပြီဖြစ်တဲ့ စစ်ပြန်ကြီး ရဲဘော်ရိုင်းယန်းဟာ နော်မန်ဒီကမ်းခြေပေါ်က အမေရိကန် စစ်သင်္ချိင်းကို သားသမီးမြေးမြစ်တို့နဲ့အတူ ရောက်လာပါတယ်။ ဗိုလ်ကြီးမင်းလားရဲ့ အုတ်ဂူရှေ့ရောက်တော့ ရိုင်းယန်းဟာ စိတ်မထိန်းနိုင်လို့ ငိုကြွေးမိပါတယ်။ “ဒီလူတွေဟာ ငါ့အတွက် သေခဲ့ကြရတာပဲ၊ ငါအသက်ရှင်သန် နေခဲ့တဲ့ ကာလတစ်လျှောက် ဒီလူတွေ ငါ့အတွက် အသက်ပေးသွားကြရလောက်အောင် တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ငါဖြစ်မှဖြစ်ခဲ့ရဲ့လား” လို့ ဇနီးသည်ဖြစ်သူကို မေးပါတယ်။ ဇနီးသည်က “ရှင် ဖြစ်ပါတယ်” လို့ ပြန်ပြောလိုက်တဲ့အချိန်မှာ စစ်ပြန်အဖိုးကြီးဟာ ရုတ်တရက် သတိဆွဲလိုက်ပြီး ဗိုလ်ကြီးမင်းလားရဲ့ အုတ်ဂူကို အလေးပြုလိုက်ပါတယ်။ ရုပ်ရှင်လည်း ဒီနေရာမှာပဲ ပြီးဆုံးသွားပါတော့တယ်။သားငါးယောက် ကျဆုံးသွားတာပဲဖြစ်ဖြစ် သားတစ်ယောက် ကျဆုံးတာပဲဖြစ်ဖြစ် ကိုးလလွယ် ဆယ်လမွေးခဲ့ရတဲ့ မိခင်တွေခမျာမှာတော့ ရင်ကျိုးရတာပါပဲ။ စစ်ဆိုတာ အင်မတန် ဆိုးယုတ်လှပါတယ်။ ဒါ့ကြောင့် စစ်ကို ဖန်တီးတဲ့သူတွေဟာ လောကဇာတ်ခုံပေါ်မှာ မျက်နှာမရကြပါဘူး။ သူတို့ဟာ လူငယ်တွေကို သေကျေစေပြီး မိခင်တွေကို ပရိဒေဝ သောကမီးတောက် လောင်စေသူတွေ ဖြစ်ကြပါတယ်။ စစ်ကို ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်သူတွေရဲ့ အပါးမှာတော့ မင်္ဂလာအပေါင်းဟာ အစဉ်ခညောင်းနေပြီး ဒီလူတွေဟာ သေခါနီး အချိန်လေးမှာ “ငါ့ဘဝဟာ နေပျော်တဲ့ ဘဝလေး ဖြစ်ခဲ့ပါလား၊ ကျေနပ်စရာ ကောင်းလှပါလား” ဆိုတဲ့ အတွေးမျိုးနဲ့ သေကြရမယ့် လူစားထဲမှာ ပါဝင်သွားကြမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ ကိုယ်တို့နိုင်ငံက စစ်ပွဲတွေကို ချုပ်ငြိမ်းအောင် လုပ်နိုင်တဲ့လူတွေ ကိုယ်လုပ်စရာရှိတာကို အမြန်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှသာ မစ္စစ်ဘစ်စဘီတွေ မစ္စစ်ရိုင်းယန်းတွေ ကိုယ်တို့နိုင်ငံမှာ ထပ်ပေါ်မလာမှာ ဖြစ်ပါတယ်။ လူငယ်တွေကို ထပ်ပြီး မသေစေချင်တော့သလို ဘယ်သားသည် အမေကိုမှလည်း ပရိဒေဝ သောကမီး မတောက်လောင်စေချင်ပါဘူး။ ဒါ့အပြင် တာဝန်ရှိတဲ့လူတွေရဲ့ အပါးမှာ မင်္ဂလာအပေါင်း ခညောင်းနေစေချင်သလို သူတို့ရဲ့ ဘဝတွေဟာလည်း နေပျော်တဲ့ဘဝတွေ ဖြစ်စေချင်တာ အမှန်ပါပဲ။